ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုထားမှု ဖေဖော်ဝါရီလတွင် ထုတ်ပြန်နိုင်မည်မဟုတ်

ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုထားမှု ဖေဖော်ဝါရီလတွင် ထုတ်ပြန်နိုင်မည်မဟုတ်
Published 29 January 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းအား ပထမဦးဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများပြီးဆုံးပြီဖြစ်သော်လည်း ဖေဖော်ဝါရီလတွင်ထုတ်ပြန်နိုင်မည်မဟုတ်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကိုကိုက ဇန်နဝါရီ ၂၉ ရက်တွင် The Daily Eleven သို့ပြောကြားသည်။ထိုသို့ဆောင်ရွက်ပြီးစီးခဲ့သည့် မြို့နယ် ၁၀ ခုမှာ ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒေါပုံမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ဖြစ်ကြသည်။    "၁၀ မြို့နယ်ကပြီးပြီ။ ကြေညာဖို့လိုပါသေးတယ်။ တစ်နိုင်ငံလုံးပြီးအောင်စောင့်လိမ့်မယ်ထင်တယ်။ ဒါမှမဟုတ်လည်း အန်ကယ်တို့ပြီးတဲ့ဟာကြေညာဆိုရင်လည်း မေလလောက်ဖြစ်နိုင်တယ်" ဟု ဦးကိုကိုကပြောကြားသည်။        မဲဆန္ဒရှင်စာရင်းပြုစုခြင်းမှာ တစ်အိမ်တက်ဆင်းကောက်ခံမည့်ပုံစံမဟုတ်ဘဲ လက်ရှိတွင်ရှိသည့် အိမ်ထောင်စုစာရင်းများအား မဲဆန္ဒရှင်စာရင်းအဖြစ် ကွန်ပျူတာစာရင်းရေးသွင်းခြင်းဖြစ်သည်။    အဆိုပါရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင်ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    တစ်နိုင်ငံလုံးအဆင့်အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းကို ပထမအဆင့်အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီအထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိလည်းကောင်း၊ တတိယအဆင့်အနေဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိလည်းကောင်း ဆောင်ရွက်မည်ဖြစ်သည်။    မူလက မဲဆန္ဒရှင်စာရင်းပြုစုပြီးသည့်မြို့နယ်များမှ မဲစာရင်းများအား ပြည်သူများသိရှိနိုင်ရန်  ရပ်/ကျေးကော်မရှင်ရုံးများ၌ ၁၄ ရက်ကြေညာပေးမည့်အစီအစဉ်ရှိခဲ့ပြီး ယခု ၁၀ မြို့နယ်ပြီးဆုံးပြီဖြစ်သော်လည်း ထုတ်ပြန်ရန်မသေချာသည့်အခြေအနေဖြစ်သည်။    တစ်နိုင်ငံလုံးအခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ပထမအဆင့်တွင် ၁၄ မြို့နယ်ပါဝင်ပြီး ယခုပြီးဆုံးသွားသည့် ၁၀ မြို့နယ်မှာ ပထမအဆင့်တွင်ပါဝင်သည့်မြို့နယ်များထက် ဆောလျင်စွာဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။    လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ထပ်မံမဲဆန္ဒရှင်စာရင်းပြုစုနေသည့် ၁၄ မြို့နယ်မှာ ဒဂုံတောင်ပိုင်းမြို့နယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်တို့ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်းပြုစုပြီးပါက အဆိုပါမဲဆန္ဒရှင်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရှိ ကွန်ပျူတာအချက်အလက်ဘဏ်တွင် စုစည်းထားရှိ၍ အများပြည်သူကြည့်ရှုစစ်ဆေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ကြေညာပေးထားမည်ဖြစ်ကြောင်းသိရသည်။