လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေကြမ်း သေချာလေ့လာပြီးမှ ပြဋ္ဌာန်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး

လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေကြမ်း သေချာလေ့လာပြီးမှ ပြဋ္ဌာန်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး
Published 29 January 2015

လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းသည် အချို့လူမှုအဖွဲ့အစည်းများအတွက် အကျိုးသက်ရောက်သော်လည်း အချို့အဖွဲ့အစည်းများအတွက် အကျိုးသက်ရောက်မှုမရှိနိုင်သောကြောင့် သေချာလေ့လာပြီးမှ အတည်ပြုပြဋ္ဌာန်းသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်ကဆွေးနွေးခဲ့သည်။ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အဆိုပါဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်ခုနစ်ဦးကဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကကန့်ကွက်ခဲ့သည်။ဒေါက်တာမြင့်နိုင်က "ကျွန်တော်တို့နိုင်ငံမှာ လက်ရှိတရားဝင်လိုက်နာကျင့်သုံးခွင့်ရှိသော ဓလေ့ထုံးတမ်းဥပဒေအမျိုးမျိုး ကွဲပြားလျက်ရှိပါတယ်။ တချို့ဓလေ့ထုံးစံများသည် သားဆက်ခြားခြင်းကိုလက်မခံတဲ့ တည်ဆဲဓလေ့ထုံးတမ်းများရှိနေတဲ့အတွက် အချို့လူမှုအဖွဲ့အစည်းတွေအပေါ် အကျိုးသက်ရောက်သော်လည်း အချို့အဖွဲ့အစည်းတွေအတွက် အကျိုးသက်ရောက်မှုမရှိနိုင်ပါဘူး။ ဥပဒေပြဋ္ဌာန်းခြင်းအနှစ်သာရနဲ့ သြဇာသက်ရောက်မှုညီမျှစွာရှိနိုင်မည်မဟုတ်ပါက ဥပဒေအရည်အသွေးကို ထိခိုက်သွားစေနိုင်တယ်လို့ သုံးသပ်မိပါတယ်" ဟုဆွေးနွေးခဲ့သည်။ဆက်လက်၍လည်း ဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မည်ကဲ့သို့စီမံဆောင်ရွက်မည်ကို ထင်ရှားစွာထည့်သွင်းထားခြင်းမရှိကြောင်း၊ ထို့အတွက် ပြဿနာများကို ဖြေရှင်းရာမကျဘဲ မွေးထုတ်လိုက်သလိုဖြစ်လာနိုင်သည်ကို အထူးဂရုပြုသင့်ကြောင်း၊ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းကို လုံလောက်သည့်အချိန်ရယူပြီး သေချာစွာလေ့လာသုံးသပ်ပြီးမှသာ ပြဋ္ဌာန်း သင့်၊ မသင့်ကို ဆုံးဖြတ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။ဥပဒေကြမ်းတစ်ခုသည် အသက်ဝင်ရှင်သန်ရန်၊ ထိရောက်စွာဖြေရှင်းနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်ရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် လိုက်လျောညီထွေမှုရှိရန်၊ ဘေးထွက်ဆိုးကျိုးနည်းနိုင်သမျှနည်းရန်အတွက် ကျယ်ပြန့်စွာညှိနှိုင်းသုံးသပ်ပြီးမှ ပြဋ္ဌာန်းသင့်ကြောင်းဆွေးနွေးခဲ့သည်။ လက်ရှိတွင် လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းရန်မသင့်သေးကြောင်း၊ မြန်မာနိုင်ငံတွင်အပျိုကြီး၊ လူပျိုကြီးဦးရေမြင့်မားနေကြောင်း၊ ကလေးယူသည့်နှုန်းလည်း နည်းပါးလာနေကြောင်း ဦးဇုန်လှယ်ထန်းကဆွေးနွေးခဲ့သည်။

Most Read

Most Recent