ယီမင်သည် မျက်စိရှေ့မှာပင် ပြိုလဲပျက်စီးနေပြီဟု လုံခြုံရေးကောင်စီကို ဘန်ကီမွန် သတိပေး

ယီမင်သည် မျက်စိရှေ့မှာပင် ပြိုလဲပျက်စီးနေပြီဟု လုံခြုံရေးကောင်စီကို ဘန်ကီမွန် သတိပေး
Published 13 February 2015

ပရမ်းပတာ အခြေအနေ အတွင်းသို့ ယီမင်နိုင်ငံ မကျရောက်သွားစေရေးအတွက် ဟန့်တားရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဖေဖော်ဝါရီ ၁၂ ရက်တွင် မေတ္တာရပ်ခံခဲ့ပြီး “သင်တို့ မျက်စိရှေ့မှာပဲ ပြိုလဲပျက်စီးနေပါပြီ” ဟု သတိပေးခဲ့သည်။ဘန်ကီမွန်သည် ယီမင်နိုင်ငံတွင် ပြည်တွင်းစစ် မဖြစ်ပွားစေရန် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့သို့ သွားရောက်၍ ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် အဖွဲ့ဝင် ၁၅ နိုင်ငံပါသည့် လုံခြုံရေးကောင်စီကို သတိပေးခဲ့ခြင်း ဖြစ်သည်။ နေအိမ်အကျယ်ချုပ် ခံထားရသော သမ္မတ အဘီဒရာဘိုမန်ဆွာဟာဒီနှင့် ဝန်ကြီးချုပ်တို့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးရန်လည်း လက်ရှိ အာဏာချုပ်ကိုင်ထားသော ဟူသီရှီအိုက် ပြည်သူ့စစ်များကို တောင်းဆိုခဲ့သည်။ယီမင်နိုင်ငံတွင် ဟူသီပြည်သူ့စစ်က အာဏာသိမ်းလိုက်သည်ဟု ပြောကြားခဲ့သော ဆော်ဒီအာရေဗျဘုရင် ဆယ်မန်နှင့်လည်း ဘန်ကီမွန်က ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာ ဟာဒီကို သမ္မတရာထူး ပြန်လည်ပေးအပ်ရန်လည်း ဘန်က ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်တွင် တောင်းဆိုခဲ့သည်။အယ်ကေးဒါးတို့နှင့် တိုက်ခိုက်ရာ၌ အမေရိကန်တို့၏ အဓိက မဟာမိတ်ဖြစ်သည့် ယီမင်နိုင်ငံတွင် ဟူသီပြည်သူ့စစ်များသည် မြို့တော်ဆာနာကို စက်တင်ဘာကတည်းက သိမ်းပိုက်ထားကြခြင်းဖြစ်ပြီး အစိုးရအဖွဲ့ကို ပြီးခဲ့သည့် သီတင်းပတ်က ဖြုတ်ချလိုက်ခြင်းဖြစ်သည်။ယီမင်သည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ အထူးသံတမန် ဂျမဲဘီနိုမာက သတိပေးခဲ့သည်။ “ယီမင်နိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားမလား။ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သွားဖို့ နည်းလမ်းရှာကြမလားဆိုတဲ့ လမ်းဆုံမှာ ရောက်နေပါတယ်” ဟု ဘီနိုမာက ပြောကြားခဲ့သည်။ယီမင်နိုင်ငံအတွက် လုံခြုံရေးကောင်စီဘက်မှ ရပ်တည်ပေးရေးအတွက် ဆုံးဖြတ်ချက်ချရန် ဂျော်ဒန်နှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံနှင့် တံခါးပိတ် ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ဗြိတိန်က ပြောကြားခဲ့သည်။ ယခုလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တရုတ်သံတမန် လျူကျေးယီက ကောင်စီ၏ ဆုံးဖြတ်ချက်သည် ယီမင်နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်စေရန် အကောင်းဆုံး ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဟူသီပြည်သူ့စစ်များကို မြို့တော်မှ ဆုတ်ခွာရန်နှင့် ၎င်းတို့ကို ပြင်းထန်သည့် ဆုံးဖြတ်ချက်ချရန် ရှရှားနိုင်ငံ အနေဖြင့် ချီတုံချီချ ဖြစ်နေမည်ကို ကုလသမဂ္ဂ သံတမန်များက စိုးရိမ်နေကြကြောင်း သိရသည်။Ref:AFP

Most Read

Most Recent