မြန်မာ ယူ-၂၀ အသင်း ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီတွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းအုပ်စု မဲခွဲပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်နှင့် မြန်မာ ယူ-၂၀ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်တို့ တက်ရောက်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက ထွက်ခွာသွားပြီဖြစ်သည်။ ယင်းပြိုင်ပွဲကို အသင်း ၂၄ သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုခြောက်ခုခွဲကာ ကျင်းပသွားမည်ဖြစ်သည်။ လက်ရှိတွင် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိထားသည့် အသင်း ၂၀ အထိ ထွက်ပေါ်နေပြီဖြစ်ပြီး မတ်လမှပြီးဆုံးမည့် အာဖရိကဇုန်မှ အသင်းလေးသင်းသာ ကျန်ရှိတော့ကြောင်း သိရသည်။ အာရှဇုန်မှ မြန်မာအသင်း အပါအဝင် ကာတာ၊ မြောက်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ ဥရောပဇုန်မှ ဂျာမနီ၊ ဟန်ဂေရီ၊ ယူကရိန်း၊ ပေါ်တူဂီ၊ သြစတြီးယား၊ ဆားဘီးယား၊ သမုဒ္ဒရာပိုင်းဇုန်မှ ဖီဂျီ၊ တောင်အမေရိကဇုန်မှ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ကွန်ကာကပ်ဖ်ဇုန်မှ အမေရိကန်၊ ဟွန်ဒူးရပ်စ်၊ မက္ကဆီကို၊ ပနားမားနှင့် အိမ်ရှင် နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ခွင့် ရရှိထားသည်။ အုပ်စု တစ်ခုစီမှ အမှတ်အများဆုံး ရရှိသည့် ထိပ်ဆုံး နှစ်သင်းစီမှာ ရှုံးထွက်အဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး အကောင်းဆုံးအုပ်စု တတိယရအသင်း လေးသင်းမှာလည်း နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့် မေ ၃၀ ရက်မှ ဇွန် ၂၀ ရက်အထိ နယူးဇီလန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။မြန်မာ ယူ-၂၀ အသင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဆီမီးအဆင့်သို့ တက်ရောက်နိုင်ခဲ့သောကြောင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာအသင်းသည် ကွာတားပွဲစဉ်တွင် ယူအေအီးအသင်းကို တိုက်စစ်မှူး သန်းပိုင်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုများ မဲခွဲပွဲကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်မည်









