အာဖရိကဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အိုင်ဗရီကို့စ်အသင်းက ဂါနာအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့သည်။
အိုင်ဗရီကို့စ်အသင်းတွင် ယာယာတိုရေး၊ ဘိုနီ၊ ဂျာဗင်ဟိုတို့ ပါဝင်ခဲ့သလို ဂါနာအသင်းတွင်လည်း ကြံ့ခိုင်မှုပြည့်ဝလာသည့် အန်ဒရေအယူး၊ ခရစ္စတီယန်အတ်ဆု၊ အဆာမိုဂျန်၊ အပီယာတို့ ပါဝင်ခဲ့သည်။ ပွဲချိန်အတွင်း၌ ဂါနာအသင်းက ခြေစွမ်းပိုမိုကောင်းမွန်ခဲ့ပြီး ပထမပိုင်းတွင် အန်ဒရေအယူး၏ ကန်ချက်နှစ်ကြိမ် တိုင်ထိထွက်ခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ထိန်းကစားခဲ့သောကြောင့် မိနစ် ၉ဝ ပြည့်သည်အထိ ဂိုးမရှိသရေကျနေခဲ့ပြီး အချိန်ပိုဆက်ကစား ခဲ့ရသည်။ အချိန်ပိုတွင်လည်း ဂိုးမသွင်းနိုင်သဖြင့် ပယ်နယ်တီအဆုံးအဖြတ် ဆက်လက်ခံယူခဲ့ရာ အိုင်ဗရီကို့စ်အသင်းက (၉-၈) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ အိုင်ဗရီကို့စ်အတွက် ပထမဆုံးကန်သွင်းသည့် ဘိုနီနှင့် တယ်လိုတို့ လွဲချော်ခဲ့သော်လည်း ကျန်ဂိုးများအားလုံး သွင်းယူနိုင်ခဲ့သလို ဂိုးသမားဘိုဘာကာဘာရီမှာ ဂါနာဂိုးသမား ဘရိုင်မာ၏ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့သလို အဆုံးအဖြတ် ပယ်နယ်တီကိုလည်း ကန်သွင်းပေးနိုင်ခဲ့ကြောင်း သိရသည်။ အိုင်ဗရီကို့စ်အသင်းသည် အာဖရိကဖလား ချန်ပီယံဆုကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၉၂ ခုနှစ် နောက်ပိုင်း ၂၃ နှစ်ကြာ ဝေးကွာနေသော ချန်ပီယံဆုကို ပြန်လည်ရယူ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဂါနာအသင်းမှာမူ ၁၉၉၂ ခုနှစ် ဗိုလ်လုပွဲတွင် အိုင်ဗရီကို့စ်အသင်းကို ပယ်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးကို ပြန်မဆပ်နိုင်ဘဲ ထပ်မံရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ သွင်းဂိုးအများဆုံးဆုအတွက် သုံးဂိုးစီသွင်းယူထားသူ ငါးဦးဖြစ်နေသဖြင့် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားသည့် အန်ဒရေအယူး(ဂါနာ) က ရရှိခဲ့ပြီး ခရစ္စတီယန်အတ်ဆု(ဂါနာ)က အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည်။
အာဖရိကဖလားပြိုင်ပွဲ အနှစ်ချုပ်
ချန်ပီယံ - အိုင်ဗရီကို့စ်
ဒုတိယ - ဂါနာ
တတိယ - DR ကွန်ဂို
သွင်းဂိုးအများဆုံးဆု - အန်ဒရေအယူး (ဂါနာ)
အကောင်းဆုံးကစားသမား - ခရစ္စတီယန်အတ်ဆု (ဂါနာ)
အသန့်ရှင်းဆုံးအသင်း - DR ကွန်ဂို
အသန့်ရှင်းဆုံး ကစားသမား - အပီယာ (ဂါနာ)
အကောင်းဆုံးဂိုး - ခရစ္စတီယန်အတ်ဆု (ဂါနာ)
(ဂါနာ ၃-၀ ဂီနီ)









