မြန်မာ့ကမ်းလွန်၌ ပထမဆုံး ရေနက်ပိုင်း ရှာဖွေရေးတွင်း ဖြစ်သည့် ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် AD-1 တွင်း စတင်တူးဖော်

မြန်မာ့ကမ်းလွန်၌ ပထမဆုံး ရေနက်ပိုင်း ရှာဖွေရေးတွင်း ဖြစ်သည့် ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် AD-1 တွင်း စတင်တူးဖော်
Published 8 February 2015
ရွှန်းလဲ့ဝင်း

မြန်မာ့ကမ်းလွန်၌ ပထမဆုံး ရေနက်ပိုင်း ရှာဖွေရေးတွင်း ဖြစ်သည့် ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် AD-1 တွင်းအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က စတင်တူးဖော်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။အောင်ပြည်ဟိန်း(၁) ရှာဖွေရေးတွင်းသည် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော Chinnery Assets Limited က ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် AD-1 အတွင်း တူးဖော်မည့် မြန်မာ့ကမ်းလွန်တွင် ပထမဆုံး ရေနက်ပိုင်းရှာဖွေရေးတွင်းဖြစ်ပြီး ရေအနက် ၁၇၃၁ မီတာ နေရာ၌ အနက်မီတာ ၅၀၀၀ အထိ တူးဖော်သွားမည်ဖြစ်ကာ ရခိုင်ကမ်းလွန်ရှိ အလားအလာကောင်းသော ပလိုင်အိုစင်းနှင့် မိုင်အိုစင်းသက်တမ်းရှိ သဲကြောများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရှာဖွေတူးဖော်သွားမည် ဖြစ်သည်။အဆိုပါ တွင်းတူးစင်ပေါ်၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပညာရှင်များနှင့် တွင်းတူးလုပ်သား ၂၁ ဦး တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိပြီး နည်းပညာ လွဲှပြောင်းရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။ ပထမဆုံး ရေနက်ပိုင်း ရှာဖွေရေးတွင်းဖြစ်သည့် ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် AD-1 တွင်းအား တူးဖော်မည့် Hai Yang Shi You 981 တွင်းတူးစက်သည် ရေအနက် ၃၀၀၀ မီတာအထိ နက်သောနေရာ၌ တူးဖော်နိုင်သော တွင်းတူးစက်ဖြစ်ကြောင်း သိရသည်။ရခိုင်ကမ်းလွန် ရေနက်ပိုင်းလုပ်ကွက် AD-9, AD-11 နှင့် တနင်္သာရီကမ်းလွန် ရေနက်ပိုင်းလုပ်ကွက် MD-5 တို့အတွက် လက်မှတ်ရေးထိုးခြင်းသည် ကမ်းလွန်လုပ်ကွက်များ တင်ဒါခေါ်ယူခဲ့ခြင်းအတွက် စတုတ္ထအကြိမ် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။    

Most Read

Most Recent