ဘိုကိုဟာရမ်တို့ကို တိုက်ခိုက်မည့် တပ်သား ၇၅၀၀ ခန့် ပါဝင်သော အဖွဲ့တစ်ခု ဖြစ်ပေါ်လာရန် အာဖရိကသမဂ္ဂ တောင်းဆို

ဘိုကိုဟာရမ်တို့ကို တိုက်ခိုက်မည့် တပ်သား ၇၅၀၀ ခန့် ပါဝင်သော အဖွဲ့တစ်ခု ဖြစ်ပေါ်လာရန် အာဖရိကသမဂ္ဂ တောင်းဆို
Published 31 January 2015

နိုင်ဂျီးရီးယားမှ အလွန်ဆိုးရွားသော ဘိုကိုဟာရမ် အစ္စလာမစ်များကို ချေမှုန်းရန် ဒေသတွင်းငါးနိုင်ငံမှ တပ်သား ၇၅၀၀ ကို အာဖရိကသမဂ္ဂ (AU) မှ တောင်းဆိုခဲ့ကြောင်း AU ကော်မရှင်ဥက္ကဋ္ဌ နာကိုဆာဇာနာဒလာမီနီ-ဇူးမားက ပြောကြားခဲ့သည်။“ဘိုကိုဟာရမ်ရဲ့ အလွန်ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ ရက်စက်မှုတွေ၊ လူ့အသက်တွေကို လျစ်လျူပြုမှုတွေ၊ ပိုင်ဆိုင်မှုတွေကို အကြောင်းမဲ့သက်သက် ဖျက်ဆီးမှုတွေဟာ ပြိုင်ဘက်မရှိ ဖြစ်နေပါပြီ” ဟု ဒလာမီနီ-ဇူးမားက AU အဖွဲ့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီ တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။ဘိုကိုဟာရမ်၏ သူပုန်ထမှုသည် ဒေသတွင်းအရေး ဖြစ်လာပြီး ယင်းတို့၏ သူပုန်ထမှုကို တိုက်ရိုက်ခံစားနေရသည့် ကင်မရွန်း၊ ချဒ်၊ နိုင်ဂျာနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည် နိုင်ငံပေါင်းစုံတပ်ဖွဲ့ (MNJTF) တစ်ခု ဖြစ်ပေါ်လာအောင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူထားကြောင်း သိရသည်။နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများ၊ ချဒ်၊ ကင်မရွန်းနယ်စပ်တစ်လျှောက်တွင် ရှိသည့် ချက်ကန်မြစ်ဝှမ်းနှင့် မြောက်ပိုင်းပြည်နယ်မှ မြင့်တက်လာသည့် တိုက်ခိုက်မှုများသည် ဒေသတစ်ခုလုံးကို မတည်မငြိမ် ဖြစ်စေပြီး လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု ရေးရာများနှင့်လည်း အလှမ်းဝေးစေသည်ဟု ဒလာမီနီ-ဇူးမားက ပြောကြားခဲ့သည်။ဘိုကိုဟာရမ်တို့ သူပုန်ထခဲ့သည့် ၂၀၀၉ ခုနှစ်မှစပြီး သေဆုံးခဲ့ရသူ ၁၃,၀၀၀ ရှိပြီဖြစ်ကာ အိမ်ခြေရာမဲ့ဖြစ်ရသူ တစ်သန်းကျော် ရှိပြီဖြစ်သည်။ ဒေသတွင်းနိုင်ငံများသည် ယခုလ အစောပိုင်းက ဘိုကိုဟာရမ်တို့ကို တိုက်ခိုက်မည့်အဖွဲ့သို့ တစ်နိုင်ငံလျှင် တပ်ရင်းတစ်ရင်းပေးမည်ဟု ကတိပြုခဲ့သဖြင့် စုစုပေါင်းတပ်ဖွဲ့ဝင်ဦးရေ ၃၀၀၀ ခန့် ရှိမည်ဖြစ်သည်။သို့သော် ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ ဘိုကိုဟာရမ်တို့ကို နှိမ်နင်းရန် မည်သည့်အားထုတ်ကြိုးပမ်းမှုကိုမှ လက်လွှတ်မခံသင့်ကြောင်းနှင့် MNJTF တပ်ဖွဲ့၏ အဖွဲ့ဝင်ဦးရေကို ၇၅၀၀ အထိ ရှိလာစေရန် ဒေသတွင်းနိုင်ငံများကို ဒလာမီနီဇူးမားက အကြံပေးပြောကြားခဲ့သည်။               Ref:AFP

Most Read

Most Recent