မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းတွင် အခွန်ဆောင်ခြင်း မပြုဘဲ ဇုန်ရှောင်ကွင်းလမ်းများမှ သွားလာသည့် ကုန်တင်ယာဉ်များကို စစ်ဆေး

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းတွင် အခွန်ဆောင်ခြင်း မပြုဘဲ ဇုန်ရှောင်ကွင်းလမ်းများမှ သွားလာသည့် ကုန်တင်ယာဉ်များကို စစ်ဆေး
Published 10 February 2015
ကိုရွှေသိန်း (မြဝတီ)

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသို့ ဝင်ရောက်အခွန်ဆောင်ခြင်း မပြုဘဲ ဇုန်ရှောင်ကွင်းလမ်းများမှ သွားလာသည့် ကုန်တင်ယာဉ်များအား စကခ (၄) ရှေ့တန်းကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဦးဆောင်ပြီး ဒေါနတောင်ကျော်လမ်း တံတားကျိုး စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၈ ရက် နံနက်က စစ်ဆေးဟန့်တားခဲ့ကြောင်း သိရသည်။ဇုန်ရှောင်ကွင်းလမ်းမှ သယ်ဆောင်လာသည့် ၁၂ ဘီး၊ ၁၀ ဘီး၊ ဟိုင်းလတ်အပါအဝင် ကုန်တင်ယာဉ် ၆၄ စီးတွင် တရားဝင် အခွန်ဆောင်ကုန်သွယ်မှု လုပ်ငန်းနှင့် ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ မပါရှိသဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ ကုန်သွယ်ရေးဇုန် ဝင်းအတွင်း၌ ခေတ္တထိန်းသိမ်းထားကြောင်း သိရသည်။“တပ်မမှူးကိုယ်တိုင် ဦးစီးပြီး ဆောင်ရွက်တဲ့ကိစ္စ ဖြစ်နေတော့ ရှေ့ဆက်ဘယ်လို စီစဉ်သွားမလဲဆိုတာ အတတ်မပြောနိုင်ပါဘူး။ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရမှာပါ” ဟု မြဝတီကုန်သွယ်ရေးဇုန် အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။မြဝတီကုန်သွယ်ရေးဇုန်မှ အခွန်ဆောင်သွားလာခြင်း မပြုဘဲ ဇုန်အရှေ့အနောက် လမ်းနှစ်သွယ်(တောလမ်း)မှ ကုန်ပစ္စည်း သယ်ယူပို့ဆောင်သည့် ကုန်တင်ယာဉ်များမှာ မွန်ပြည်နယ်-မော်လမြိုင်နှင့် ကရင်ပြည်နယ် ဘားအံမြို့များသို့ ကုန်သယ်ပို့သည့် ယာဉ်များဖြစ်ကြောင်းလည်း သိရသည်။“အခု ကုန်ကားတွေကို ဖမ်းဆီးထားတာ မဟုတ်ပါဘူး။ အခွန်မဆောင်ထားတဲ့အတွက် ခေတ္တထိန်းသိမ်းထားတာပါ။ ဒဏ်ရိုက်မလား၊ ဂျူတီဆောင်ခိုင်းမလား မသေချာသေးပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။မြဝတီကုန်သွယ်ရေးဇုန်၌ အခွန်နှုန်း မြင့်မားနေမှုကြောင့် တရားမဝင်ကွင်းလမ်းမှ သွားလာမှု ပိုမိုများပြားလာခြင်း ဖြစ်သည်ဟုလည်း နယ်စပ်ကုန်သည်တစ်ဦးက ပြောကြားသည်။မြဝတီ-ဘားအံဒေသတွင်း ကုန်သွယ်မှု ပြုလုပ်နေသည့် ခြောက်ဘီးယာဉ်မောင်း တစ်ဦးက အခွန်မဆောင်နိုင်၍ ကွင်းလမ်းမှသွားရခြင်းနှင့် ပတ်သက်၍ “ဇုန်ထဲမှာ အခွန်အရမ်းများပါတယ်။ ကားပေါ်မှာ တင်လာတဲ့ ကုန်ပစ္စည်းက သုံးသိန်းခွဲဖိုး၊ အခွန်ဆောင်ဖို့ သွားပြောတော့ နှစ်သိန်းခွဲကျမယ်။ တစ်သိန်းခွဲနဲ့ အခွန်ဆောင်ဖို့ပြောတာ မရဘူး။ ဒီတော့ ကုန်ကျသက်သာတဲ့ ပတ်လမ်းကပဲ သွားကြပါတယ်။ ဇုန်မှာ တရားဝင် အခွန်ဆောင်ပြီးပဲ သွားချင်ပါတယ်။ ဘားအံ၊ မော်လမြိုင်အထိပဲ သွားမှာဆိုတော့ ပေးဆောင်ရမယ့် အခွန်နဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး” ဟု ဆိုသည်။တရားမဝင် ဇုန်ရှောင်ကွင်းလမ်းများမှသွားသည့် စက်သုံးဆီ၊ အရက်၊ ဘီယာမျိုးစုံနှင့် စားသုံးရန် မသင့်သည့် ကြက်သားနှင့် ကြက်သားထွက်ပစ္စည်းများ၊ အေးခဲအသားများ၊ ကွမ်းသီးများ၊ ဂက်စ်အိုးများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များမှာ ကွင်းလမ်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဂိတ်ကြေးပေးရသလို ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များကိုလည်း လက်ဖြန့်ကြေးပေး၍ အဆင့်ဆင့် ဖြတ်ကျော်သွားလာခဲ့ရကြောင်း ယာဉ်မောင်းများက ပြောကြားသည်။

Most Read

Most Recent