အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍

အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍
Published 27 January 2015
မြမြင့်မိုရ်

ကျွန်တော် ငယ်စဉ်က ၁၄ နှစ် ၁၅ နှစ်သားအရွယ် စာတွေပေတွေဖတ်ရင်း ၁၉၄၈ ခုနှစ်ဝန်းကျင်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ရာ သခင်သန်းထွန်း မလာ၍ ပွဲပျက်သွားခဲ့သည်ဟု ဖတ်ဖူးမှတ်ဖူးခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာပြည်၌ ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရာ ထိုပြည်တွင်းစစ်မီးလျှံကြားတွင် မွေးဖွားခဲ့ရသော ကျွန်တော်တို့လို လူများအဖို့ အဲဒီတုန်းက ဦးနုနဲ့ သခင်သန်းထွန်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လိုက်ရင် ဒီလိုပြည်တွင်းစစ် ဖြစ်ချင်မှဖြစ်မယ်ဟု တွေးခဲ့ဖူးသည်။ ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းကိုလည်း ဝန်ကြီးချုပ်ဦးနုနှင့် မတွေ့ရကောင်းလားဟု အပြစ်မြင်ချင်သလိုလို။သို့သော် ကျွန်တော်တို့ လူလားမြောက်၊ ကျောင်းတွေဘာတွေပြီးလို့ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်တွင် စာပေနယ်သို့ ရောက်လာသောအခါ မောင်စိမ်းနီ၊ မောင်သင်းခိုင် (ပျဉ်းမနား)၊ ဇော်(ပျဉ်းမနား) စသော အစ်ကိုကဗျာဆရာတွေနှင့် ဆက်စပ်ပြီး၊ ဆရာဒဂုန်တာရာရှိသည့် မှော်ဘီမဲဇာသို့သွားရင်း လူချင်းပါ ခင်မင်သွားကြသည်။ အဲဒီတုန်းက ကျွန်တော်တို့ လူငယ်ကဗျာဆရာတွေနှင့် ဆရာဒဂုန်တာရာမှာ မကြာခဏ တွေ့ဖြစ်ကြသည်။ ကဗျာရေးရာတွင် ဆွေးနွေးကြ။ စာပေပြဿနာတွေ ငြင်းခုံရင်း ဆရာ့ဆီ ရောက်သွားကြ....စသဖြင့်။ အထူးသဖြင့် ဆရာ့မွေးနေ့ဆို ကျွန်တော်တို့ အဖွဲ့လိုက် ရောက်တတ်ကြသည်။ မန္တလေးအဖွဲ့၊ ပျဉ်းမနားအဖွဲ့၊ မအူပင်အဖွဲ့နှင့် မြစ်ဝကျွန်းပေါ်အဖွဲ့၊ ရန်ကုန်အဖွဲ့တွေနှင့် ဆရာ့အိမ်မှာ အမြဲလိုလို စည်ကားနေတတ်သည်။လူငယ်တွေဆို ပျူငှာလှိုက်လှဲစွာ ကြိုဆိုတတ်သော ဆရာဒဂုန်တာရာနှင့် ခင်မင်သွားပြီးနောက် စကားစပ်မိ၍ ဦးနုနှင့် သခင်သန်းထွန်းတို့ တွေ့ဆုံဆွေးနွေးရေးကိစ္စ သခင်သန်းထွန်းကြောင့် ပျက်သွားရတာလားဟု မေးကြည့်သောအခါ အဲဒီလိုတော့ မဟုတ်ဘူးဗျဟု အစချီကာ ရှင်းပြသည်။ ကွန်မြူနစ်ပါတီဆိုတာ အသင်းအဖွဲ့ဆိုတော့ အဖွဲ့အစည်းနဲ့လုပ်တဲ့ လုပ်ငန်းဆိုတာ တစ်ဦးတစ်ယောက်ကောင်း ထင်ရာလုပ်လို့ မရဘူး။ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဆိုတာ ရှိတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်ပေါ့။ သခင်သန်းထွန်းက သူ့သဘောနဲ့သူ ဦးနုနဲ့ တွေ့ချင်တာ မတွေ့ချင်တာ အရေးမကြီးဘူး။ အစည်းအဝေးဆုံး ဖြတ်ချက်က ဦးနုနဲ့ သွားမတွေ့သင့်ဘူးလို့ ဆုံးဖြတ်ရင် သခင်သန်းထွန်း သွားလို့မရဘူး။ အစည်းအဝေး ဆုံးဖြတ်ချက်က အဓိကပဲ။ ဆရာဒဂုန်တာရာက အဲဒီလို ပြောခဲ့ဖူးတယ်။
ဓမ္မပဒထဲက လူမိုက်ကဏ္ဍကို သတိရမိသည်။ ‘မိမိ မိုက်ကြောင်းသိသော လူမိုက်သည် ဤသို့သိခြင်းဖြင့် ပညာရှိမည်၏။ မိမိကိုယ်ကို ပညာရှိဟုထင်သော လူမိုက်ကိုသာ စင်စစ် လူမိုက်ဟု ခေါ်ဆိုအပ်၏’ . . . . .

အလားတူပင် ၂၀၁၃ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးရန် အဲဒီအဖွဲ့က ဇာတ်ညွှန်းအပ်တော့ ဗိုလ်ချုပ်နှင့်ပတ်သက်သော စာရွက်စာတမ်းတွေ၊ စာအုပ်တွေ လေ့လာရသည်။ (ကျွန်တော်က ဗိုလ်ချုပ်မွေးဖွားသည်မှ ဂျပန်မသွားခင် ဟင်္သာတမှ မန်းဘခိုင်၏ ငှက်ပျော်လှေနှင့် ရန်ကုန်သို့ ပြန်လာသည်အထိ ဇာတ်ညွှန်းပထမအဆင့် ရေးရပါသည်။) အဲဒီမှာ ဖတ်ရတာက ကိုအောင်ဆန်း B.A တန်းတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသာများသမဂ္ဂ အမှုဆောင်အဖြစ် အရွေးခံရသည်။ အမှုဆောင်အဖြစ် ကိုအောင်ဆန်းက ကျောင်းသားအရေး၊ နိုင်ငံရေး၊ လွတ်လပ်ရေးကိစ္စတွေ အင်တိုက်အားတိုက် လုပ်ချင်သည်။ သို့သော် ကိုအောင်ဆန်းကို သမဂ္ဂအမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြန်ကြားရေးတာဝန်ခံအဖြစ်သာ တာဝန်ယူစေသည်။ အကြောင်းပြချက်က ယခုနှစ်မှ အမှုဆောင်ဖြစ်သည်က တစ်ကြောင်း၊ ကိုအောင်ဆန်းကိုကြိုက်သူ မကြိုက်သူများ ရှိနေသေးသည်က တစ်ကြောင်းကြောင့် သူ၏အရည်အချင်းကို လူဖြင့်မပြသေးဘဲ ကလောင်ဖြင့် အရင်ပြခိုင်းလို၍ ...ဟု တွေ့ရပါသည်။ ကိုအောင်ဆန်းကလည်း အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ပြန်ကြားရေးတာဝန်ကို ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့သည်။ သမဂ္ဂမဂ္ဂဇင်းကို အိုးဝေမဂ္ဂဇင်းဟု အမည်ပြောင်းခဲ့သည်။ စာမူများကို စိတ်ကြိုက်တောင်း၍ ထည့်ခဲ့သည်။ မဂ္ဂဇင်းမျက်နှာဖုံး၌ မြက်ရိပ်သမားမာလီပုံ၊ သမဂ္ဂရုံးစောင့် ဦးကံသိန်းပုံတို့ကို တင်ခဲ့သည်။ ငရဲခွေးကြီး လွတ်နေသည် ဆောင်းပါးရေးသူကို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာစလော့စ်က ဖော်ထုတ်ခိုင်းရာ အယ်ဒီတာကျင့်ဝတ်အရ ပြောရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ကိုအောင်ဆန်းမှာ ကျောင်းထုတ်ခံရပြီး တက္ကသိုလ် ဒုတိယသပိတ်ကြီး ပေါ်ပေါက်ခဲ့ရသည်။ အစည်းအဝေး ဆုံးဖြတ်ချက်က ကိုအောင်ဆန်း၏သမိုင်းကို ပိုမိုတောက်ပြောင်စေခဲ့သည်။အဖွဲ့အစည်း အသင်းအပင်း၏ သဘောမှာ တစ်ဦးတစ်ယောက်က ချုပ်ကိုင်ဆုံးဖြတ်လို့ မရ။ အာဏာရှင်စနစ်ကတော့ ဇွတ်လုပ်တာမျိုး၊ စိတ်ထဲထင်ရာမြင်ရာ လုပ်တာမျိုး ရှိနိုင်ပါသည်။ ဒါတောင်မှ အာဏာရှင်ကို မင်းလိုလိုက်၊ မင်းကြိုက်ဆောင်သော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဘက်တော်သားတချို့ လိုပါလိမ့်မည်။ သခင်အားရ ကျွန်ပါးဝသူတွေ လိုပါလိမ့်မည်။ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲတွေ လိုပါလိမ့်မည်။ စိန်နားကပ်အရောင်နှင့် ပါးပြောင်သူတွေလည်း ရှိရပါလိမ့်မည်။ အဖွဲ့အစည်းကပဲ သဘောတူသယောင် ဟန်ဆောင်အစည်းအဝေး ဆုံးဖြတ်ချက်တွေလည်း လိုပါလိမ့်မည်။ လက်သိပ်ထိုး သဘောတူညီချက်တွေနှင့် အစည်းအဝေး ဆုံးဖြတ်ချက်တွေ လိုပါလိမ့်မည်။ယခုလည်းကြည့်။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း၊ သံလွင်မြစ်ပေါ်က ဆည်စီမံကိန်းများ၊ ကမ်းလွန်ဓာတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေ၊ မြို့သစ်စီမံကိန်းတွေ၊ စက်မှုဇုန် စီမံကိန်းတွေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကဲ့သို့ သယံဇာတတူးဖော်ရေး စီမံကိန်းတွေ၊ မြေသိမ်းယာသိမ်း စီမံကိန်းများစွာသည် စစ်အစိုးရလက်ထက်က အစည်းအဝေး ဆုံးဖြတ်ချက်တွေကြောင့် ပေါ်ပေါက်လာသော သွေးမတိတ်သည့်ဒဏ်ရာများ ဖြစ်သည်။အစည်းအဝေး ဆုံးဖြတ်ချက်မို့ အဖွဲ့က လိုက်နာဆောင်ရွက်ရသည်ဟု ဆိုသော်လည်း အစည်းအဝေး ဆုံးဖြတ်ချက်တိုင်း အမြဲကောင်းလိမ့်မည်ဟု အာမဘန္တေ ခံလို့မရ။ မဲအများနှင့် ဆုံးဖြတ်ထားသည်ဆိုသည့်တိုင် ဗိုလ်ချုပ်အောင်ဆန်းပြောသကဲ့သို့ စားဖားတွေ ညီညွတ်နေလျှင်၊ လူဆိုးလူမိုက် လူယုတ်မာတွေ ညီညွတ်နေလျှင်၊ အတ္တကြီးသူတွေ ညီညွတ်နေလျှင် ထိုသူတို့၏ မဲအများစုရသော အစည်းအဝေး ဆုံးဖြတ်ချက်ကြောင့်ပင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ဒုက္ခပင်လယ် ဝေကြရမည်မှာ မလွဲ။အဖွဲ့အစည်းတိုင်းကတော့ ကောင်းအောင်လုပ်တာပဲ၊ တစ်ယောက်တည်းလုပ်တာ မဟုတ်ဘူး၊ အဖွဲ့နဲ့လုပ်တာ၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်တာပဲဟု အသံလွှင့်ကောင်း လွှင့်ကြပါလိမ့်မည်။ တစ်လောက အစိုးရဘက်မှ တာဝန်ရှိသူတစ်ဦးက အစိုးရအဆက်ဆက် (မဆလ၊ နဝတ၊ နအဖ လက်ထက်များညွှန်း) တိုင်းပြည်ကောင်းအောင် လုပ်ခဲ့တာပါပဲ။ ဒါပေမဲ့ တိုင်းပြည်ဆင်းရဲသွားတယ်ဟု ဝန်ခံဖူးသည်။ ဒါဟာ ပြည်သူ့အကျိုးစီးပွား မပါသော အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဘေးထွက်ဆိုးကျိုးများပင်။မည်သည့် အစည်းအဝေး ဆုံးဖြတ်ချက်မဆို လူအများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိ ပညာမျက်စိနှင့် မြင်တတ်ရပေလိမ့်မည်။ ‘ခုရေတွင်းတူး၊ ခုရေကြည်သောက်’ ချင်၍ မဖြစ်နိုင်သော အစည်းအဝေး ဆုံးဖြတ်ချက်များ ဖြစ်သည့်တိုင် ကာလအပိုင်းအခြား တစ်ခုတော့ အာမခံနိုင်ရပေလိမ့်မည်။ ကိုယ်လုပ်လိုက်သော အလုပ်ကို မှားမှန်းသိလျှင် ရှေ့ဆက်မသွားသင့်တော့။ ရှေ့ဆက်သွားလျှင် လူမိုက်ဖြစ်တော့မည်။ ဓမ္မပဒထဲက လူမိုက်ကဏ္ဍကို သတိရမိသည်။ ‘မိမိ မိုက်ကြောင်းသိသော လူမိုက်သည် ဤသို့သိခြင်းဖြင့် ပညာရှိမည်၏။ မိမိကိုယ်ကို ပညာရှိဟုထင်သော လူမိုက်ကိုသာ စင်စစ် လူမိုက်ဟု ခေါ်ဆိုအပ်၏’။ထို့ကြောင့် မည်သည့်အစည်းအဝေး ဆုံးဖြတ်ချက်များကိုမဆို အပြုစွမ်းအားရော အဖျက်စွမ်းအားပါ ကြီးမားလှသောကြောင့် အပြန်ပြန်အလှန်လှန် သုံးသပ်၍ ပြည်သူ့အကျိုးစီးပွား မဖြစ်ထွန်းသော ဆုံးဖြတ်ချက်များကို ရဲရဲဝံ့ဝံ့ပြုပြင်ကာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်သင့်ပါကြောင်း။

Most Read

Most Recent