မြောက်ကိုရီးယားက ကြီးမားသော စစ်ရေးပြပွဲကို အောက်တိုဘာတွင် ပြုလုပ်မည်

မြောက်ကိုရီးယားက ကြီးမားသော စစ်ရေးပြပွဲကို အောက်တိုဘာတွင် ပြုလုပ်မည်
Published 13 February 2015
မြောက်ကိုရီးယားရေတပ်တွင် တပ်ဆင်မည့် သင်္ဘောဖျက် ဒုံးကျည်အား စမ်းသပ်ပစ်ခတ်နေပုံကို ဖေဖော်ဝါရီ ၈ ရက်က နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်သည့်ဓာတ်ပုံ၌ တွေ့ရစဉ် (Photo:AFP)

မြောက်ကိုရီးယားက ၎င်းတို့၏ စစ်ရေးအင်အားကို ပြသရန်အတွက် ယခုနှစ်တွင် ကြီးမားပြီး အရေးပါသော စစ်ရေးပြပွဲတစ်ခု ပြုလုပ်သွားမည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် အာဏာရ အလုပ်သမားပါတီက ထုတ်ပြန်ခဲ့ပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံ၏ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်နိုင်ရန်အတွက် အလွန်အဆင့်မြင့်သော လက်နက်များ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ ပါဝင်မည့် ယင်းပြပွဲသည် အောက်တိုဘာ ၁၀ ရက်တွင် ကျရောက်မည့် အာဏာရ အလုပ်သမားပါတီ ထူထောင်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တစ်ခုအရ သိရသည်။ ယင်းကဲ့သို့ ကြီးကျယ်သောစစ်ရေးပြပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင်တွင် နောက်ဆုံးပြုလုပ်ခဲ့သည်။ ၂ နာရီ ကြာမြင့်ခဲ့သော ယင်းပြပွဲတွင် ဘဲအုပ်များ အုပ်စုဖွဲ့သွားလာသည့် ပုံစံဖြင့် စစ်သားများချီတက်မှု၊ တင့်ကားများနှင့် ဒုံးပစ်စင်များ အပါအဝင် စစ်ရေးအင်အားနှင့် မျိုးချစ်စိတ်ဓာတ် ပြင်းထန်မှုတို့ကိုပါ ပြသခဲ့ကြောင်း သိရသည်။ယင်းစစ်ရေးပြပွဲကို ပုံမှန်အားဖြင့် ပြုံယမ်းရှိ ကင်အီဆွန်းရင်ပြင်၌ ပြုလုပ်လေ့ရှိပြီး မြောက်ကိုရီးယားစစ်ဘက်က စစ်လက်နက် ထုတ်လုပ်မှုတွင် မည်သည့်အဆင့်သို့ ရောက်ရှိနေကြောင်းကို အနီးကပ် အကဲခတ်ခွင့် ရရှိမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ် စစ်ရေးချီတက်မှုတွင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးကို ပြသခဲ့သော်လည်း ကျွမ်းကျင်သူများက ယင်းဒုံးကျည်သည် အစစ် သို့မဟုတ် အတုအယောင် ဟုတ်မဟုတ်ကို အချေအတင် ဆွေးနွေးခဲ့ကြသည်။မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှု သုံးကြိမ်ပြုလုပ်ထားပြီး လေးကြိမ်မြောက် စမ်းသပ်မှု ပြုလုပ်မည်ဟုလည်း အကြိမ်ကြိမ် ခြိမ်းခြောက်ထားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဂြိုဟ်တုတစ်လုံး ပါဝင်သည့် ဒုံးပျံတစ်စင်းကိုလည်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။Ref:AFP

Most Read

Most Recent