ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ကို စစ်အစိုးရက ပြည်ပထွက်ခွာခွင့် ပိတ်ပင်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ကို စစ်အစိုးရက ပြည်ပထွက်ခွာခွင့် ပိတ်ပင်
Published 10 February 2015

ရာထူးမှ ဖြုတ်ချခံခဲ့ရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်သည် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ယခုလနှောင်းပိုင်းတွင် တရားဝင် စွဲချက်တင်ခံရမည် ဖြစ်သဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သောနှစ် မေတွင် စစ်တပ်က အာဏာမသိမ်းမီ တရားရုံးချုပ်၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသော ယင်လက်သည် ၎င်းအစိုးရလက်ထက် အငြင်းပွားဖွယ် ဆန်စပါးရောင်းချမှု အစီအစဉ် တစ်ခုနှင့် ပတ်သက်၍ ပြီးခဲ့သောလတွင် စွပ်စွဲအပြစ်တင်မှု စွဲချက်တင်ခံရပြီးနောက် နိုင်ငံရေးတွင် ပါဝင်မှု ငါးနှစ် ပိတ်ပင်ခံခဲ့ရပြီးဖြစ်ကြောင်း သိရသည်။၎င်းကိုထောက်ခံသည့် ကျေးလက်ဒေသများတွင် လယ်သမားများ၏ ဆန်များအား ဈေးကွက်ပေါက်ဈေးထက် ပိုပေး၍ ဝယ်ယူမှုဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အကျင့်ပျက်ခြစားမှု စွဲချက်တင်ခံရမှု၌ အပြစ်ရှိကြောင်း ထင်ရှားပါက ယင်လက်သည် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။ယင်လက်သည် ယခုသီတင်းပတ်တွင် ဟောင်ကောင်၊ တရုတ်နှင့် ဗြိတိန်တို့သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။ သို့သော် ထိုင်းစစ်အစိုးရသည် နိုင်ငံတော် ရှေ့နေချုပ်ရုံး (OAG) မှ အစိုးရရှေ့နေ၏ အကြံပြုမှုဖြင့် ယင်လက်ကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။ယင်းအမှုသည် တရားစီရင်ရေး အနေအထားတွင် ရှိနေဆဲဖြစ်ပြီး ပြည်ပထွက်ခွာမည့် အစီအစဉ်ကို ရွှေ့ဆိုင်းရန် OAG က အကြံပြုခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝပ်ဝေါင်ဆူဝန်က ပြောကြားခဲ့သည်။ OAG မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ယင်လက်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် စွဲချက်တရားဝင်စွဲဆိုမည်ဖြစ်ပြီး ယင်းအမှုအား ဆက်လက်ဆောင်ရွက်သင့် မသင့်ကို တရားရုံးချုပ်က ဆုံးဖြတ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သည့် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့် မရှိပေ။ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ယင်လက်က ပြီးခဲ့သောလတွင် ထိုင်းပါလီမန်က ၎င်းကို စွပ်စွဲပြစ်တင်မှုသည် ထိုင်းနိုင်ငံ၌ ဒီမိုကရေစီ သေဆုံးခြင်းဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထိုင်းနိုင်ငံသို့ မကြာသေးမီက သွားရောက်ခဲ့သည့် အမေရိကန် ထိပ်တန်း သံတမန်တစ်ဦးကလည်း ယင်းစွဲဆိုမှုနောက်ကွယ်တွင် နိုင်ငံရေး လှုံ့ဆော်မှုရှိနိုင်ကြောင်း ပြောကြားခဲ့ရာ ထိုင်းစစ်အစိုးရက ဒေါသထွက်ခဲ့သည်။Ref:AFP

Most Read

Most Recent