ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုများ မဲခွဲရာတွင် မြန်မာအသင်း ထိပ်သီးအသင်းများကို ရှောင်ရှားနိုင်ခဲ့ပြီး အုပ်စု (က) ၌ အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုများ မဲခွဲရာတွင် မြန်မာအသင်း ထိပ်သီးအသင်းများကို ရှောင်ရှားနိုင်ခဲ့ပြီး အုပ်စု (က) ၌ အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်
Published 11 February 2015

မြန်မာ ယူ-၂၀ အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်က နယူးဇီလန်နိုင်ငံ၊ အော့လန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ အုပ်စုခွဲဝေမှုအရ မြန်မာအသင်းမှာ ထိပ်သီးအသင်းများကို ရှောင်ရှားနိုင်ခဲ့ပြီး အုပ်စု(က)တွင် အိမ်ရှင် နယူးဇီလန်၊ ယူကရိန်း၊ အမေရိကန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။Photo:AFP
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး အာဖရိကဇုန်မှ အသင်းလေးသင်း စာရင်းမှာ ထွက်ပေါ်လာခြင်း မရှိသေးဘဲ အုပ်စုများကို ကြိုတင်မဲခွဲခဲ့ခြင်း ဖြစ်သည်။ ဥရောပချန်ပီယံ ဂျာမနီအသင်းမှာ အုပ်စုချောင်ခဲ့ပြီး ဖီဂျီ၊ ဥဇဘက်ကစ္စတန်၊ ဟွန်ဒူးရပ်စ်တို့နှင့်အတူ ပါဝင်ခဲ့သည်။ တောင်အမေရိကချန်ပီယံ အာဂျင်တီးနား အသင်းမှာ ပနားမား၊ အာဖရိက(၃)နှင့် သြစတြီးယား အသင်းတို့နှင့်အတူ အုပ်စု(ခ)တွင် ပါဝင်နေကြောင်း သိရသည်။ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့် မေ ၃၀ ရက်မှ ဇွန် ၂၀ ရက်အထိ နယူးဇီလန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး မြို့ခုနစ်မြို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအသင်းမှာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မေ ၃၀ ရက်တွင် အမေရိကန်အသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး အိမ်ရှင် နယူးဇီလန် အသင်းနှင့်မူ နောက်ဆုံးပွဲစဉ်မှ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို လေးသင်း ခြောက်အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး နှစ်သင်းစီနှင့် အကောင်းဆုံး အုပ်စုတတိယနေရာရ အသင်းလေးသင်းတို့မှာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။မြန်မာအသင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် ယူကရိန်းအသင်းမှာ ဥရောပ ယူ-၁၉ ပြိုင်ပွဲတွင် အုပ်စုတတိယနေရာ ရရှိခဲ့သည့် အသင်းဖြစ်ပြီး အမေရိကန် အသင်းမှာမူ ကွန်ကာကပ်ဖ် ယူ-၂၀ ပြိုင်ပွဲတွင် Play-off အဆင့်မှ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်း အနေဖြင့် ပထမဆုံး ယှဉ်ပြိုင်ခွင့် ရရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်ကို ကျော်လွန်ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိရန် မျှော်မှန်းပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent