ဝှိုက်ကတ်နှင့် နိုင်ငံရေးအကျပ်မရိုက်ဖို့

ဝှိုက်ကတ်နှင့် နိုင်ငံရေးအကျပ်မရိုက်ဖို့
Published 9 February 2015
ဒေါက်တာ ရန်မျိုးသိမ်း

ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သော နိုင်ငံခြားသား (နိုင်ငံသားစိစစ်ဆဲ) များကို ဆန္ဒမဲ ပေးခွင့်ပြုခြင်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ၏ ဆုံးဖြတ်ချက် ဖြစ်သည်။အဆိုပါ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရက ဆက်လက် အတည်ပြုခဲ့သည်။ ဝှိုက်ကတ်ကိစ္စသည် ယခင်အစိုးရနှင့် ယခု ပြည်ခိုင်ဖြိုးပါတီ အစိုးရတို့နှင့် တိုက်ရိုက် ဆက်စပ်သည်။ ဝှိုက်ကတ်နှင့် မဲပေးခွင့်ပြုခြင်းကို အကြောင်းပြုလျက် နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာပါက လှည့်ကွက်များ၊ ဗျူဟာဆင်မှုများကို ပြည်သူလူထုအနေဖြင့် မြင်အောင်ကြည့်နိုင်ရန် လိုအပ်မည် ဖြစ်သည်။ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်ဟူသော အချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆန္ဒမဲပေး ဆုံးဖြတ်ခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း သမ္မတ၏ မှတ်ချက်အတိုင်း ဖြစ်သင့်ကြောင်း အကြံပြုခဲ့သည်။ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ခံယူရာ သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဖြစ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၂၈ ဦးက ထောက်ခံမဲ ပေးခဲ့သည့်အတွက် အတည်ဖြစ်ခဲ့သည်။ သမ္မတ၏ သဘောထားမှတ်ချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၉ ဦးက ကန့်ကွက်မဲ ပေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးက ကြားနေခဲ့သည်။အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လေးဦး အပါအဝင် ကိုယ်စားလှယ် ၂၇ ဦး၏ သဘောတူကြောင်း လက်မှတ်များနှင့်အတူ ဝှိုက်ကတ်ဖြင့် ဆန္ဒမဲပေးခွင့်ပြုခြင်းသည် အခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ပေးနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြနိုင်ရန် လွှတ်တော်ဥက္ကဠထံ ဖေဖော်ဝါရီ ၆ ရက်တွင် ပေးပို့ခဲ့သည်။ အမျိုးသားလွှတ်တော်အနေဖြင့် ခုံရုံး၏ အဆုံးအဖြတ်ကို ခံယူမည်ဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ အခန်း(၉)၊ ရွေးကောက်တင်မြှောက်ခြင်း၊ ပုဒ်မ ၃၉၁ (က) တွင် ရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့်ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်ဟု ပြဠာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်ဟု တိုက်ရိုက်ဖော်ပြထားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ပါဝင်နေသည်။ ထို့ကြောင့် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို မပြင်ဆင်နိုင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၁(က) အရလည်း ဝှိုက်ကတ် ကိုင်ဆောင်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့်သည် ဥပဒေနှင့် ညီညွတ်နေမည် ဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၉၁ (က) ပါ ဥပဒေအရ ဆန္ဒမဲပေးခွင့် ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်ဟု ပြဠာန်းချက်အရ လွှတ်တော်များ၏ ရွေးကောက်ပွဲဥပဒေများပါ မဲစာရင်းများ ပြုစုခြင်းတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူကို ထည့်သွင်းထားသဖြင့် ဝှိုက်ကတ်ခေါ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ မဲစာရင်းများ ပြုစုခြင်းအခန်းတွင် ဖော်ပြထားသော ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူကို ပယ်ဖျက်နိုင်မှသာ ဝှိုက်ကတ် ကိုင်ဆောင်သူများ၏ မဲဆန္ဒပေးခွင့်ကို ရုပ်သိမ်းနိုင်မည်ဖြစ်သည်။ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ သို့မဟုတ် ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ၏ မဲပေးခွင့်ကို ပြန်လည်သုံးသပ်နိုင်ရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည်အထိ လိုအပ်မှုမရှိသော်လည်း လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အများစု၏ ထောက်ခံမှု ရရှိနိုင်ရန် လိုအပ်သည်။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်တွင် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်သည် နိုင်ငံရေးအရ အခရာကျမည် ဖြစ်သည်။နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကို ကျင်းပခဲ့သည်။ ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ၊ အခန်း (၅) မဲစာရင်းများ ပြုစုခြင်း၊ ပုဒ်မ ၁၁ (က) တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပသည့်နေ့ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်ဟု ပြဠာန်းထားသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရမှ ပြဠာန်းခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတိုင်းကို ဆန္ဒမဲပေးခွင့် စတင်ခွင့်ပြုခဲ့သည်ကို တွေ့ရှိရသည်။ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဠ ဦးတင်အေး၊ အမျိုးသားလွှတ်တော်ဥက္ကဠ ဦးခင်အောင်မြင့်အပါအဝင် လက်ရှိအစိုးရနှင့် လက်ရှိလွှတ်တော်အကြီးအကဲများသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရတွင် ထိပ်တန်းအဖွဲ့ဝင်များ ဖြစ်သည်။

 မောင်တောမြို့နယ် ဝေသာလီကျေးရွာသားများအား ထုတ်ပေးထားသည့် သက်သေခံကတ်ပြားအား တွေ့ရစဉ်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အခန်း(၄) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ ပုဒ်မ ၆ (က) အရ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဠာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်ဟု ပြဠာန်းထားသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရသည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ကို ၂ဝ၁ဝ ပြည့်နှစ် မတ်  ၈ ရက်တွင် ပြဠာန်းခဲ့သည်။ ပြည်ထောင်စုလွှတ်တော်သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ကို ပြဠာန်းအတည်ပြုခဲ့သည်။ သို့သော် ပုဒ်မ ၆ (က) ပါ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိမှုကို ပြင်ဆင်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပါ ပြဠာန်းချက်များအရ ၂ဝ၁ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်လည်း မဲပေးခွင့် ရရှိခဲ့သည်။ နိုင်ငံအသီးသီးတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ရှိသော်လည်း၊ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲများတွင် နိုင်ငံသားများသာ မဲပေးခွင့် ရရှိကြသည်။ မြန်မာနိုင်ငံတွင် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများကို မဲပေးပိုင်ခွင့် ရရှိအောင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက လမ်းဖွင့်ပေးခဲ့ခြင်းပင် ဖြစ်သည်။ လက်ရှိအစိုးရနှင့် လွှတ်တော်များသည်လည်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ၏ လမ်းကြောင်းအတိုင်း တစ်သွေမတိမ်း လျှောက်လှမ်းနေသည်မှာ သိသာမြင်သာသည်။မူလဥပဒေများတွင် ပြဠာန်းအတည်ပြုထားသည့်အလျောက် ဆက်စပ်နည်းဥပဒေများတွင်လည်း ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ၏ ဆန္ဒမဲပေးခွင့်သည် ထင်ရှားခဲ့သည်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၏ အခန်း(၃) မဲစာရင်းများ ပြုစုခြင်း၊ ပုဒ်မ ၇ (က) ၌ မဲစာရင်းများ ပြုစုရာတွင် ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့၌ အသက် ၁၈ နှစ် ပြည့်ပြီး၊ ရွေးကောက်ပွဲဥပဒေပါ ပြဠာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတိုင်းကို ထည့်သွင်းပြုစုရမည်ဟု ဖော်ပြထားသည်။နိုင်ငံသားများကိုသာ မဲပေးခွင့်ပြုသင့်သည်။ နိုင်ငံတကာတွင်လည်း သက်သေခံကတ်ပြား ကိုင်ဆောင်သူများကို ဆန္ဒမဲပေးခွင့် မပြုပေ။ ယာယီသက်သေခံကတ်ပြား သို့မဟုတ် ဝှိုက်ကတ် ကိုင်ဆောင်ထားသူများကို ဆန္ဒမဲပေးခွင့်ပြုခြင်းသည် မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူလူထု၏ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် နှင့် ကိုယ်ပိုင်ပြဠာန်းပိုင်ခွင့်တို့ကို ထိခိုက်လျော့ပါးစေနိုင်သည်။ ဝှိုက်ကတ် ခေါ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို နိုင်ငံသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ဥပဒေပါ ပြဠာန်းချက်များနှင့်အညီ စနစ်တကျ သတ်မှတ်နိုင်ရန် ကနဦးလိုအပ်မည် ဖြစ်သည်။ ယာယီသက်သေခံလက်မှတ်သည် နိုင်ငံသားမှတ်ပုံတင်လက်မှတ် မဟုတ်သည့် အားလျော်စွာ နိုင်ငံသားများသာ ရရှိနိုင်မည့် ဆန္ဒမဲပေးခြင်းကို ရရှိနေခြင်းသည် ကြောင်းကျိုးဆီလျော်မှု ကင်းလွတ်သည်ဟု သုံးသပ်နိုင်သည်။ပြည်ထောင်စုလွှတ်တော်အနေဖြင့် သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ပြုကြောင်း အတည်ပြုဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများသည် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပတွင် ဆက်တိုက်ဖြစ်ပေါ်လာနိုင်ခြေ မြင့်မားသည်ဟု သုံးသပ်နိုင်သည်။ လွှတ်တော်တွင်း လမ်းကြောင်းအဖြစ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်နိုင်မှသာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ၏ ဆန္ဒမဲပေးခွင့်ကို တားဆီးနိုင်မည် ဖြစ်သည်။ လွှတ်တော်ပြင်ပတွင် ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် အသက်သွင်းလာနိုင်ခြေ မြင့်မားသည်။ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများအား ဆန္ဒမဲပေးပိုင်ခွင့်ပြုထားသည့် ဥပဒေပါပြဠာန်းချက်များ ပြင်ဆင်နိုင်ရေးတွင် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အဓိကသော့ချက် ပါတီဖြစ်သည့်အလျောက် လူထုဆန္ဒ ထုတ်ဖော်ပွဲများတွင် အာဏာရပြည်ခိုင်ဖြိုးပါတီကို ပစ်မှတ်ထား၊ တောင်းဆိုနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများစုရရှိထားသော အာဏာရပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဥပဒေပြင်ဆင်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးနိုင်မှသာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းနိုင်မည် ဖြစ်သည်။ဝှိုက်ကတ် သို့မဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူများကို ဆန္ဒမဲပေးခွင့်ပြုထားသည်မှာ ယခုမှ မဟုတ်သည်ကို မျက်ခြည် မပြတ်သင့်ပေ။ လွန်ခဲ့သော ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများသည် မဲပေးခဲ့ကြသည်။ ထို့ကြောင့် ဝှိုက်ကတ်ကိစ္စသည် ရှေးကတည်းက ရှိရင်းစွဲစိန်ခေါ်မှုကြီးဖြစ်သည်ကို သတိချပ်သင့်သည်။ ဝှိုက်ကတ်စိန်ခေါ်မှုကို ပဋိပက္ခအသွင် မဆောင်လာရေး အထူးအလေးပေးရမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄ ပါ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး၊ နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟူသော ပြဠာန်းချက်နှင့် ချိန်ထိုးမည်ဆိုလျှင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မူလပိုင်ရှင်သည် နိုင်ငံသားများသာ ဖြစ်သည်။ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတို့ကို အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များအဖြစ် လုံးဝမသတ်မှတ်နိုင်ပေ။၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခြင်းအပါအဝင် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များ ဖွဲ့စည်းရာတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ သို့မဟုတ် ဝှိုက်ကတ် ကိုင်ဆောင်ထားသူများလည်း ဆန္ဒမဲပေး ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။ လက်ရှိအနေအထားတွင် ဝှိုက်ကတ် ကိုင်ဆောင်ထားသူ ၁ ဒသမ ၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းကြသည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီတွင် ရခိုင်ပြည်နယ်၌ ဝှိုက်ကတ် ကိုင်ဆောင်သူဦးရေ ၇၃၄,၄၅၃ ဦး (ခုနစ်သိန်းသုံးသောင်းကျော်)ရှိ သည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနသည် ၁၉၉၃ ခုနှစ်တွင် ဝှိုက်ကတ်ခေါ် ယာယီသက်သေခံလက်မှတ်ကို စတင်ထုတ်ပေးခဲ့သည်။အချုပ်အားဖြင့်ဆိုသော် ယာယီသက်သေခံလက်မှတ် သို့မဟုတ် ဝှိုက်ကတ် ကိုင်ဆောင်သူများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ကြောင်းကျိုးဆီလျော်မှု မရှိဟု သုံးသပ်နိုင်သည်။ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားများ၏ အခွင့်အရေးသာ ဖြစ်ရမည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့သည်  ဝှိုက်ကတ် ကိုင်ဆောင်သူများကို ဆန္ဒမဲပေးခွင့်ပြုခဲ့ ခြင်း၊ ထပ်မံ အတည်ပြုခဲ့ခြင်းတို့တွင် တာဝန်ရှိမည် ဖြစ်သည်။ စိန်ခေါ်မှု များ၊ ပြဿနာများကို အဖြေရှာသည့်ဘက်သို့ ဦးတည်နိုင်ရန် လိုအပ်ပြီး အဖြေသို့ မရောက် ပို၍ပို၍ ရှုပ်ထွေး သွားမည့်ဘက်ကို ရှောင်ကြဉ်သင့် သည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် အများစု ကိုယ်စားပြုလျက်ရှိသော အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်လျက် ယာယီသက်သေခံလက်မှတ် သို့မဟုတ် ဝှိုက်ကတ် ကိုင်ဆောင်သူများ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ကို ပယ်ဖျက်နိုင်ရေး ဆောလျင်စွာ ဆောင်ရွက်သင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းလိုက်ရပါသည်။

Most Read

Most Recent