ဘင်္ဂလားဒေ့ရှ်တွင် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုများကို အမေရိကန် ပြင်းပြင်းထန်ထန် ဝေဖန်

ဘင်္ဂလားဒေ့ရှ်တွင် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုများကို အမေရိကန် ပြင်းပြင်းထန်ထန် ဝေဖန်
Published 6 February 2015

ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားနေသော နိုင်ငံရေး မငြိမ်သက်မှုများအား အမေရိကန်က အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ကာ မီးလောင်ဗုံးဖြင့် တိုက်ခိုက်နေမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် ဖေဖော်ဝါရီ ၆ ရက်၌ နိုင်ငံရေး မငြိမ်သက်မှု ထပ်မံဖြစ်ပွားခဲ့ပြီး အတိုက်အခံ တက်ကြွလှုပ်ရှားသူနှစ်ဦး သေဆုံးခဲ့သည်။မြို့တော် ဒါကာအနောက်မြောက်ဘက်မှ ရာရှာဟီမြို့တွင် ရဲကားတစ်စီးကို ဂျမက်အီး အစ္စလာမ္မစ်ပါတီမှ ဆန္ဒပြသူများက ရေနံဆီဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲချုပ် အလမ်ဂါဟိုစိန်က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက်ညက ဂျက်ဆိုရီမြို့၌လည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ယင်းပါတီမှ ထောက်ခံသူတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းပစ်ခတ်မှုများသည် အလိမ်အညာများသာဖြစ်ပြီး ရဲတပ်ဖွဲ့က အတိုက်အခံ လှုပ်ရှားသူများအား သွေးအေးစွာ ကွပ်မျက်နေခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များက ဝေဖန်ခဲ့သည်။ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရကို ဖြုတ်ချနိုင်ရန် ရည်ရွယ်သော အတိုက်အခံ ညွန့်ပေါင်း၏ ဆန္ဒပြမှုများသည် ပြီးခဲ့သောလတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး မငြိမ်မသက်မှုများအတွင်း သေဆုံးသူ စုစုပေါင်း ၆၅ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အေအက်ဖ်ပီက ထုတ်ပြန်ခဲ့သည်။ သေဆုံးခဲ့သူ အများစုမှာ ရထားနှင့် ဘတ်စ်ကားများဖြင့် သွားလာနေစဉ် အတိုက်အခံများ၏ မီးလောင်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အတိုက်အခံများက နိုင်ငံတစ်ဝန်း ပို့ဆောင်ရေးစနစ် ရပ်ဆိုင်းသွားစေရန် ရည်ရွယ်၍ ဆန္ဒပြနေကြခြင်း ဖြစ်သည်။ယင်းကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ခိုင်လုံသော အကြောင်းပြချက် မရှိနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်နှောင်းပိုင်းတွင် အစီရင်ခံ ထုတ်ပြန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား ခွင့်ပြုပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ဘတ်စ်ကားကို မီးရှို့ခြင်း၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ အပြစ်မဲ့ အရပ်သားများ သေဆုံးဒဏ်ရာရစေခဲ့သော ရထားလမ်း လမ်းချော်စေရန် ပြုလုပ်ခြင်းတို့ အပါအဝင် လွန်ကဲသော တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရပုဂ္ဂိုလ် မာရီဟက်က ပြောကြားခဲ့သည်။အငြင်းပွားဖွယ် ရွေးကောက်ပွဲ တစ်နှစ်ပြည့်မြောက်သည့် ပြီးခဲ့သော ဇန်နဝါရီ ၅ ရက်တွင် ကြီးမားသော ဆန္ဒပြမှုလုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာအား အစိုးရက ၎င်း၏ ရုံးခန်း၌ ပိတ်လှောင်ခဲ့ပြီးနောက် အဆိုပါ မငြိမ်သက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပိတ်လှောင်ခံခဲ့ရသော ဇီယာက နိုင်ငံတစ်ဝန်းရှိ ပို့ဆောင်ရေးအားလုံး ရပ်ဆိုင်းသွားစေရန်အတွက် ပိတ်ဆို့ ဆန္ဒပြကြရန် တိုက်တွန်းခဲ့သည်။Ref:AFP

Most Read

Most Recent