အီဂျစ်နိုင်ငံ ဆိုင်နိုင်းတွင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ၂၆ ဦး သေဆုံး

အီဂျစ်နိုင်ငံ ဆိုင်နိုင်းတွင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ၂၆ ဦး သေဆုံး
Published 31 January 2015

အီဂျစ်နိုင်ငံ မြောက်ပိုင်းရှိ လုံခြုံရေးတပ်များနှင့် အစ္စလာမ္မစ်သူပုန်များ တိုက်ပွဲဖြစ်ပွားနေသည့် ဆိုင်နိုင်းပြည်နယ်တွင် စစ်သွေးကြွများက ရော့ကက်များဖြင့် ပစ်ခတ်ပြီး ကားဗုံးဖောက်ခွဲမှုတစ်ရပ် ပြုလုပ်ခဲ့ရာ လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေပေါင်းများစွာ သိမ်းယူထားသော IS အုပ်စု၏ အီဂျစ်အဖွဲ့ခွဲက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အလျင်အမြန် ကြေညာခဲ့သည်။စစ်ဦးစီးချုပ်အဖြစ် အာဏာသိမ်းခဲ့ပြီး ယခုအခါ သမ္မတဖြစ်လာသည့် အဗ္ဗဒယ်ဖာတာအယ်စီစီက အစ္စလာမ္မစ်သမ္မတ မိုဟာမက်မော်စီကို ၂၀၁၃ ခုနှစ် ဇူလိုင်တွင် ဖြုတ်ချခဲ့ပြီးကတည်းက ဂျီဟတ်ဝါဒီများသည် ဆိုင်နိုင်းကျွန်းဆွယ်တွင် လုံခြုံရေးတပ်များကို ပုံမှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။အီဂျစ်အစိုးရက မော်စီအား ထောက်ခံသူများကို နှိမ်နင်းခဲ့ရာ၌ ရာနှင့်ချီလျက် သေဆုံးခဲ့ကြပြီး ထောင်နှင့်ချီလျက် ထောင်ချကာ ဒါဇင်နှင့်ချီလျက်ကို ကုလသမဂ္ဂကပင် လတ်တလော သမိုင်း၌ မရှိခဲ့ဘူးဟု ပြောစမှတ်တွင်လောက်အောင် အလျင်အမြန်စစ်ဆေးကာ သေဒဏ်ပေးခဲ့သည်။ ယင်းကို လက်စားချေသည့် အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဂျီဟတ်ဝါဒီ စစ်သွေးကြွများက ပြောကြားခဲ့သည်။ဇန်နဝါရီ ၂၉ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် ဆိုင်နိုင်းပြည်နယ်၏ မြို့တော် အယ်အရစ်ရှ်ကို ပစ်မှတ်ထားခဲ့ပြီး စစ်အခြေစိုက်စခန်းတစ်ခု၊ ရဲဌာနချုပ်တစ်ခု၊ ရဲနှင့် စစ်တပ်အရာရှိတို့ နေထိုင်ရာ အိမ်ရာတစ်ခုနှင့် စစ်တပ်စစ်ဆေးရေးဂိတ်များစွာကို တိုက်ခိုက်ခဲ့ကြသည်။ ယင်းသည် အောက်တိုဘာလနောက်ပိုင်း အကြီးမားဆုံး တစ်ပြိုင်နက် တိုက်ခိုက်မှုများဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။စစ်သွေးကြွများသည် မိနစ်ပိုင်း၌ပင် ရော့ကက်ဖြင့် တိုက်ခိုက်မှုပေါင်းများစွာနှင့် အသေခံကားဗုံးခွဲမှု တစ်ခုတို့ကို ဆောင်ရွက်ခဲ့ပြီး စစ်သားအများစု ပါဝင်သော လူပေါင်း ၂၅ ဦးကို သေဆုံးစေခဲ့သည်။ IS အုပ်စု၏ အီဂျစ်အဖွဲ့ခွဲဖြစ်သော အန်ဆာဘိတ်အယ်မာကစ်အဖွဲ့က တိုက်ခိုက်မှုများကို ၎င်းတို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Twitter မှနေ၍ ကြေညာခဲ့သည်။ယင်းအဖွဲ့က ဆိုင်နိုင်းမြောက်ပိုင်းရှိ အယ်အရစ်ရှ်၊ ရှိတ်ဇူဝိတ်နှင့် ရာဖာမြို့များတွင် တိုက်ခိုက်မှုများကို အကြီးအကျယ် တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။Ref:AFP

Most Read

Most Recent