ဘိုကိုဟာရမ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် လုံခြုံရေး အာမ,မခံနိုင်သဖြင့် နိုင်ဂျီးရီးယား ရွေးကောက်ပွဲများကို ရွှေ့ဆိုင်း

ဘိုကိုဟာရမ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် လုံခြုံရေး အာမ,မခံနိုင်သဖြင့် နိုင်ဂျီးရီးယား ရွေးကောက်ပွဲများကို ရွှေ့ဆိုင်း
Published 8 February 2015

နိုင်ဂျီရီးယားနိုင်ငံတွင် ဘိုကိုဟာရမ်တို့နှင့် ပဋိပက္ခများမှာ ပိုမိုမြင့်တက်လာစဉ် လုံခြုံရေး အခြေအနေများကြောင့် သမ္မတရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို နောက်သို့ သီတင်းပတ်ခြောက်ပတ် ရွှေ့ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ကြေညာခဲ့သည်။ဘိုကိုဟာရမ်တို့ ထိန်းချုပ်ထားသော နယ်မြေဒေသများကို လုံခြုံစိတ်ချရအောင် ဆောင်ရွက်ရန် စစ်တပ်အတွက် အချိန်ပိုမို လိုအပ်ကြောင်း လုံခြုံရေး အကြီးအကဲများက ပြောကြားခဲ့ပြီးနောက် ရွေးကောက်ပွဲရွှေ့ဆိုင်းမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘိုကိုဟာရမ်တို့သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း၏ နေရာအများအပြားကို သိမ်းဆည်းထားခြင်းဖြစ်သည်။ထို့သို့ ရွှေ့ဆိုင်းလိုက်သည့်အတွက် သမ္မတနှင့် လွှတ်တော်ရွေးကောက်ပွဲများကို မူလကသတ်မှတ်ထားသည့် ဖေဖော်ဝါရီ ၁၄ ရက်အစား မတ် ၂၈ ရက်တွင် ကျင်းပမည်ဖြစ်သည်ဟု လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲ ကော်မရှင် (INEC) ၏ ဥက္ကဋ္ဌဖြစ်သူ အတာဟီရူဂျီဂါက ပြောကြားခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများကိုမူ ဧပြီ ၁၁ ရက်တွင် ကျင်းပမည်ဟု ၎င်းက ပြောကြားခဲ့သည်။နိုင်ငံအရှေ့မြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် မဲပေးမှုများကို လုံခြုံအောင် တပ်ဖွဲ့ဝင်များက စောင့်ကြပ်ပေးနိုင်မည် မဟုတ်သည့်အတွက် ယခုကဲ့သို့ ရွေးကောက်ပွဲကို နောက်သို့ ခြောက်ပတ်ရွှေ့ဆိုင်းရန် လုံခြုံရေးခေါင်းဆောင်များက အကြံပေးခဲ့သည်ဟု ဂျီဂါက ပြောကြားခဲ့သည်။နိုင်ဂျီးရီးယား ရွေးကောက်ပွဲကို ရွှေ့ဆိုင်းအပေါ် ဆန္ဒပြနေသူများအား ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (Photo:AFP)
“မဲပေးသူတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းတွေရဲ့ လုံခြုံရေးတွေကို အာမမခံနိုင်ရင် အပြစ်မဲ့ လူငယ်တွေရဲ့ အသက်နဲ့ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကိုပါ အများကြီး ထိခိုက်သွားပါလိမ့်မယ်” ဟု ဂျီဂါက သတင်းထောက်များကို ပြောကြားခဲ့သည်။ယခုလာမည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတဂွတ်လက်ဂျိုနသန်သည် သူ၏ အဓိက အတိုက်အခံဖြစ်သည့် စစ်အာဏာရှင်ဟောင်း မူဟာမဒူဘူဟာရီနှင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိသည်။ သို့သော် ယခုမဲဆွယ်စည်းရုံးရေး ကာလမှာ ထပ်မံတိုးမြှင့်သွားသဖြင့် အာဏာရပါတီရော အတိုက်အခံ ပါတီအတွက်ပါ အခွင့်အရေး ပိုမိုရရှိသွားမည် ဖြစ်သည်။အမေရိကန် ပြည်ထောင်စုကမူ ယင်းကဲ့သို့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ များစွာ စိတ်ပျက်မိကြောင်း ထုတ်ပြန်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း နိုင်ဂျီးရီးယား အစိုးရအနေနှင့် ထိုလုံခြုံရေး အခြေအနေများကို အကြောင်းပြပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်များအား ကြန့်ကြာနှောင့်နှေးအောင် မပြုလုပ်ရန် သတိပေးလိုက်သည်။ နိုင်ဂျီးရီးယားတွင် အရပ်သားအုပ်ချုပ်ရေး ရရှိခဲ့သည့် ၁၉၉၉ ခုနှစ်ကတည်းက ဂျိုနသန်၏ အာဏာရ (PDP) ပါတီက နိုင်ငံကို အုပ်စိုးနေခဲ့ခြင်း ဖြစ်သည်။Ref:AFP

Most Read

Most Recent