မြန်မာနိုင်ငံမှ တရုတ်သို့ ပထမဆုံး တိုက်ရိုက်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကို ကွန်တိန်နာသယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီး Maersk Line က စတင်ဝန်ဆောင်မှုပေး

မြန်မာနိုင်ငံမှ တရုတ်သို့ ပထမဆုံး တိုက်ရိုက်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကို ကွန်တိန်နာသယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီး Maersk Line က စတင်ဝန်ဆောင်မှုပေး
Published 5 February 2015
နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံး တိုက်ရိုက်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကို နာမည်ကျော် ကွန်တိန်နာသယ်ယူ ပို့ဆောင်ရေးကုမ္ပဏီကြီး Maersk Line ၏ အာရှဒေသတွင်း လက်အောက်ကုမ္ပဏီခွဲ ဖြစ်သည့် MCC Transport က စတင်ဝန် ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ရိုက်ကုန်သွယ်ရေး ဝန်ဆောင်မှုလိုင်းသစ် IA5 (Intra Asia 5) ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှစတင်ကာ တစ်ပတ်တစ်ကြိမ် ကုန်စည်ကူးသန်းမှုအတွက် ပြေးဆွဲဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး အာရှမှ မြန်မာသို့ ကုန်သွယ်မှု၏ခန့်မှန်းခြေ ၄၅ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှဖြစ်သည်။
“ရန်ကုန်-တရုတ် လမ်းကြောင်းအတွက် ခရီးစဉ်ကို ဇန်နဝါရီ ၂၅ ရက်မှာ စတင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ရှန်ဟိုင်းနဲ့ နင်ဘိုမြို့တွေမှာ ဆိုက်ကပ်သွားပါမယ်” ဟု MCC Transport မှ Chief Commercial Officer မစ္စတာနာရက်ရှ်ပေါ့တီက ဖေဖော်ဝါရီ ၄ ရက် က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ သည်။
IA5 လမ်းကြောင်းဝန်ဆောင်မှုသည် ရန်ကုန်မှ တရုတ်ပြည်သို့ သင်္ဘောတင်ပို့ရာ တွင် အချိန်ကြာမြင့်မှုကို သိသာစွာလျှော့ချ ပေးနိုင်မည်ဖြစ်ပြီး ယခင်က ရန်ကုန်မှ ရှန်ဟိုင်းသို့ ၁၈ ရက်ကြာမြင့်ခဲ့သော်လည်း ယခုအခါ ၁၃ ရက်သာ ကြာမြင့်တော့မည်ဟု ဆိုသည်။
“မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ပတ်သက်လို့ တိုးတက်မယ့် အလားအလာကောင်းတွေကြောင့် ကျွန်တော်တို့အေဂျင်စီကို ဒီမှာစတင်ခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် ကုန်သွယ်မှုတွေက တရုတ်၊ ထိုင်း၊ ဗီယက်နမ်တို့လို အာရှနိုင်ငံတွေ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့အဝတ်အထည်တင်ပို့မှုက အခြားဈေးကွက်တွေဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအထိ ကုန်သွယ်နိုင်လိမ့်မယ်လို့ ခန့်မှန်းပါတယ်” ဟု ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံတို့ရှိ Maersk Line ကို ကြီးမှူးနေသော မန်နေဂျင်းဒါရိုက်တာ မစ္စတာဘိုဝဂ်နာက ပြောကြားခဲ့သည်။
IA5 လိုင်းအတွက် ၎င်းတို့ကသင်္ဘောရှစ်စီးဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သည်။
Maersk Line သည် ၁၉၉၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ ပူးတွဲပါတနာတစ် ဦးနှင့် လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် မတ်တွင် ကုမ္ပဏီတစ်ခုတည်း အနေနှင့် ၎င်းတို့၏ အေဂျင်စီရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ အပြန်အလှန်ပို့ဆောင်မှု ယခင်ကတည်းက ရှိခဲ့သော်လည်း ယခုအကြိမ်က ကြားဆိပ်ကမ်းများတွင် ကုန်ပစ္စည်းမတင်ချသည့် ပထမဆုံး တိုက်ရိုက်လမ်းကြောင်းဖြစ်ကြောင်း သိရသည်။ Maersk Line သည် ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၁၆ နိုင်ငံတွင် ရုံးခန်းပေါင်း ၃၇၄ ခုထားပြီး ပင်လယ်လုပ်သားပေါင်း ၇ဝဝဝ ကျော်နှင့် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။
 
 
 

Most Read

Most Recent