ပူတင်၌ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုး ရှိနေသည်ဟု ပင်တဂွန်၏ လေ့လာချက်က အခိုင်အမာဆို

ပူတင်၌ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုး ရှိနေသည်ဟု ပင်တဂွန်၏ လေ့လာချက်က အခိုင်အမာဆို
Published 6 February 2015

၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သော ပင်တဂွန်၏ လေ့လာချက် တစ်ရပ်အရ ရုရှားသမ္မတ ဗလာဒီမာပူတင်၌ Asperger's Syndrome ဟုခေါ်သော အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုး ရှိနေကြောင်း သိရသည်။ အဆိုပါ ရောဂါသည် လူမှုဆက်ဆံရေး၌ အခက်အခဲရှိခြင်း အပြုအမှုများကို ထပ်ကာတလဲလဲပြုခြင်းနှင့် လှုပ်ရှားပုံ မပြေပြစ်ခြင်း အစရှိသည့် ရောဂါလက္ခဏာရပ်များကို ဖြစ်ပေါ်စေသော အော့တစ်ဇင်ပုံစံခွဲ တစ်ခုဖြစ်သည်။ ထို့ကြောင့် ပူတင်သည် အကျပ်အတည်းများနှင့် ရင်ဆိုင်ရသည့်အခါ အလွန်အကျွံ ထိန်းချုပ်မှုကို အားစိုက်ပြုလုပ်ရန် လိုအပ်နေသည်ဟု ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။ကျွမ်းကျင်သူများသည် ဗီဒီယိုပြကွက်များ၌ ပူတင်၏ လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများကို လေ့လာခဲ့ပြီးနောက် ပူတင်၏ အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှုသည် မွေးကင်းစ အရွယ်ကတည်းက အနှောင့်အယှက် ရှိခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ပူတင်သည် ရုပ်ပိုင်းဆိုင်ရာအရ ဟန်ချက်မညီခြင်းနှင့် လူမှုရေးဆိုင်ရာ တုံ့ပြန်မှုများသည်လည်း အဆင်ပြေညီညွတ်မှု မရှိခြင်းတို့ ဖြစ်ရသည်ဟု ဆိုသည်။ အဆိုပါ အစီရင်ခံစာကို ပင်တဂွန်စစ်ဌာနချုပ်၏ အကြံပေးအဖွဲ့ဖြစ်သော Office of Net Assessment က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။“ဒီလို အပြုအမူဆိုင်ရာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတာကို ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေက Asperger's Syndrome လို့ ခေါ်ပါတယ်။ အော့တစ်ဇင်ပုံစံ တစ်မျိုးဖြစ်ပြီး သူရဲ့ဆုံးဖြတ်ချက်တွေ အားလုံးအပေါ် သက်ရောက်မှု ရှိပါတယ်” ဟု လေ့လာရေးစာတမ်းကို ရေးသားသူ ဘရန်ဒါကွန်နာက ဆိုသည်။ ကွန်နာသည် အမေရိကန် နေဗယ်ဝါးကောလိပ်မှ အကြီးတန်းပညာရှင် တစ်ဦးဖြစ်သည်။“အကျပ်အတည်းအတွင်းမှာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ဖို့နဲ့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ထင်မြင်ယူဆချက်တွေကို အလွန်အကျွံ ထိန်းချုပ်ဖို့ သူဟာ ထပ်တလဲလဲ ပြန်ကျော့နေတော့တာပါပဲ” ဟု ကွန်နာက ရေးသားခဲ့သည်။ ကွန်နာသည် အခြားကမ္ဘာ့ခေါင်းဆောင်များ၏ ခန္ဓာကိုယ်ဘာသာ ဗေဒကိုလည်း လေ့လာသုံးသပ်ခဲ့သူ ဖြစ်သည်။သို့သော် ပူတင်နှင့်ပတ်သက်သည့် ရောဂါအခြေအနေရပ်ဆိုင်ရာ ယူဆချက်ကို ဦးနှောက်အား ဓာတ်မှန်မရိုက်ကြည့်ဘဲ အတိအကျ အတည်ပြုနိုင်လိမ့်မည် မဟုတ်ဟု ဆိုသည်။ ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပူတင်ရောဂါရှိသည် ဆိုခြင်းကို “ဒါဟာ မိုက်မဲမှုပါ။ တန်ဖိုးရှိတဲ့ ကွန်မန့် မဟုတ်ပါဘူး” ဟု Gazeta သတင်းဝက်ဘ်ဆိုက်သို့ ဒေါသတကြီး ပြောကြားကာ ငြင်းပယ်ခဲ့သည်။Ref:AFP

Most Read

Most Recent