ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံနှင့် ညီ မညီ ဆုံးဖြတ်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက ခုံရုံးဥက္ကဋ္ဌထံစာပို့

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံနှင့် ညီ မညီ ဆုံးဖြတ်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက ခုံရုံးဥက္ကဋ္ဌထံစာပို့
Published 12 February 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံနှင့် ညီ မညီဆုံးဖြတ်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယကက ခုံရုံးဥက္ကဋ္ဌထံ ဖေဖော်ဝါရီ ၁၁ ရက်က အကြောင်းကြားစာပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ပြည်ထောင်စုလွှတ်တော်နာယကမှ ခုံရုံးဥက္ကဋ္ဌထံပေးပို့သည့်စာတွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ရှိသူများအဖြစ် သတ်မှတ်ပြဋ္ဌာန်းခြင်းအကြောင်းအရာသည် တည်ဆဲဥပဒေအချို့အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆက်စပ်လျက်ရှိသည်ဟုယူဆကြောင်း၊ သို့ပါ၍ တည်ဆဲဥပဒေအချို့နှင့်ဆက်စပ်မှုအရ ယင်းဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (က) တွင် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့်ရှိသူများအဖြစ် အတည်ပြုပြဋ္ဌာန်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ သဘောထားရယူလိုပါသဖြင့် ပြန်ကြားပေးနိုင်ပါရန် ပေးပို့အပ်ပါသည်ဟု ဖော်ပြထားကြောင်း သိရသည်။သူရဦးရွှေမန်းက "ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဝှိုက်ကတ်ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရရှိတဲ့အပေါ် ဆန္ဒတွေဖော်ထုတ်မယ်ဆိုတာတွေကြားရပါတယ်။ ဥပဒေအရပြဋ္ဌာန်းလိုက်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ အခု သမ္မတကလက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ်ပြဋ္ဌာန်းပြီးပါပြီ။ ဒီအပေါ်မှာပြင်ဆင်ချင်တယ်၊ ပြင်ဆင်ဖို့လိုတယ်ဆိုပြီး သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းကနေပြီးတော့ ပြင်ဆင်ဖို့အဆိုတင်လာရင်တော့ ဒီအပေါ်မူတည်ပြီးတော့ ပြည်ထောင်စုလွှတ်တော်က ဒီဥပဒေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ရမှာပါ" ဟုပြောကြားသည်။သတင်းထောက်တစ်ဦးက ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်က မည်သို့ဆောင်ရွက်ရန်ရှိပါသလဲ၊ ကိုယ်စားလှယ်တွေကလည်း ဖွဲ့စည်းပုံနှင့် ညီ မညီ ဆုံးဖြတ်ပေးရန် ခုံရုံးသို့ပေးပို့ထားသည်ဟုသိရကြောင်းမေးမြန်းသည်။အဆိုပါမေးမြန်းမှုအား ပြည်ထောင်စုလွှတ်တော်နာယကက "ဒီဥပဒေကြမ်းကိုစဆွေးနွေးတုန်းက ဝှိုက်ကတ်ကိုင်ဆောင်သူတွေ မဲပေးခွင့်မရှိဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော်ကအတည်ပြုကာ နိုင်ငံတော်သမ္မတထံပေးပို့ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတဆီကပြန်လာတဲ့သဝဏ်လွှာမှာတော့ မဲပေးခွင့်ပြုသင့်တယ်ဆိုပြီး မှတ်ချက်ပါလာပါတယ်။ အဲဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ပြန်လည်ဆွေးနွေးတဲ့အခါမှာ နိုင်ငံတော်သမ္မတရဲ့သဘောထားမှတ်ချက်အတိုင်း အတည်ပြုခဲ့တယ်" ဟုပြောကြားသည်။ဆက်လက်၍ "ဒီဝှိုက်ကတ်ကိစ္စကို မီဒီယာတွေကလည်းစိတ်ဝင်စားတယ်။ ပြည်သူတွေကလည်းစိတ်ဝင်စားတယ်။ ပြောရမယ်ဆိုရင် အမျိုးသားပညာရေးဥပဒေကြမ်းထက်တောင် ပိုပြီးစိတ်ဝင်စားကြတယ်။အများပြည်သူကလည်းစိတ်ဝင်စားတယ်။ အများပြည်သူကစိတ်ဝင်စားတဲ့အတွက် ပြည်သူတွေ သံသယမဖြစ်အောင်ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်နာယကအနေနဲ့ ဆောင်ရွက်သင့်တယ်ထင်လို့ ခုံရုံးကိုပေးပို့ဖို့စဉ်းစားတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကသာ အဆုံးအဖြတ်ပေးနိုင်မှာပါ။ ဖွဲ့စည်းပုံနဲ့ ညီ မညီဆိုတာကို။ ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း မှန်ကန်တဲ့ဥပဒေဖြစ်ဖို့လိုအပ်တယ်။ဒီဥပဒေအပေါ်မှာ ပြည်သူတွေကြားမှာ ထင်ကြေးတွေပြောနေတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် ပြည်ထောင်စုလွှတ်တော်နာယကအနေနဲ့ တာဝန်ရှိတယ်လို့ယူဆတဲ့အတွက် ဒီနေ့ပေးပို့ခဲ့တာပါ" ဟုပြောကြားသည်။ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဦးဆောင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၇ ဦး၏ သဘောတူလက်မှတ်ရေးထိုးကာ ဝှိုက်ကတ်ကိုင်ဆောင်သူများအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ မရှိဆုံးဖြတ်ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ခုံရုံးသို့ပေးပို့ထားကြောင်း သိရသည်။

Most Read

Most Recent