ဘယ်လို အလုပ်အကိုင်မျိုးကို ရွေးချယ်မလဲ စဉ်းစားတဲ့အခါ စံသတ်မှတ်ချက် နှစ်မျိုးရှိတယ်။ ဒီနေရာမှာ အလုပ်အကိုင် ဆိုတာဟာ Career ကို ဆိုလိုပါတယ်။ တစ်မျိုးက အလုပ်အကိုင် အခွင့်အလမ်း စိတ်ချရမှုနဲ့ နောက်တစ်မျိုးက ကိုယ်တိုင် ဝါသနာပါမှုပါ။ အလုပ်အကိုင် ရွေးချယ်မှု ရာခိုင်နှုန်း အတော်များများဟာ အလုပ်အကိုင် အခွင့်အလမ်း စိတ်ချရမှု လမ်းကြောင်းကိုပဲ ရွေးချယ်ကြတယ်။ အတော်လေးနည်းတဲ့ ပမာဏလောက်ကသာ ကိုယ့်ရဲ့ ဝါသနာနောက်ကို လိုက်နိုင်ဖို့အတွက် စွန့်စားရဲတဲ့ သတ္တိရှိကြတယ်။ ဥပမာ ကျွန်တော်တို့ဆီက တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်တဲ့ ကလေးတွေရဲ့ ရွေးချယ်မှုကို ကြည့်တဲ့အခါ သိသာပါလိမ့်မယ်။ အများစုက ဆေးကျောင်းတက်မယ်၊ ရေကြောင်းတက္ကသိုလ် တက်မယ်။ သမိုင်းပညာရှင် ဖြစ်ချင်တယ်။ ဒါမှမဟုတ် ပန်းချီပညာရှင်၊ ဂီတပညာရှင် ဖြစ်ချင်တယ် ဆိုတာမျိုး မတွေ့ရသလောက်ပဲ။ ထည့်စဉ်းစားရမှာက မြန်မာနိုင်ငံက အသက်မွေးတက္ကသိုလ် မဟုတ်တဲ့ ကျောင်းတွေရဲ့ သင်ကြားပေးနိုင်မှု အဆင့်အတန်းပါ။ တချို့က ဝါသနာပါရာနောက်ကို လိုက်ချင်တယ်။ ဒါပေမဲ့ တက္ကသိုလ်ရဲ့ သင်ကြားနိုင်မှု အဆင့်အတန်းကို သံသယဖြစ်တဲ့အခါ စိတ်ချရမယ်ထင်တဲ့ တက္ကသိုလ်ကိုပဲ ရွေးချယ်တော့တယ်။ ဒါက တစ်ပိုင်းပါ။ အခု ဆိုလိုချင်တဲ့ အချက်က ရွေးချယ်စရာ ရှိသည့်တိုင်အောင် အခွင့်အလမ်း စိတ်ချရမှုနဲ့ ဝါသနာ အများစုက အခွင့်အလမ်း စိတ်ချရမှုကိုပဲ ဦးစားပေးတယ်ဆိုတဲ့ အချက်ပါ။အသက်ရှင် ရပ်တည်ဖို့အတွက် လူတိုင်း အလုပ်လုပ်ကြရတယ်။ ဒါပေမဲ့ တချို့လူတွေ အောင်မြင်ပြီး တချို့လူတွေက ဘဝတစ်သက်တာလုံး လူမသိ သူမသိနဲ့ဘဲ ပြီးဆုံးသွားရတယ်။ အဓိက ကွာခြားချက်က အောင်မြင်တဲ့လူတွေက သူတို့ဘာကြောင့် အလုပ်လုပ်ရတာလဲဆိုတဲ့ အချက်ကို သိတယ်။ ဘာကြောင့် သူတို့ ဒီရလဒ်ကို လိုချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို နားလည်တယ်။ Simon Sinek ဆိုတဲ့ ခေါင်းဆောင်မှုစွမ်းရည် ပညာရှင်က Golden Circle လို့ခေါ်တဲ့ အချက်သုံးချက်ကို ထုတ်ပြတယ်။ What, How and Why တဲ့။လူတော်တော်များများက သူတို့ ဘာလုပ်နေတာလဲဆိုတာ သိတယ်။ ဘယ်လိုလုပ်ရလဲဆိုတာ သိတယ်။ ဒါပေမဲ့ ဘာ့ကြောင့် လုပ်ရလဲ ဆိုတာကို မသိဘူး။ ဒါပေမဲ့ အောင်မြင်တဲ့ လူတွေကတော့ ဘာကြောင့်လဲဆိုတာကို အရင်စဉ်းစားတယ်။ ပြီးတော့မှ ဘယ်လိုလုပ်မလဲ၊ ဘာလုပ်မလဲဆိုတာကို ဆက်ပြီးစဉ်းစားတယ်။ လူတစ်ယောက်ဟာ ယုံကြည်မှုနဲ့ ဝါသနာမပါဘဲ အလုပ်တစ်ခုကို လုပ်တဲ့အခါ သူဘာကြောင့် ဒီအလုပ်ကို လုပ်နေတာလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို မသိဘူး။အဲလိုလူတွေဟာ အလုပ်ကို မဖြစ်မနေမို့လို့သာ လုပ်နေရပြီး ပိတ်ရက်ကိုပဲ မျှော်တတ်ကြတယ်။ သူတို့အတွက် အလုပ်က ပိုက်ဆံရဖို့အတွက်က လွဲလို့ တခြား Motivation မရှိတော့ဘူး။ ကိုယ်ဝါသနာပါတဲ့ အရာကို လုပ်တဲ့အခါ အချိန်ကုန်မှန်း မသိသာပေမယ့် ဝါသနာမပါတဲ့ အရာတစ်ခုကို မဖြစ်မနေမို့ လုပ်နေရတဲ့အခါ ငါးမိနစ်ဆိုတဲ့ အချိန်က မကုန်ဆုံးနိုင်အောင် ကြာနေတတ်တယ်ဆိုတာ လူတိုင်းသိပါတယ်။အလုပ်အကိုင် ရွေးချယ်ရာမှာ အခွင့်အလမ်း စိတ်ချရမှုကို အဓိကထားပြီး ရွေးချယ်တဲ့သူတွေဟာ အဲလို စိတ်ပျက်စရာ အခြေအနေမျိုးနဲ့ အဓိက ကြုံတွေ့ရတယ်။ ဥပမာ အလုပ်အကိုင်သေချာလို့ ဆရာဝန် ဖြစ်လာပေမယ့် ဆရာဝန်အလုပ်ကို တကယ်တမ်း ဝါသနာမပါတဲ့အခါ တစ်နေ့တစ်နေ့ လူနာတွေကို ကိုင်တွယ်နေရတာ စိတ်ပင်ပန်း လူပင်ပန်းနဲ့ စိတ်ပျက်စရာကောင်းတဲ့ အလုပ်တစ်ခုထက် မပိုတော့ဘူး။ ကျွန်တော်တို့ရဲ့ Society ကလည်း Career Dilemma ကို ကြုံတွေ့တဲ့အခါ အခွင့်အလမ်း စိတ်ချရမှုကို အဓိကထား ရွေးချယ်ဖို့ တွန်းအားပေးကြတယ်။
အိုင်းစတိုင်းက ပြောခဲ့တယ်။ “လူအုပ်နောက်ကနေ လိုက်လျှောက်တဲ့သူဟာ အဲဒီလူအုပ် ရောက်သလောက်ပဲ ရောက်လိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်တည်း ကိုယ့်လမ်းကိုယ် လျှောက်တဲ့သူကတော့ ဘယ်သူမှ မရောက်ဖူးတဲ့ နေရာကို ရောက်နိုင်လိမ့်မယ်” . . . . .
Simon Maslow ရဲ့ Motivation by needs သီအိုရီအရ လူတိုင်းဘာ့ကြောင့် အလုပ်လုပ်ရတယ်ဆိုတဲ့ လိုအပ်ချက် အကြောင်းပြချက် ရှိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ အခြေခံ လိုအပ်ချက်အတွက် အလုပ်လုပ်ရတယ်ဆိုရင် အဲဒီ အခြေခံလိုအပ်ချက် မပြည့်စုံသေးတဲ့ အချိန်မှာတော့ သူဟာ အလုပ်အတွက် Motivation ရှိနေပေမယ့် အဲဒီ လိုအပ်ချက် ပြည့်စုံနေတဲ့ အချိန်မှာ သူ့အတွက် တွန်းအားက ပျောက်ဆုံးနေမှာပဲ။ ဥပမာပြောရရင် လူတစ်ယောက် ငတ်ပြတ်နေတဲ့ အချိန်မှာတော့ အစားအစာ ရဖို့အတွက် ဆိုတဲ့ Motivation ဟာ သူ့အလုပ်အတွက် တွန်းအားဖြစ်နေပေမယ့် သူအစားဝနေတဲ့ အချိန်မှာတော့ သူ့ရဲ့ လက်ရှိအလုပ်ဟာ သူ့အတွက် Motivation မဖြစ်နိုင်တော့ဘူး။Motivation ဆိုတာဟာ လူတစ်ယောက်ကို အလုပ်လုပ်ဖို့အတွက် အဓိကထား မောင်းနှင်တဲ့ တွန်းအားပါ။ အဲဒီတွန်းအား မရှိရင် အလုပ်လုပ်ရတဲ့ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု ဘာမှ မရှိနိုင်တော့ဘူး။ လူတိုင်းလူတိုင်းမှာ Psychological Motivation ဆိုတာ ရှိတယ်။ တခြားအရာတွေ ပြောင်းလဲသွားပေမယ့် အဲဒီ Psychological Motivation က မပြောင်းလဲတတ်ဘူး။ ကိုယ် အဓိက အလိုချင်ဆုံး အရာဟာ ဘာလဲဆိုတဲ့ အဲဒီတွန်းအားကို သိရင် ကိုယ်ဘာလုပ်ရမလဲ ဆိုတာကို သိနိုင်ပါလိမ့်မယ်။ဥပမာ ကိုယ့်ရဲ့ Psychological Motivation က တကယ် လူနာတွေကို ကယ်တင်ချင်တယ်၊ လူနာတွေ ရောဂါပျောက်သွားတာကို မြင်ရရင် အရမ်းစိတ်ချမ်းသာရတယ် ဆိုတာမျိုးဆိုရင် ဆရာဝန်အလုပ်က သူ့အတွက် အသင့်တော်ဆုံး အလုပ်ပဲ။ ကိုယ့်ရဲ့ Psychological Motivation ဆိုတာဟာ မနက်တိုင်း မနက်တိုင်း ကိုယ်ဘာကြောင့် အိပ်ရာကနေ ထနေရလဲ ဆိုတာရဲ့ အကြောင်းပြချက်ပါပဲ။ အဆုံးသတ်ရရင် Career Dilemma ဖြစ်တဲ့အချိန် အခွင့်အလမ်း စိတ်ချရမှုနဲ့ ဝါသနာကြား ဒွိဟဖြစ်လာတဲ့ အချိန်တိုင်းမှာ ကိုယ့်ရဲ့ အဓိက Motivation က ဘာလဲဆိုတာကို သိအောင်လုပ်ပါ။ ကိုယ်ဘာကို တကယ်လိုချင်တာလဲ ဆိုတာကို သိအောင်လုပ်ပါ။ ပြီးမှ အဲဒီအပေါ်မှာ ရွေးချယ်ပါ။ တစ်ခု နားလည်ထားရမှာက အလုပ်အကိုင် စိတ်ချရမှုနဲ့ ဝါသနာ တစ်ထပ်တည်း ကျနေတဲ့ အခြေအနေမျိုးက တကယ်ကို ရှားပါးလွန်းတယ် ဆိုတာပါ။ အဲတော့ တစ်ခုကို လိုချင်ရင် တခြားတစ်ခုကိုတော့ သေချာပေါက် စတေးရပါလိမ့်မယ်။ အခွင့်အလမ်းကို ဦးစားပေးရင် ကိုယ့်ဝါသနာနဲ့ လွဲနေတဲ့အခါ လူမသိသူမသိ စိတ်မပါလက်မပါ အလုပ်လုပ်ရမယ်။ဒါပေမဲ့ ကိုယ့်နေရေးစားရေးအတွက်တော့ စိတ်ချရမယ်။ တခြားတစ်ဖက်မှာ ဝါသနာကို ဦးစားပေးမယ်ဆိုရင် အပင်ပန်းအဆင်းရဲ ခံနိုင်ရပါလိမ့်မယ်။ ဝါသနာနဲ့ ယုံကြည်မှုကို ရွေးချယ်တဲ့ လမ်းတွေကတော့ ပန်းခင်းလမ်း ဖြစ်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်လမ်းကိုယ်ဖောက်မယ် ဆိုရင်တော့ ဆူးငြောင့်ခလုတ်တွေနဲ့ သွေးခြင်းခြင်း ရဲတတ်တယ်ဆိုတာကို သိထားရပါလိမ့်မယ်။ အိုင်းစတိုင်းက ပြောခဲ့တယ်။ “လူအုပ်နောက်ကနေ လိုက်လျှောက်တဲ့သူဟာ အဲဒီလူအုပ် ရောက်သလောက်ပဲ ရောက်လိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်တည်း ကိုယ့်လမ်းကိုယ် လျှောက်တဲ့သူကတော့ ဘယ်သူမှ မရောက်ဖူးတဲ့ နေရာကို ရောက်နိုင်လိမ့်မယ်” တဲ့။“ကျွန်တော် ကျောင်းကထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အခြေအနေဟာ ပန်းခင်းတဲ့လမ်းတစ်ခု မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်မှာ နေစရာ မရှိတော့တဲ့အတွက် သူငယ်ချင်းတွေရဲ့ အခန်းကြမ်းပြင်မှာ အိပ်ခဲ့ရတယ်။ အစားအသောက် ဝယ်ဖို့အတွက် သူများသောက်ပြီးသား ကိုကာကိုလာဘူးတွေကို လိုက်ကောက်ပြီး ရောင်းခဲ့ရတယ်။ တစ်ပတ်မှာ တနင်္ဂနွေနေ့ တစ်နေ့တည်း အစားအသောက်ကောင်းလေး စားရဖို့အတွက် မြို့တစ်ဖက်ခြမ်းမှာရှိတဲ့ ခုနစ်မိုင်ကျော်ဝေးတဲ့ ဘုရားကျောင်းကို လမ်းလျှောက်ခဲ့ရတယ်။ ဘယ်လို အခက်အခဲတွေနဲ့ပဲ ကြုံခဲ့ရပေမယ့် ကျွန်တော်ယုံကြည်ရာကို လုပ်ခဲ့မှုဟာ မှန်ကန်တယ်ဆိုတာ အခုအချိန်မှာ ပြန်ကြည့်တဲ့အခါ အထင်းသား သိမြင်နိုင်ပါလိမ့်မယ်”(စတမ်းဖို့တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် Apple တည်ထောင်သူ Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း)