လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း ထိုင်းနိုင်ငံဘက်မှ လုပ်ငန်းသုံးယာဉ်၊ လူသုံးကုန်များ အဓိကတင်သွင်းသည့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်စည်တင်သွင်းမှု ပမာဏ ဒေါ်လာ ၃၂၈ သန်းကျော် ရှိလာ

လက်ရှိဘဏ္ဍာနှစ် ကိုးလအတွင်း ထိုင်းနိုင်ငံဘက်မှ လုပ်ငန်းသုံးယာဉ်၊ လူသုံးကုန်များ အဓိကတင်သွင်းသည့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်စည်တင်သွင်းမှု ပမာဏ ဒေါ်လာ ၃၂၈ သန်းကျော် ရှိလာ
Published 5 February 2015
ချမ်းမြေ့သူ

ထိုင်းနိုင်ငံဘက်မှ လုပ်ငန်းသုံးယာဉ် ယန္တရား၊ လူသုံးကုန်နှင့် မော်တော်ဆိုင်ကယ်များ အဓိကတင်သွင်းနေသည့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်စည်တင်သွင်းမှုပမာဏ ဒေါ်လာ ၃၂၈ သန်းကျော် အထိရှိလာကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဇန်နဝါရီလကုန်အထိ သွင်းကုန်တန်ဖိုးဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ကုန်စည်မျိုးစုံတင်ပို့မှုမှ ရငွေမှာမူ ဒေါ်လာ ၂၄ သန်းကျော်ဖြစ်ကြောင်း သိရပြီး ပို့ကုန်မှရငွေနှင့် သွင်းကုန်အတွက် အသုံးပြုရငွေ နှိုင်းယှဉ်ပါက သွင်းကုန်အတွက် ဒေါ်လာ ၂၇၉ သန်းကျော် ပိုမိုအသုံးပြုထား ခြင်းဖြစ်ကြောင်း သိရသည်။
“ မြဝတီနယ်စပ်က အရင်ကတည်းက သွင်းကုန်အဓိကတင်သွင်းနေတဲ့ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တာကြောင့် သွင်းကုန်အတွက် အသုံးပြုငွေ ပိုများနေတာ ပါ။ ထိုင်းဘက်ကနေ လုပ်ငန်းသုံးယာဉ်ယန္တရားတွေ၊ လယ်ယာသုံးထွန်စက်တွေ၊ တယ်လီဖုန်းနဲ့ မော်တော်ဆိုင်ကယ်တွေ တင်သွင်းမှု အများဆုံးဖြစ်ပါတယ်” ဟု မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းက ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။
မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှရငွေမှာ ယခင်ဘဏ္ဍာ  နှစ်ကာလတူထက်ပင် လျော့နည်းနေပြီး သွင်း ကုန်အတွက် အသုံးပြုငွေမှာ ယခုဘဏ္ဍာနှစ် တွင် ပိုမိုနေကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် မြန်မာ-ထိုင်းနယ်စပ်တွင် တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ခုနစ်ခုရှိသည့်အနက် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှု အများဆုံးပြုလုပ်လျက်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်အတွင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ် ပြန်ချက်အရ ထိုင်းနိုင်ငံဘက်မှ ထုတ်ပြန် ပေးသော တရားဝင်နယ်စပ်ကုန်သွယ်မှုပမာဏနှင့် မြန်မာဘက်မှထုတ်ပြန်သော တရားဝင် နယ်စပ်ကုန်သွယ်မှုပမာဏမှာ လေးဆ နီးပါးအထိ ကွာဟနေပြီး မြန်မာနိုင်ငံဘက်မှ မှောင်ခိုတင်သွင်းမှု ပိုများကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင် တရားဝင်ကုန် သွယ်မှုများ တိုးတက်လာစေရန် Mobile Team  အဖွဲ့များက နယ်စပ်ဒေသများအလိုက် တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေးဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျက်ရှိသောကြောင့် တရားဝင်ကုန်စည် တင်သွင်းမှုအတွက် အသုံးပြုငွေမှာ ပိုမိုလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                              
 

Most Read

Most Recent