ဘင်္ဂလားဒေ့ရှ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ဘတ်စ်ကားကို မီးလောင်ဗုံးဖြင့် ပစ်သောကြောင့် ခုနစ်ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ဘတ်စ်ကားကို မီးလောင်ဗုံးဖြင့် ပစ်သောကြောင့် ခုနစ်ဦး သေဆုံး
Published 3 February 2015

ဖေဖော်ဝါရီ ၃ ရက်က ဘင်္ဂလားဒေ့ရှ် အရှေ့ပိုင်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက အိပ်ပျော်နေသည့် ခရီးသည်များ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးကို မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး ဝန်ကြီးချုပ်ရှိတ်ဟာစီနာကို ဖြုတ်ချရန် ရည်ရွယ်သည့် နိုင်ငံရေး မငြိမ်မသက်မှုက ပို၍ အရှိန်မြင့်မားလာခဲ့သည်။ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် တာဝန်ယူခဲ့ဖူးသည့် ခါလီဒါဇီယာ ဦးဆောင်သော BNP ပါတီမှ တက်ကြွလှုပ်ရှားသူများ၏ လက်ချက်ဟု စွပ်စွဲထားသော ချက်ဒိုဂရမ်မြို့၌ ဖြစ်ပွားသည့် ယင်းတိုက်ခိုက်မှုတွင် အခြားခရီးသည် အများအပြားလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။ယခု တိုက်ခိုက်မှုကြောင့် လနှင့်ချီ ကြာခဲ့ပြီဖြစ်သည့် ဆန္ဒပြမှုများအတွင်း သေဆုံးသူ အရေအတွက်သည် ၅၃ ဦးအထိ ရှိလာခဲ့သည်။ သေဆုံးသူ အများစုသည် အတိုက်အခံ တက်ကြွလှုပ်ရှားသူများက လမ်းများကို ပိတ်ဆို့ရန် ကြိုးပမ်းစဉ် ဘတ်စ်ကားများနှင့် လော်ရီကားများကို မီးလောင်ဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြရခြင်းဖြစ်သည်။“ဓာတ်ဆီဗုံးနဲ့ ပစ်ခတ်မှုဟာ မနက် ၄ နာရီမှာ ဖြစ်ပွားခဲ့ပြီး ခရီးသည် ခုနစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။ ခရီးသည် ငါးဦးဟာ အသက်အန္တရာယ် အလွန်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီး သူတို့ခန္ဓာကိုယ်ရဲ့ ရာခိုင်နှုန်း ၄၀ ကနေ ၈၀ ဟာ မီးလောင်ကျွမ်း ခံထားကြရပါတယ်။ သူတို့ကို မြို့တော်က ဆေးရုံတစ်ရုံကို ပို့လိုက်ပါပြီ” ဟု ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ တက်တူးချာခရာဘာတီက အေအက်ဖ်ပီသတင်းဌာနသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။သက်ဆိုင်ရာ အာဏာပိုင်များသည် အကြမ်းဖက်မှုများကို ရပ်တန့်ရန်အတွက် ဇန်နဝါရီ ၃ ရက်ကတည်းက အသက် ၆၉ နှစ်အရွယ်ရှိ ဇီယာကို သူ၏ ရုံး၌ပင် ထိန်းသိမ်းထားပြီး ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။လွန်ခဲ့သည့်လ အစောပိုင်းက ဇီယာသည် ဆန္ဒပြမှုများ ပြုလုပ်ရန် ဆော်သြလျက် သူ့အား ထောက်ခံသူများအား နိုင်ငံတစ်လွှား၌ ကားလမ်း၊ ရထားလမ်းနှင့် ရေလမ်းတို့ကို ပိတ်ဆို့လျက် ဟာစီနာအား ရွေးကောက်ပွဲအသစ် ကျင်းပပေးရေးအတွက် ဖိအားပေးရန် တောင်းဆိုခဲ့သည်။BNP ပါတီနှင့် သူ၏ မဟာမိတ်များသည် ရွေးကောက်ပွဲရလဒ်များသည် အလိမ်အညာများသာ ဖြစ်လိမ့်မည်ဟု ယုံကြည်သောကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ကျင်းပသည့် နောက်ဆုံးဆန္ဒမဲပေးပွဲကို သပိတ်မှောက်ခဲ့သည်။ အာဏာပိုင်များသည် ဖေဖော်ဝါရီ ၂ ရက်တွင် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဇီယာကို လူသတ်မှုဖြင့် စွဲချက်တင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေးအတွက် အမိန့်ပေးခဲ့သည်။ ဆန္ဒပြမှုများ စတင်ခဲ့ပြီးနောက် လူရာချီ ဒဏ်ရာရရှိခဲ့ပြီး ယာဉ်အစီး ၈၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။Ref:AFP

Most Read

Most Recent