Dagon City 1 စီမံကိန်းအား Marga Landmark က သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး၏ စည်းမျဉ်းများအားလုံးကို လိုက်နာဆောက်လုပ်နေခြင်းဖြစ်ဟုဆို

Dagon City 1 စီမံကိန်းအား Marga Landmark က သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး၏ စည်းမျဉ်းများအားလုံးကို လိုက်နာဆောက်လုပ်နေခြင်းဖြစ်ဟုဆို
Published 10 February 2015
နွဲ့ယဉ်အေး

ရန်ကုန်မြို့၏ အချက်အချာ နေရာဖြစ်သော ဦးထောင်ဘိုအဝိုင်းနှင့် တိရစ္ဆာန်ရုံအနီးတွင် တည်ဆောက်နေသည့် Dagon City 1 ဘက်စုံသုံး လူနေရပ်ဝန်း စီမံကိန်းကြီးကို Marga Landmark က သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောက်လုပ်နေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။၎င်းတို့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် အထပ်မြင့် အဆောက်အအုံ ကြီးကြပ်ရေးကော်မတီတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ထို့အတူ Dagon City 1 စီမံကိန်း၏ ပထမအဆင့်စီမံကိန်း သရုပ်ပြပုံမှာလည်း အထပ်မြင့်အဆောက်အအုံ ကြီးကြပ်ရေးကော်မတီ၏ ခွင့်ပြုချက် ရရှိပြီးဖြစ်သလို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြဋ္ဌာန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ခွင့်ပြုချက်ရထားကြောင်း ထုတ်ပြန်ခဲ့သည်။အဆိုပါ စီမံကိန်း သရုပ်ပြပုံအရ စီမံကိန်း၏ ရာခိုင်နှုန်း ၅ဝ မှာ အများပြည်သူ အသုံးပြု အပန်းဖြေနိုင်သည့် နေရာပင်ဖြစ်သည်ဟု ဆိုသည်။Dagon City 1 စီမံကိန်းကို မြန်မာနိုင်ငံ၏ အထင်ကရနေရာဖြစ်သည့် ရွှေတိဂုံစေတီတော်နှင့် နီးကပ်သည့် နေရာဖြစ်သည့် တပ်ပိုင်မြေ ၂၂ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အဆိုပါနေရာမှာ အများပြည်သူ အပန်းဖြေရန် အတွက်သာ ဖြစ်သင့်သည်ဟု လည်းကောင်း၊ အဆောက်အအုံများ၏ အထပ်အမြင့် အပေါ်တွင် လည်းကောင်း ဝေဖန်ချက်အချို့ ထွက်ပေါ်လာအပြီးတွင် တည်ဆောက်မည့်ကုမ္ပဏီ Marga Landmark က ယခုကဲ့သို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများကလည်း ရန်ကုန်မြို့၏ အထင်ကရ ရွှေတိဂုံစေတီတော် မြင်ကွင်းကို ကွယ်စေမည့် အထပ်မြင့် အဆောက်အအုံများ အားလုံး တည်ဆောက်နေခြင်းကို ပြန်လည်စိစစ်သွားမည်ဟု ပြည်တွင်း မီဒီယာအချို့ကို ဖြေကြားထားမှုများ ရှိနေသည်။Marga Landmark က ၎င်းတို့ စီမံကိန်းကို ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်ရသေးသော်လည်း ရန်ကုန်မြို့တော်စည်ပင်၏ ခွင့်ပြုချက်ဖြင့် မြေညှိမြေရှင်းမှုများကို ပြုလုပ်လျက်ရှိပြီး ဌာနဆိုင်ရာများမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာသွားမည်ဟု ဆိုသည်။Dagon City 1 စီမံကိန်းကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းမှ လာရောက်စစ်ဆေးခဲ့သဖြင့် အင်ဂျင်နီယာများ၏ တင်ပြချက်များနှင့် ထုတ်ပြန်ချက်များကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။၎င်းတို့အနေနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှုများကြောင့် လိုအပ်ချက်များနှင့် ကိုက်ညီပြီး ဆောက်လုပ်ရေးလုပ်ငန်းများ မကြာမီ စတင်နိုင်တော့မည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။Dagon City 1 စီမံကိန်းသည် ဟောင်ကောင်၊ ကိုရီးယား၊ အင်္ဂလန်တို့မှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ ပါဝင်သော Marga Group နှင့် မြန်မာဘက်မှ သုခရတနာကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သော စီမံကိန်းဖြစ်သည်။

Most Read

Most Recent