မြန်မာနိုင်ငံမှ Myint Investment Group Co.,Ltd နှင့် တရုတ်ကုမ္ပဏီ ပူးပေါင်း၍ ကျောက်ဆည်တွင် ဘိလပ်မြေထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်မည်

မြန်မာနိုင်ငံမှ Myint Investment Group Co.,Ltd နှင့် တရုတ်ကုမ္ပဏီ ပူးပေါင်း၍ ကျောက်ဆည်တွင် ဘိလပ်မြေထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်မည်
Published 6 February 2015
ချမ်းမြေ့သူ

မြန်မာနိုင်ငံမှ Myint Investment Group Co.,Ltd နှင့် တရုတ်ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း၍ ကျောက်ဆည်တွင် ဘိလပ်မြေထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းကို ဖက်စပ်နိုင်ငံခြား မြှုပ်နှံမှုအဖြစ် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ကိုင်ရာတွင် အမှတ် ၃၃ ကျောက်ဆည် ဘိလပ်မြေစက်ရုံကို မြန်မာနိုင်ငံမှ Myint Investment Group Co.,Ltd နှင့် တရုတ်နိုင်ငံမှ Anhui Conch Cement Co.,Ltd တို့ပူးပေါင်း၍ တစ်ရက်လျှင် တန် ၅ဝဝဝ ကျ ဘိလပ်မြေစက်ရုံအဖြစ် လုပ်ကိုင်မည်ဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုတင်ပြချက်ကို ဇန်နဝါရီ ၃၁ ရက် တွင်ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး၌ ခွင့်ပြုချက် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိလပ်မြေစက်ရုံကို မြန်မာနိုင်ငံမှ Myint Investment Group Co.,Ltdနှင့် တရုတ်နိုင်ငံမှ Anhui Conch Cement Co., Ltd တို့ ပူးပေါင်းဖွဲ့စည်းထားသည့် Myanmar Conch Cement Co.,Ltd အမည်ဖြင့် အကောင်ထည်ဖော် လုပ်ကိုင်မည်ဖြစ်ပြီး ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၁၁ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် One Stop Service စနစ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ အမှတ် ၃၃ အကြီးစားစက်ရုံ (ကျောက်ဆည်) ကို အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် BOT စာချုပ်လက်မှတ် ရေးထိုးပွဲကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၃ တွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် ၃ဝ ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး စက်မှုဝန်ကြီးဌာန အမှတ် ၃ အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဟိန်းနှင့် Myanmar Conch Cement Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းလင်းလင်းထွန်းတို့က စာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Myanmar Conch Cement Co.,Ltd သည် လက်ရှိတစ်ရက်လျှင် တန် ၄ဝဝ ထုတ်လုပ်နိုင်သည့် အမှတ် ၃၃ အကြီးစားစက်ရုံ (ဘိလပ်မြေစက်ရုံ-ကျောက်ဆည်)ကို အသစ်ပြန်လည်မွမ်းမံ၍ အရည်အသွေးကောင်းမွန် တည်ငြိမ်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လုပ်မှု လျော့နည်းစေရန်စီမံ၍ တစ်ရက်လျှင် တန် ၅ဝဝဝ ကျ စက်ရုံသစ်ကြီးအဖြစ် ထပ်မံတည်ဆောက်ကာ လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်ရန် ပြည်ပနိုင်ငံများက လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ကလည်း ပြင်သစ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Lafarage  ဘိလပ်မြေကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ အောင်မြင်သူ၊ My Associate ကုမ္ပဏီတို့ပူးပေါင်းကာ  ဒေါ်လာ ၁ဝ သန်းနှင့် ၂ဝ သန်းကြား ရင်းနှီးမြှုပ်နှံထားသည့် ဘိလပ်မြေစက်ရုံကို သီလဝါစီးပွားရေးဇုန် ဧရိယာအတွင်းရှိ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း အနီး၌ နိုဝင် ဘာ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
                            
 

Most Read

Most Recent