အသံတိတ် ဆန္ဒထုတ်ဖော်တတ်သော ဝန်ထမ်းများ

အသံတိတ် ဆန္ဒထုတ်ဖော်တတ်သော ဝန်ထမ်းများ
Published 27 January 2015
မျိုးမဟာ

နှုတ်ဆက်သွားခဲ့ပြီဖြစ်သော ၂၀၁၄ ခုနှစ်၏ ဆက်ရန်ရှိကိစ္စ ရပ်ပေါင်းများစွာအနက် အားလုံးနှင့် ဆက်နွှယ်ပတ်သက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်နိုင်ရေးဆိုသည့် ကိစ္စရပ်ကို အများက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြပါသည်။
နိုင်ငံတော်သမ္မတရုံးကလည်း လစာတိုးမြှင့်ပေးသင့် မသင့် တိုးမြှင့်ပေးသင့်ပါက မည်ရွေ့မည်မျှ တိုးမြှင့်ပေးသင့်ကြောင်းကို ထူးခြားခေတ်မီစွာ စစ်တမ်းများ ကောက်ခံလျက်ရှိသကဲ့သို့ ဥပဒေပြုရေး မဏ္ဍိုင်ကလည်း သမ္မတ၏ လက်ရှိလစာပင် နည်းသေးသယောင် ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် သမ္မတရုံးပြည်ထောင်စု ဝန်ကြီးများကလည်း ပြည်နယ်/တိုင်းများအတွင်း ကွင်းဆင်း၍ နိုင်ငံလူဦးရေ၏ နှစ်ရာခိုင်နှုန်းခန့်သာရှိသော ဝန်ထမ်းများ၏ လစာကို တိုးပေးသည်နှင့် ကျန်ပြည်သူလူထု၏ ၉၈ ရာခိုင်နှုန်းခန့်ပါ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို မခံစားရေ ရေးအတွက် ချင့်ချိန်စဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း ဝန်ထမ်းများအား တွေ့ဆုံဆွေးနွေး လျက်ရှိပါသည်။
ယခုကိစ္စမှာ တစ်လတည်း၊ တစ်ရက်တည်းဖြင့် ပြီးသွားမည့်ကိစ္စမဟုတ်ပါ။ နိုင်ငံတော်အနေဖြင့် နှစ်ရှည်လများ ပခုံးထမ်းထားရမည့် ကိစ္စဖြစ်သဖြင့် ရေရှည်ကို မျှော်တွေးဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အဓိကအကျဆုံး အဆုံးအဖြတ်ပေးရမည့် အုပ်ချုပ်မှုမဏ္ဍိုင် ပဲ့ကိုင်အစိုးရအနေဖြင့် အောက်ဖော်ပြပါကဏ္ဍ အသီးသီးကို ခြုံငုံသုံးသပ်သင့်ပါသည်။
(က) ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ၏ လစာ၊ စရိတ်ခံစားခွင့်များ (၎င်းတို့အနေဖြင့် ဆုံးဖြတ်ပြီးဖြစ်ပါသည်။ အုပ်ချုပ်မှုမဏ္ဍိုင်မှ အတည်မပြုသေးပါ)
(ခ) နိုင်ငံ၏ အရပ်ဘက်ဝန်ထမ်းလစာ၊ စရိတ်များ
(ဂ) နိုင်ငံ့ဝန်ထမ်း ပြည်သူ့ရဲများ၏ လစာ၊ စရိတ်များ
(ဃ) နိုင်ငံ့ဝန်ထမ်း တပ်မတော်သား များ၏ လစာ၊ စရိတ်များ
(င) ပုဂ္ဂလိကဝန်ထမ်းများ၏ လစာ၊ စရိတ်များ
(စ) တောင်သူလယ်သမားများ၏ တစ်ဦးချင်းဝင်ငွေများ
(ဆ) ပြည်သူလူထု၏ တစ်ဦးချင်း ဝင်ငွေများ
အားလုံးနှင့် ဆက်နွှယ်ပတ်သက်နေသော ကိစ္စဖြစ်ပါသည်။ အဆိုပါကဏ္ဍအသီးသီးအနက် ဥပဒေပြုမဏ္ဍိုင်မှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများက အသံအထွက်ဆုံး ဖြစ်ပါသည်။ လုံလောက်သော ချီးမြှင့်ငွေနှင့် စရိတ်များမရှိပါက လွှတ်တော်ထဲသို့ အရည်အချင်းရှိသော ကိုယ်စားလှယ်များ ရောက်ရှိလာမည် မဟုတ်သဖြင့် လွှတ်တော်ကြီး၏ ဆောင်ရွက်ချက်များပင် အရည်အချင်း ရှိမလာနိုင်တော့ကြောင်း၊ လက်ရှိ လွှတ်တော်ထဲတွင် ရောက်ရှိနေသော အရည်အချင်း ဘက်စုံပြည့်ဝသော ဝန်ကြီးဟောင်း၊ ဒုတိယဝန်ကြီးဟောင်းများ၊ စီးပွားရေးသမားကြီးများပင် နောင်တွင်ဝင်မလာမည်ကို စိုးရိမ်မိကြောင်း စသည်ဖြင့် ဆွေးနွေးကြရင်း လစာစရိတ်၊ ခံစားခွင့်များကို အတည်ပြုသတ်မှတ်ခဲ့ကြပါသည်။ ထို့ပြင် ယခုထပ်မံ၍ နိုင်ငံတော်သမ္မတကြီး၏ လစာခံစားခွင့် တစ်လ ကျပ်သိန်း ၅၀ ကို ဘဏ်နှင့် ငွေကြေးဆိုင်ရာ နားလည်တတ်ကျွမ်းသူ နိုင်ငံခြားသား ပညာရှင်တစ်ယောက်၏ လစာဝင်ငွေနှင့်နှိုင်းယှဉ်၍ တာဝန်ခံမှု၊ တာဝန်ယူမှုအရဆိုလျှင် နည်းသယောင်၊ ထိုသို့ပေးထားခြင်းသည် အဂတိ ကင်းအောင်ဖြစ်ကြောင်း၊ ပြောဆိုဆွေးနွေးသံများကို ကြားရချက်သည် မသက်မသာ ဖြစ်မိပါသည်။
နိုင်ငံတော်၏ အခြေအနေအရ ဝန်ထမ်းများသည် ရရှိသည့်မလောက်မငလစာနှင့် ခြိုးခြံနေထိုင်စားသောက်ရင်း နိုင်ငံ့တာဝန် ထမ်းဆောင်လာခဲ့ကြသည်မှာ နှစ်ကာလရှည်ကြာ ခဲ့ပြီဖြစ်ပါသည်။ မကျေနပ်၍ ဘယ်ဝန်ထမ်းမှ ဆန္ဒမထုတ်ဖော်ခဲ့ကြပါ။ ဘာဖြစ်လို့ပါလဲ။ အဖြေကို ဆန်းစစ်ကြည့်လျှင် နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများသာ နိုင်ငံ့ဝန်ထမ်းအများစု ဖြစ်နေကြသောကြောင့် ဖြစ်ပါသည်။ မိမိတတ်သိနားလည်သည့် ပညာဖြင့် တိုင်းပြည်တာဝန် ထမ်းဆောင်နေကြခြင်း ဖြစ်ပါသည်။ အဘိုးအဘွားကလည်း ဝန်ထမ်း၊ မိဘကလည်း ဝန်ထမ်း၊ သားသမီးများကို ပေးနိုင်သည့်အမွေကလည်း ပညာအမွေ၊ သို့ဖြစ်ရာ သားသမီးကလည်း ဘိုးစဉ်ဘောင်ဆက် ဝန်ထမ်းအလုပ်ကို နှစ်ခြိုက်ခုံမင်စွာ လက်ဆင့်ကမ်းအမွေအဖြစ် ထမ်းရွက်လာကြသူများ ဖြစ်ပါသည်။ ဝန်ထမ်းလုပ်ခြင်းသည် ချမ်းသာရန်အတွက် မဟုတ်ပါ။ (တချို့သော စုန်းပြူးဝန်ထမ်းများကို မဆိုလိုပါ။)
နှစ်ရှည်လများ မညည်းမညူ နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ကြသော၊ တာဝန်ထမ်းဆောင်ဆဲဖြစ်သော ဝန်ထမ်းများက အသံမထွက်ဘဲ ပြည်သူ့ရွေးချယ်ခံ ပုဂ္ဂိုလ်များအနေဖြင့် လစာ၊ စရိတ် လောက်ငမှသာ လုပ်ငန်းများ ဆောင်ရွက်နိုင်မည်။ အဂတိတရား ကင်းရှင်းနိုင်မည်ဆိုသည်မှာ အလွန်လွဲမှားသော သုံးသပ်ချက်ဖြစ်ပါသည်။
ကိုယ်စားလှယ်တော်ကြီးများ၊ အုပ်ချုပ်မှု၊ တရားစီရင်မှုမဏ္ဍိုင်မှ ပုဂ္ဂိုလ်ကြီးများ ရရှိခံစားနေသော လစာ၊ စရိတ်၊ ခံစားခွင့်များမှာ တာဝန်ယူချိန် ငါးနှစ်ကာလအတွက်သာ ဖြစ်ပါသည်။ ယခုငါးနှစ်မတိုင်မီက ဘယ်လိုရပ်တည် လာခဲ့ကြပါသလဲ။ ယခုငါးနှစ်ကာလ ပြီးဆုံးသွားပြီး ဆက်လက်အရွေးမခံရလျှင် ဘယ်လိုရပ်တည်ကြမလဲ။ နောင်တက်လာမည့် ကိုယ်စားလှယ်များကလည်း ကြိုစဉ်းစားသင့်ပါသည်။
လစာဆိုသည့်အဓိပ္ပာယ်ကို လေ့လာကြည့်မိသလောက် အောက်ပါသဘောသဘာ၀ ဆောင်ကြောင်း နားလည်မိပါသည်။
ဝန်ထမ်းတစ်ယောက်အား သက်ဆိုင်ရာ ရာထူးတာဝန်အဆင့်အလိုက် စားဝတ်နေရေး၊ လူမှုရေးအတွက် ချင့်ချိန်တွက်ချက် ပေးထားသော ငွေကြေးဖြစ်ပါသည်။ ဥပမာအားဖြင့် အနိမ့်ဆုံးဝန်ထမ်း တစ်ယောက်အတွက် ဇနီးနှင့် ကလေးနှစ်ယောက် အပါအဝင် တစ်လ ဆန်ဘယ်နှပြည်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဘယ်လောက်၊ အသားဟင်း ဘယ်နှရက်၊ အဝတ်အစားဘယ်နှစုံ၊ ပညာရေး၊ ကျန်းမာရေးအတွက် မည်မျှ စသဖြင့် သုံးစွဲကုန်ကျမည့် စရိတ်များကို တွက်ချက်သတ်မှတ်ပေးထားသော ငွေကြေးပမာဏဖြစ်ပါသည်။ ဝန်ထမ်းနေမကောင်းလျှင်၊ အဝတ်အစားလစဉ် ဝယ်မဝတ်လျှင်၊ အစားအသောက် ချွေတာနိုင်လျှင် သူ့အတွက်စုဆောင်းငွေ ထွက်လာနိုင်မည်ဖြစ်သည်။ ၎င်းသတ်မှတ်ချက်သည် ကုန်ဈေးနှုန်း ဘယ်လောက်တက်တက် ဟန်ချက်ပျက်မသွားရပါ။ အကယ်၍ မမျှော်မှန်းနိုင်သော ကိစ္စများကြောင့် ကုန်ဈေးနှုန်း တက်လာသည့်အခါ မူရင်းလစာတွင် ရှားပါးစရိတ်အဖြစ်သာ ထပ်မံတိုးပေးရလေ့ရှိပါသည်။ လစာအဖြစ် တိုးပေးပြီးပါက ပြန်လည်လျှော့ပေါ့၍ မရနိုင်သဖြင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရှားပါးစရိတ်အဖြစ်သာ ထောက်ကန်ပေးရခြင်း ဖြစ်ပါသည်။ တိုင်းပြည်စီးပွားရေး အမှန်တကယ် တိုးတက်ကောင်းမွန် လာသည့်အခါတွင်မှ စားဝတ်နေရေး သတ်မှတ်ချက်ကို တိုးမြှင့်တွက်ချက်၍ လစာကို တိုးမြှင့်ပေးရမည် ဖြစ်ပါသည်။ ထိုသို့ တိုးမြှင့်ပေးထားသည့်လစာ ပြန်လည်လျှော့ချပေးရန် မလွယ်ပါ။
တင်ပြပါ နိုင်ငံ့ဝန်ထမ်းလစာတွင်မျှမက ပြင်ပပုဂ္ဂလိကဝန်ထမ်းများ အတွက်လည်း စဉ်းစားရန်လိုအပ်ပါမည်။ နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေကိုလည်း တွက်ချက်ရပါမည်။ မနိုင်ဝန်မထမ်းသင့်ပါ။ တိုင်းပြည်အတွက်၊ အစိုးရအတွက်၊ ပြည်သူလူထုအတွက် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်ပါသည်။
ယခုကိစ္စသည် လစာတိုးပေးရုံမျှဖြင့် ပြေလည်သွားမည့် ကိစ္စမဟုတ်ပါ။ လစာတိုးပေးနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် လုံလောက်သောဝင်ငွေရှိရန် လိုအပ်ပါသည်။ စနစ်ကျသော စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် ဘက်စုံထောင့်စုံစဉ်းစား ဆောင်ရွက်ရပါမည်။ နိုင်ငံတော်ဝင်ငွေ ဆိုသည်မှာလည်း အခွန်ရငွေတစ်ခုတည်းဖြင့် မဖြစ်နိုင်ပါ။ အခွန်ရငွေနှင့် နိုင်ငံခြားကြွေးမြီများဆပ်မည်ဟု ဘဏ္ဍာရေးဒုဝန်ကြီးတစ်ဦး လွှတ်တော်တွင် တင်ပြခဲ့သည်ကို မှတ်မိနေပါသေးသည်။ ၎င်းအခွန်ရငွေနှင့်ပင် လစာတွေတိုးပေးမည်။ နိုင်ငံတော်တည်ဆောက် ပြုပြင်ရေးကိစ္စများ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများ ဆောင်ရွက်ပေးမည်ဆိုသည်မှာ မိမိတို့နိုင်ငံ အနေဖြင့် လက်ရှိအခွန်အကောက် အခြေအနေဖြင့် လုံးဝမဖြစ်နိုင်ပါ။ အခွန်များကို တိုးကောက်မည် ဆိုလျှင်လည်း အခွန်တိမ်းရှောင်နေသူများ၊ အမှန်ဆောင်သင့်သည်ထက် လျော့နည်းပေးဆောင်နေသူများကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။ အခွန်တိုးမြှင့် ကောက်ခံ၍ အခွန်ထမ်းဟောင်းများတွင် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာလျှင်လည်း ပြည်သူလူထုအတွက်၊ တိုင်းပြည်အတွက် မကောင်းပါ။ ဗြိတိသျှကိုလိုနီအဖြစ် ယိုကွက် ဟာကွက်မရှိအောင် စီမံခန့်ခွဲ၊ သွေးခွဲအုပ်ချုပ်ခြင်းဖြင့် နှစ်ပေါင်းရာကျော် တိုင်းတစ်ပါး လက်အောက်တွင် နေထိုင်ခဲ့ရသော အိန္ဒိယနိုင်ငံသည် သွေးစည်းညီညွတ် စည်းလုံးမှုရသွားစေပြီး လွတ်လပ်ရေးရသွား စေခဲ့သည်မှာ ဗြိတိသျှအစိုးရမှ ဥပဒေသစ်အဖြစ် ပြဋ္ဌာန်းကောက်ခံခဲ့သည့် ဆားခွန်ဥပဒေကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း လေ့လာဖူးပါသည်။ ဆားခွန်(Salt Tax) သည် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆင်းရဲချမ်းသာအားလုံးကို ရိုက်ခတ်မှု (Impact) ဖြစ်စေခဲ့ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော် အစိုးရအနေဖြင့် ထင်သာမြင်သာရှိရှိ မလိမ်မညာ ပွင့်လင်းမှု ရှိဖို့လိုအပ်ပါသည်။ သို့မှသာ နိုင်ငံတော် ဘဏ္ဍာရေး အခြေအနေမှန်ကို ပြည်သူလူထုနှင့် ဝန်ထမ်းများသိရှိပြီး နားလည်ပေးနိုင်ကြမည် ဖြစ်ပါသည်။
ဝန်ထမ်းများသည် ဘိုးစဉ်ဘောင်ဆက် နိုင်ငံတော်ကို အလွန်ချစ်ကြပါသည်။ အကယ်၍ နိုင်ငံတော်၏ ပကတိအခြေအနေအရ လစာတိုးမပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ရမည်ဆိုပါက ဝမ်းနည်းနေမည့်သူများ မဟုတ်ပါ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာကို ထိပါးလာနိုင်သည့် ငွေကြေးလိုအပ်ချက် နိုင်ငံတော်တွင် ပေါ်ပေါက်လာသည်ဆိုပါက ရှိရင်းစွဲခံစားနေရသော၊ မလောက်ငသော လစာ၊ စရိတ်ကိုပင် လျှော့၍ နိုင်ငံတော်အတွက် ပေးဆပ်နိုင်သည့် သူများဖြစ်ကြောင်း ယုံကြည်ပါသည်။
သို့ရာတွင် အလိမ်ခံနေရသည်ဟု ထင်မြင်ပါက လမ်းပေါ်ထွက်၍ ဆန္ဒထုတ်ဖော်ဝံ့သူများ မဟုတ်သော်ငြားလည်း ဝန်ထမ်းထုသည် ခံစားချက်တူညီကြပါသည်။ စည်းလုံးကြပါသည်။ ရင်တွင်းဆန္ဒကို အခိုင်အမာ ဖော်ထုတ်ပြသခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်သီရိမြို့နယ်များ၏ ရွေးကောက်ပွဲရလဒ်တစ်ခုက အဖြေတစ်ခု ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

Most Read

Most Recent