ဒုတိယမြောက် ဂျပန်ဓားစာခံ ဂျာနယ်လစ်ကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း IS ထုတ်ပြန်

ဒုတိယမြောက် ဂျပန်ဓားစာခံ ဂျာနယ်လစ်ကို ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း IS ထုတ်ပြန်
Published 2 February 2015
Ref:AFP

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (IS) ၏ ထပ်မံထုတ်ပြန်လိုက်သော ဗီဒီယိုတစ်ခုထဲတွင် ဒုတိယမြောက် ဂျပန်ဓားစားခံကို ခေါင်းဖြတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းဖြစ်စဉ်အပေါ် နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင်ခဲ့ကြပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှာလည်း သိသိသာသာ စိတ်မချမ်းမသာဖြစ်ကာ အလွန်ယုတ်မာပြီး စက်ဆုပ်ဖွယ်ကောင်းသည့်လုပ်ရပ်ဟု ရှုတ်ချခဲ့ကြောင်း သိရသည်။အွန်လိုင်းပေါ်သို့တင်ခဲ့သည့် ထို ဗီဒီယိုထဲတွင် IS တို့သည် အသက် ၄၇ နှစ်အရွယ် ဂျပန်ဓားစာခံဂျာနယ်လစ် ကင်ဂျီဂိုတိုအား သတ်လိုက်သည်ဟု ဖော်ပြခဲ့သော်လည်း ဂျော်ဒန်ဓားစာခံ လေယာဉ်မှူးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မပြောကြားခဲ့ပေ။“ကျွန်တော်တို့ ထပ်ပြီး စိစစ် သုံးသပ်ကြည့်ပြီးသွားပါပြီ။ ဒီဗီဒီယိုဟာ အစစ်အမှန် ဖြစ်နိုင်ခြေ အလွန်ရှိပါတယ်”ဟု ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဟိုင်ဒီဆူဂါက ပြောကြားခဲ့သည်။ဗီဒီယိုထဲတွင် အလွတ်တန်းဂျာနယ်လစ် ဂိုတိုသည် လိမ္မော်ရောင် အကျဉ်းထောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးစွပ်ထားသော လူတစ်ဦး၏ နံဘေးတွင် ဒူးထောက်နေသည်ကို တွေ့ရသည်။ ထိုမျက်နှာဖုံးစွပ်လူသည် ခေါင်းမှခြေထောက်အထိ အနက်ရောင် ဝတ်ဆင်ထားကာ IS ၏ ယခင်ကွပ်မျက်သည့် ဗီဒီယိုများထဲ၌ ပါဝင်သူဖြစ်နိုင်ဖွယ်ရှိသည်။ သူက ယခုကွပ်မျက်မှုမှာ ဂျပန်အစိုးရကြောင့်ဖြစ်ကြောင်း ဗြိတိန်လေသံဖြင့် ပြစ်တင်ပြောဆိုခဲ့သည်။ဗီဒီယိုထဲတွင် ယင်းမျက်နှာဖုံးစွပ်လူက အာဘေးဟု ထည့်သွင်းပြောကြားခဲ့ပြီး ယခု သတ်ဖြတ်မှုမှာ ဂျပန်အစိုးရ၏ မဆင်မခြင်ဆုံးဖြတ်မှုများ၏ ရလဒ်ဖြစ်ကြောင်းနှင့် ဂျပန်တို့အတွက် ထိတ်လန့်စရာဖြစ်စဉ်များ၏ အစသာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ဗီဒီယိုကို ခေါင်းဖြတ်ခံထားရသော လိမ္မော်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူ၏ အလောင်းပုံဖြင့် အဆုံးသတ်ထားသည်။ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းက ဂျပန်သတင်းဌာနများမှ ထုတ်လွှင့်သည့် သတင်းဗီဒီယိုထဲတွင် ဂျပန်ဝန်ကြီးချုပ်ရှင် ဇိုအာဘေးက“အလွန်ရက်စက်ယုတ်မာတဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းဒေါသထွက်မိပါတယ်။ ဒီအကြမ်းဖက်သမားတွေကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ပါဘူး”ဟု ကတိပေးပြောကြားသွားခဲ့သည်။ အကြမ်းဖက်သမားများကို သူတို့၏ ပြစ်မှုများအတွက် ပြန်လည်ပေးဆပ်ခိုင်းရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။ဂိုတို၏ မိခင် ဂျန်ကိုအီရှိဒိုကမူ သူသားသေဆုံးမှုအတွက် ဖော်ပြရန် စကားလုံးမရှိတော့ကြောင်း ဝမ်းနည်းဆို့နင့်စွာဖြင့် သတင်းထောက်များကို ပြောကြားခဲ့သည်။“မစ္စတာဂိုတိုဟာ သူရဲ့ ရဲရဲဝံ့ဝံ့ သတင်းတင်ဆက်မှုတွေကတစ်ဆင့် ဆီးရီးယားပြည်သူတွေရဲ့ ဒုက္ခရောက်မှုတွေကို ကမ္ဘာကို သိရှိစေခဲ့ပါတယ်”ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားခဲ့ပြီး ဂိုတိုကို ကွပ်မျက်ခဲ့ခြင်းမှာ အလွန်ယုတ်မာရက်စက်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြစ်တင်ခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း ယခုဖြစ်ရပ်ကြောင့် အကြမ်းဖက်မှုများမှာ အီရတ်နှင့် ဆီးရီးယားကိုသာ ဦးတည်ဖြစ်ပွားခြင်း မဟုတ်တော့သည်ကို ထင်ရှားစေခဲ့သည်ဟု ပြောကြားခဲ့သည်။ဩဂုတ်လကတည်းက ဖမ်းဆီးခံခဲ့ရသည့် အခြား ဂျပန်ဓားစာခံတစ်ဦးဖြစ်သော ဟာရူနာယူကာဝါကိုလည်း ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း အစောပိုင်းက ထုတ်ပြန်ခဲ့သည့် IS ဗီဒီယိုတစ်ခုထဲ၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။  IS အဖွဲ့သည် ဩဂုတ်လမှစ၍ အမေရိကန် ဂျာနယ်လစ်နှစ်ဦး၊ အမေရိကန်အကူအညီပေးရေး ဝန်ထမ်းတစ်ဦးနှင့် ဗြိတိန်အကူအညီပေးရေး ဝန်ထမ်းနှစ်ဦးတို့ကိုလည်း ကွပ်မျက်ခဲ့သည်။ 

Most Read

Most Recent