မြန်မာနိုင်ငံအတွင်း ကျက်စားနေထိုင်သည့် မိကျောင်းမျိုးစိတ် လေးမျိုးရှိသည့်အနက် သုံးမျိုးသည် မျိုးသုဉ်းပျောက်ကွယ်နေပြီး ကျန်နေရှိသည့် မျိုးစိတ်အား ထိန်းသိမ်းကာကွယ်လျက်ရှိကြောင်း သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။ပြည်တွင်းတွင် ကျက်စားနေထိုင်ခဲ့သည့် မိကျောင်းမျိုးစိတ်များသည် သံသုမာခေါ် ရေချိုရေငန်စပ် မိကျောင်း၊ ကုမ္ဘိလခေါ် ဂင်္ဂါမိကျောင်း၊ နက္ကမိကျောင်းနှင့် ယိုးဒယားမိကျောင်းတို့ဖြစ်ပြီး ကျန်ရှိနေသည့် မိကျောင်းမျိုးသည် ရေချိုရေငန်စပ် မိကျောင်းဖြစ်ကြောင်း သိရသည်။“အရင်တုန်းက မြန်မာနိုင်ငံမှာ မိကျောင်းမျိုးစိတ် လေးမျိုးအထိ ရှိပါတယ်။ အခုတော့ မျိုးစိတ်လေးမျိုးမှာ သုံးမျိုးက မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကျန်ရှိနေတဲ့ ရေချိုရေငံစပ် မိကျောင်းမျိုးစိတ်ကို ထိန်းသိမ်းကာကွယ်မှုတွေ ပြုလုပ်နေပါတယ်” ဟု သဘာ၀၀န်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ရေချိုရေငန်စပ် မိကျောင်းများသည် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဒီရေတော ပေါက်ရောက်ရာ ဒေသများတွင် အများဆုံးကျက်စား နေထိုင်ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း အများဆုံး နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။ရေချိုရေငန်စပ် မိကျောင်းများ အများဆုံးနေထိုင်ရာ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း သားပေါက်၊ အကောင်ငယ်၊ အရွယ်လတ်၊ သက်ကြီးကောင်ဟူ၍ အပိုင်းလေးပိုင်းခွဲကာ မိကျောင်းစာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။ကောက်ယူရရှိခဲ့သည့် မိကျောင်းစာရင်းများသည် သားပေါက် ၁၁ ကောင်၊ သက်ငယ်ကောင် ၁၄ ကောင်၊ အရွယ်လတ် ၁၉ ကောင်နှင့် သက်ကြီးကောင် ၂၀ နှင့် စုစုပေါင်း ၆၄ ကောင်တို့ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကောက်ယူခဲ့သည့် စာရင်းနှင့် နှိုင်းယှဉ်ပါက သားပေါက်ကောင်ရေသည် ၂၀၁၄ ခုနှစ် တွေ့ရှိမှုထက် ၄၆ ကောင်လျော့နည်းကာ သက်ငယ် ၁၄ ကောင်၊ အရွယ်လတ် လေးကောင်၊ အရွယ်ကြီး သုံးကောင်တို့ကို ပိုမိုတွေ့ရှိခဲ့သဖြင့် စုစုပေါင်းကောင်ရေ ၂၅ ကောင်အထိ လျော့နည်းခဲ့ကြောင်း သိရသည်။မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းရှိ ဒီရေတောပေါက်ရောက်ရာ ဒေသများတွင် သဘာဝအလျောက်နေထိုင် ကျက်စားလျက်ရှိသော ရေချိုရေငန်စပ် မိကျောင်းများ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေး၊ ကျက်စားရာဒေသအတွင်းရှိ အကောင်ရေ တိုးပွားမှုနှင့် ပျံ့နှံ့ကျက်စားမှုကို သိရှိနိုင်ရေး၊ ဒီရေတောဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် ဒီရေတောဒေသရှိ သားစားသတ္တဝါများ၏ အစာကွင်းဆက် ညီညွတ်မျှတစေရေးတို့ကို သိရှိနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ နှစ်စဉ် မိကျောင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကျက်စားနေထိုင်သည့် မိကျောင်းမျိုးစိတ် လေးမျိုးရှိသည့်အနက် သုံးမျိုးမှာ မျိုးသုဉ်းပျောက်ကွယ်နေပြီဖြစ်









