လေယာဉ်မှူး သတ်ဖြတ်ခံရပြီးနောက် ဂျော်ဒန်စစ်လေယာဉ်များ IS တို့ကို အပြင်းအထန် တိုက်ခိုက်

လေယာဉ်မှူး သတ်ဖြတ်ခံရပြီးနောက် ဂျော်ဒန်စစ်လေယာဉ်များ IS တို့ကို အပြင်းအထန် တိုက်ခိုက်
Published 6 February 2015

ဆီးရီးယားတွင် ဖမ်းဆီးခံခဲ့ရသည့် ဂျော်ဒန်လေယာဉ်မှူးအား IS တို့က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့မှုကို ဂျော်ဒန်က အပြင်းအထန် တုံ့ပြန်မည်ဟု ကတိပြုခဲ့ပြီးနောက် ဖေဖော်ဝါရီ ၅ ရက်တွင် IS အဖွဲ့ကို လေကြောင်းတိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဂျော်ဒန်က ပြောကြားခဲ့သည်။သတင်းများအရ သူပုန်များသည် ဒမတ်စကက်မြို့ကို ရော့ကက်လောင်ချာများဖြင့် တိုက်ခိုက်ခဲ့ပြီး ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ တပ်များက လက်တုံ့ပြန်ခဲ့သောကြောင့် လူအများအပြား သေဆုံးခဲ့ကြောင်း သိရသည်။ဂျော်ဒန်စစ်တပ်က ဒါဇင်ပေါင်းများစွာသော တိုက်လေယာဉ်များသည် ဖေဖော်ဝါ ရီ ၅ ရက် နံနက်တွင် IS ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီး IS အကြမ်းဖက်အဖွဲ့၏ စခန်းများအပြင် လက်နက်ခဲယမ်းမီးကျောက် ဂိုဒေါင်များကိုပါ ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဂျော်ဒန်က မည်သည့်နေရာများကို တိုက်ခိုက်ခဲ့ကြောင်း အသေးစိတ်ထုတ်ပြန်ခြင်း မရှိဘဲ ၎င်းတို့၏ လေယာဉ်များသည် ပစ်မှတ်များကို ချေမှုန်းနိုင်ခဲ့ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာကြောင်းကိုသာ ပြောကြားခဲ့သည်။အမေရိကန်၏ အက်ဖ်-၁၆ နှင့် အက်ဖ်-၂၂ ဂျက်လေယာဉ်များက ဂျော်ဒန်တိုက်လေယာဉ်များကို လုံခြုံရေးယူပေးခဲ့ပြီး ဆီဖြည့်ယာဉ်များနှင့် စုံစမ်းထောက်လှမ်းရေး လေယာဉ်တစ်စင်းလည်း ထောက်ပံ့ခဲ့ကြောင်း အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။IS တို့နှင့် တိုက်ခိုက်နေသည့် နိုင်ငံတကာ မဟာမိတ်အဖွဲ့မှ ပစ်ချခံရသော လေယာဉ်မှူးများကို ကယ်ဆယ်နိုင်ရန် စွမ်းရည်ကို မြှင့်တင်ရန်အတွက် အီရတ်နိုင်ငံမြောက်ပိုင်းတွင် လေယာဉ်များနှင့် တပ်ဖွဲ့ဝင်များကို ချထားကြောင်း အမေရိကန်ကာကွယ်ရေး အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။IS အဖွဲ့သည် ဂျော်ဒန်လေယာဉ်မှူး မားဇ်အယ်ကက်ဆက်ဘေးကို သတ်ဖြတ်ပုံအား ပြသထားသည့် ကြောက်မက်ဖွယ် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့မှုက ဂျော်ဒန်နိုင်ငံသားများအား ပြင်းထန်သော ပူဆွေးသောကနှင့် ဒေါသများ ဖြစ်စေခဲ့သည်။ ဂျော်ဒန်စစ်တပ်က ယင်းအကြမ်းဖက်အုပ်စုကို ချေမှုန်းပြီး မကောင်းဆိုးရွားများကို ၎င်းတို့၏နေရာ၌ပင် သတ်ဖြတ်ပစ်မည်ဟု ကတိပြုကာ ၎င်းတို့၏ လေယာဉ်မှူးကို သတ်ဖြတ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်အတွက် IS ကို အပြစ်ဒဏ်ပေးမည်ဟု ပြောကြားခဲ့သည်။ဂျော်ဒန်ဘုရင်အဗ္ဗဒူလာ-၂ သည် သတ်ဖြတ်ခံခဲ့ရသည် လေယာဉ်မှူးမိသားစုအား သွားရောက်တွေ့ဆုံခဲ့ပြီး အဆိုပါမိသားစုက ဝမ်းနည်းကြေကွဲကြောင်း ပြသသည့်အနေဖြင့် ဂျီဟတ်များကို ချေမှုန်းရန် ဂျော်ဒန်အစိုးရကို တောင်းဆိုခဲ့သည်။Ref:AFP