ခြံငယ် ရာခိုင်နှုန်း ၉၀ ကျော်ရှိ မြန်မာနိုင်ငံတွင် ရော်ဘာဈေး ဆက်လက်ကျဆင်းနေသောကြောင့် ထုတ်လုပ်မှုစရိတ်အောက် ရောက်လုနီးဖြစ်နေ

ခြံငယ် ရာခိုင်နှုန်း ၉၀ ကျော်ရှိ မြန်မာနိုင်ငံတွင် ရော်ဘာဈေး ဆက်လက်ကျဆင်းနေသောကြောင့် ထုတ်လုပ်မှုစရိတ်အောက် ရောက်လုနီးဖြစ်နေ
Published 11 February 2015
ချမ်းမြေ့သူ၊ မို့မို့

ခြံငယ် ၉ဝ ရာခိုင်နှုန်းကျော်ရှိသည့် မြန်မာနိုင်ငံတွင် ရော်ဘာဈေးဆက်လက်ကျ ဆင်းနေခြင်းကြောင့် ထုတ်လုပ်မှုစရိတ် အောက်ရောက်လုနီး အခြေအနေဖြစ်ပေါ်နေကြောင်း ရော်ဘာခြံလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
ပြည်တွင်းရော်ဘာဈေးနှုန်းမှာ နိုင်ငံတကာ ရော်ဘာဈေးကျဆင်းမှုနှင့်အတူ လိုက်ပါကျဆင်းနေပြီး ယခင်က ပြည်တွင်း၌ တစ်ပေါင်လျှင် ကျပ် ၈ဝဝ နှင့် ၁ဝဝဝ ကြား ပေါက်ဈေးရှိခဲ့သည့် RSS 3 အမျိုးအစားမှာ ယခုအခါ တစ်ပေါင်လျှင် ကျပ် ၅ဝဝ ကျော် ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။
နိုင်ငံတကာ ဈေးကွက်တွင်လည်း RSS 3 အမျိုးအစား တစ်တန်လျှင် ဒေါ်လာ ၂၅ဝဝ-၃ဝဝဝ ကြားရှိခဲ့ရာမှ ယခုအခါ တစ်တန်လျှင် ဒေါ်လာ ၁၆ဝဝ ဝန်းကျင်၌သာ အတက်အကျ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရော်ဘာဈေးနှုန်းမှာ ၂ဝ၁၃ ခုနှစ် နောက်ပိုင်းမှစ၍ ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်နေခြင်းဖြစ်ကာ နိုင်ငံတကာဈေးကွက်တွင်ပင် ဈေးနှုန်းကျဆင်းနေခြင်း ဖြစ်သည့်အတွက် ပြည်တွင်း၌လည်း အကျဈေးဖြစ်ပေါ်နေခြင်းဖြစ်ပြီး ခြံငယ်များမှထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကိုမူ အရည်အသွေး အပေါ်မူတည် ၍ ဈေးဖြတ်ဝယ်ယူမှုများ ပြုလုပ်ကြကြောင်း သိရသည်။
“အခုရော်ဘာဈေး ကျနေတဲ့အချိန် ခြံငယ်တွေ အထိနာနေပြီ။ ခြံငယ်ကလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပြောမယ်ဆိုရင် ရာခိုင်နှုန်း ၉ဝ လောက်ရှိတယ်။ ခြံငယ်တွေက ထွက်ရှိတဲ့ ရော်ဘာကုန်ကြမ်းတွေက အရည်အသွေး ကောင်းတယ်ဆိုရင် ဈေးကျလည်း အထိသိပ်မနာဘူးပေါ့။ ကိုယ်ထုတ်လုပ်တဲ့ အရည်အသွေးအတိုင်း ဈေးရ မှာကို။ အခုက ဈေးကျနေတဲ့အချိန် အရည်အသွေးပိုင်းကိုလည်း ကောင်းအောင် မထုတ်လုပ်ဘူးဆိုရင် ရတဲ့ငွေက အလုပ်သမားစရိတ်နဲ့ ခြံထိန်းသိမ်းခလောက်ပဲရှိမယ်။ အခုအချိန်မှာ ခြံငယ်တွေအနေနဲ့ အရည်အသွေးပိုင်းကို အရင်ထက်ကောင်းအောင် လုပ်သင့်တယ်” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း အတွင်းရေးမှူး  ဦးခိုင်မြင့်က ပြောကြားသည်။
ရော်ဘာခြံငယ်များအနေဖြင့် ထွက်ရှိလာသည့် ရော်ဘာကုန်ကြမ်းများကို ဒေသ အလိုက်ဖွင့်လှစ်ထားသည့် အဝယ်ဒိုင်တွင် သွားရောက်ရောင်းချကြရပြီး အဝယ်ဒိုင်က ရော်ဘာအရည်သွေးကိုကြည့်၍ ဈေးဖြတ် ဝယ်ယူကြကြောင်း သိရသည်။
ရော်ဘာဈေးကျဆင်းမှုကြောင့် ခြံရှင်များနစ်နာနေမှုများကို သံဖြူဇရပ်ရှိရော်ဘာ စိုက်ပျိုးထုတ်လုပ်သူတစ်ဦးက “ခြံငယ်တွေ က တစ်ရက်ကို ရော်ဘာပြား ၂ဝ၊ ၃ဝ လောက်ထုတ်နိုင်တယ်။ အပင် ၂ဝဝဝ ခြစ် တဲ့သူဆိုရင် ပေါင် ၁ဝဝ လောက်ရတယ်ပေါ့။ ဈေးမကျခင်တုန်းကဆိုရင် တစ်ပေါင်ကို ၅၈ဝ လောက်ရှိတာ အခု ၄၂ဝ ကျော် လောက်ပဲရှိတော့ တစ်ပေါင်ကို ၁၆ဝ လောက်ကွာသွားတယ်။ အဲဒီအတွက် တစ်ရက်ကို ၁၆ဝဝဝ ကျပ် လောက်နာနေတယ်။ အခု အစေးပိတ်မယ့် ရာသီရောက်တော့မယ်။ အရွက်ကြွေနေတော့ ခြစ်လို့မရတော့ဘူး။ အစေးရရှိမှုကလည်း နည်းသွားပြီး တစ်ရက်ပေါင် ၈ဝ လောက်ပဲထွက်တော့တယ်။ အခုက အစေးထွက်နည်းနေတဲ့အချိန် ဈေးကလည်း ကျနေတော့ ပိုအထိနာတယ်” ဟု ပြောကြားသည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း၌ နိုင်ငံတကာဈေးကွက်၌ RSS 3 အမျိုးအစား တစ်တန်လျှင် ဒေါ်လာ ၁၆ဝဝ ဝန်းကျင်ရှိပြီး ပြည်တွင်းဈေးကွက်တွင် RSS 3 အမျိုးအစား တစ်ပေါင်လျှင် ကျပ် ၅၃ဝ၊ RSS 1 အမျိုးအစားတစ်ပေါင်လျှင် ကျပ် ၆၅ဝ နှင့် RSS 5 အမျိုးအစား တစ်ပေါင်လျှင် ကျပ် ၄၃ဝ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။
 
 

Most Read

Most Recent