ပြည်တွင်း ဒေါ်လာဈေးကွက်တွင် ဒေါ်လာဈေး တည်ငြိမ်နေပြီး လတ်တလော မြင့်တက်နိုင်ခြေ မရှိဟု သုံးသပ်

ပြည်တွင်း ဒေါ်လာဈေးကွက်တွင် ဒေါ်လာဈေး တည်ငြိမ်နေပြီး လတ်တလော မြင့်တက်နိုင်ခြေ မရှိဟု သုံးသပ်
Published 6 February 2015
ဖြိုးဝေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တစ်ရက်လျှင် ဒေါ်လာငါးသိန်းမှ တစ်သန်းအကြား ရောင်းချပေးနေပြီး ပြည်တွင်း၌ ဒေါ်လာလည်ပတ်မှုမှာ ရောင်းလိုအားနှင့် ဝယ်လိုအား မျှတနေပြီး ပုဂ္ဂလိကဘဏ်များ အကြားတွင်လည်း အဆိုပါပမာဏ သို့မဟုတ် ယင်းပမာဏထက် များပြားနိုင်သည့် နှုန်းထားကို အရောင်းအဝယ် ပြုလုပ်ပေးနေမှုများ ရှိနေသဖြင့် တရားဝင်နှင့် တရားမဝင် ဈေးကွက်တွင်ပါ ဒေါ်လာဈေးနှုန်း တည်ငြိမ်မှု ရှိနေပြီး လတ်တလောတွင် ဒေါ်လာဈေး မြင့်တက်နိုင်မှု မရှိကြောင်း ရန်ကုန်နိုင်ငံခြား ငွေကြေးဈေးကွက် ကော်မတီဥက္ကဋ္ဌ ဦးမြသန်းက သုံးသပ်သည်။လက်ရှိအချိန်တွင် ပြည်တွင်းဘဏ်များအပေါ် ဗဟိုဘဏ်က သတ်မှတ်ချက်ဖြစ်သည့် အတိုးနှုန်းသတ်မှတ်မှုကို ပယ်ဖျက်ရန် ပြင်ဆင်နေခြင်း၊ နိုင်ငံခြားဘဏ် ကိုးဘဏ်အား ပြည်တွင်းတွင် စတင်၍ လုပ်ငန်းလည်ပတ်ရန် ပြင်ဆင်လာခြင်းနှင့် နိုင်ငံတကာဈေးကွက် ပေါက်ဈေးအတိုင်း ဒေါ်လာဈေးနှုန်း ဖြစ်ပေါ်လာစေရန် လုပ်ဆောင်လာခြင်း စသည့်အခြေအနေများကြောင့် ဒေါ်လာဈေးနှုန်းများ ပြည်တွင်း၌ မြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသော်လည်း ထိုသို့ မြင့်တက်လာနိုင်မှု မရှိကြောင်းနှင့် နိုင်ငံခြားဘဏ်များမှ ဒေါ်လာအများအပြား ဝင်ရောက်လာနိုင်ခြင်းကြောင့် ဒေါ်လာဈေးနှုန်း ကျဆင်းမှုပင် ဖြစ်ပေါ်နိုင်ကြောင်း ဦးမြသန်းက သုံးသပ်သည်။ ထို့ပြင် ဒေါ်လာဈေးနှုန်း တည်ငြိမ်မှု ရှိမရှိမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ဆောင်မှု အပေါ်တွင်သာ မူတည်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“အကြမ်းဖျင်းဖြေရရင် ဗဟိုဘဏ်က Auction ကဆိုရင် အခု တစ်နေ့တစ်နေ့ကို ဒေါ်လာ ငါးသိန်း၊ တစ်သန်း ရောင်းပေးရတာ ရှိတယ်။ အခု အချိန်မှာတော့ ဝယ်လိုအား ရှိနေတယ်။ FX market မှာလည်း အလားတူ အရောင်းအဝယ်နဲ့ ဒါ့ထက်များတဲ့ အရောင်းအဝယ် ရှိနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပုဂ္ဂလိကဘဏ်တွေမှာ ရှိတာက ပိုများနေလို့ပါ။ အခုဆိုရင် ဗဟိုဘဏ်ရဲ့ ရည်ညွှန်းနှုန်းက ၁၀၂၅ ကျပ် ရှိတယ်။ ဒီအပေါ်မှာ ဘဏ်တွေက အရောင်းအဝယ်လုပ်ရင် အမြင့်ဆုံးနဲ့ အနိမ့်ဆုံးနှုန်းက ၀ ဒသမ ၈ ကြားမှာဆိုတော့ တော်တော်လေးကျယ်တယ်။ အပြင်မှာဖြစ်နေတဲ့ ဈေးနှုန်းကဆိုရင် မနေ့က ၁၀၃၀ လောက်ဆိုတော့ အဲ့ဒီအမြင့်ဆုံးနဲ့ အနိမ့်ဆုံးနှုန်း အတွင်းမှာပဲ အပြင်ဈေးကွက်က ဖြစ်နေတယ်။ ဆိုတော့ ဘဏ်တွေက ချောင်ချောင်ချိချိနဲ့ ဘဏ်အချင်းချင်း အရောင်းအဝယ် ဖြစ်နေတယ်။ အဲ့ဒီက မရတဲ့ သူတွေကလည်း ဗဟိုဘဏ်က ရနေတယ်။ ပြောချင်တာက မြန်မာနိုင်ငံ အတွင်းမှာ ဒေါ်လာရောင်းလိုအားနဲ့ ဝယ်လိုအားက မျှနေတယ်။ ဝယ်လိုအား များနေတယ်ဆိုရင် တရားမဝင်ဈေးကွက် (Informal Market) မှာ ဈေးတွေ အရမ်းတက်နေတာကို တွေ့ရမယ်။  တရားမဝင် ဈေးကွက်မှာ ဒေါ်လာဈေးတက်နေရင် တရားဝင် ဗဟိုဘဏ်ရဲ့ သတ်မှတ်တဲ့ဈေးနဲ့ ကွာဟနေမယ်။ အခုက မကွာဘူး” ဟု ၎င်းက ပြောကြားသည်။လက်ရှိအစိုးရ လက်ထက်တွင် ဗဟိုဘဏ်၏ အထင်ရှားဆုံး ပြောင်းလဲမှုများမှာ ဗဟိုဘဏ်ကို လွတ်လပ်သော အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းခဲ့ခြင်းနှင့် နိုင်ငံခြားငွေလဲနှုန်းကို ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲနှုန်းစနစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်း စနစ်ကို ၂၀၁၂ ဧပြီ ၂ ရက်တွင် စတင်ခဲ့ပြီး ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၈၁၈ ကျပ်ဖြင့် စတင်ဈေးသတ်မှတ်ခဲ့သည်။ ထိုသို့ ဈေးသတ်မှတ်အပြီး တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ၁၀၀၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၀၈၀ ကျပ်ခန့်အထိ ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့ပြီး ဗဟိုဘဏ်က စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းနှင့် ကျပ် ၃၀၀ ကျော် ကွာဟလာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု မြင့်တက်ခဲ့ကြောင်း သိရသည်။ လက်ရှိ ဖေဖော်ဝါရီ လဆန်းပိုင်းအတွင်း တစ်ဒေါ်လာလျှင် ဗဟိုဘဏ်၏ ရည်ညွှန်းနှုန်းမှာ ၁၀၂၅ ကျပ်ဝန်းကျင်သာရှိပြီး ပြင်ပဈေးကွက်တွင် ၁၀၃၀ ကျပ်ဝန်းကျင်၌သာ ငြိမ်သက်နေသည်။ 

Most Read

Most Recent