ပြည်သူလူထုဆန္ဒနှင့် တပ်မတော် ဘယ်လဲ၊ ဘာလဲ

ပြည်သူလူထုဆန္ဒနှင့် တပ်မတော် ဘယ်လဲ၊ ဘာလဲ
Published 26 January 2015
ဒေါက်တာရန်မျိုးသိမ်း

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နီးကပ်လာခြင်းနှင့်အတူရွေးကောက်ပွဲအလွန် နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ပိုမိုစိတ်ဝင်စားလာကြသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်သည် ရေလိုက်ငါးလိုက်နေပြပြီး ရွေးကောက်ပွဲအလွန် သမ္မတရွေးကောက်ပွဲတွင် သော့ချက်နေရာကို ရယူလာနိုင်သည်။ ရွေးကောက်ပွဲမတိုင်မီနှင့် အလွန်ကာလတွင် သမ္မတ၏ အဆုံးအဖြတ်နှင့်အတူ တပ်မတော်သည် အရေးပေါ်ကာလ ပြဠာန်းချက်များကို တစ်ဆင့်ပြီး တစ်ဆင့် ကျင့်သုံးလာနိုင်သည်။ သို့ဖြစ်၍ တပ်မတော် ဘယ်လဲ၊ ဘာလဲသည် အများစိတ်ဝင်စားသော ခေါင်းကြီးမေးခွန်း ဖြစ်လာနေသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ ပုဒ်မ(၆)၊ ပုဒ်မခွဲ(စ)အရ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဠာန်းထားသည်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာတွင် ကော်မတီအနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးဟု ပြင်ဆင်ရန် အဆိုပြုခဲ့သည်။ မွန်ပြည်နယ်လွှတ်တော် ဥက္ကဠက နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပြည်သူလူထုနှင့်အတူ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ခွင့်ဟု ပြင်ဆင်ရန် အကြံပြုခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဠင့် ချင်းပြည် နယ်လွှတ်တော်ဥက္ကဠတို့သည် ပုဒ်မ ခွဲ(စ)ကို ပယ်ဖျက်ရန် အကြံပြုခဲ့ကြသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မူလအတိုင်းထားရှိရန် အဆိုပြုခဲ့သည်။
 
စီအင်န်အေသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ (၆)၊ ပုဒ်မခွဲ (စ)အရ၊ အနာဂတ်အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်မှုအပိုင်းတွင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ပုဒ်မ (၆)၊ ပုဒ်မခွဲ (စ) ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့သည် အချည်းနှီးဖြစ်လာမည်မှာ ဧကန်မုချဖြစ်သည်။  
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပြင်ဆင်ခြင်းအခန်း (၁၂)ပါ ပုဒ်မများနှင့်အညီ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြင်ဆင်စရာရှိသော အချက်များကို ပြင်ဆင်ရေးကို ဘာမှပြောစရာအကြောင်းမရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်က စီအင်န်အေသတင်းဌာနကို ဖြေကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအစီရင်ခံစာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ က ပုဒ်မ (၄၃၆)၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ)တို့ကို မပြင်ဆင်လိုပါကြောင်း အတိအလင်း ဖော်ပြခဲ့သည်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အစီရင်ခံစာကို ဆွေးနွေးစဉ်ကလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှုနှင့် ဒီမိုကရေစီအပြောင်းအလဲ၏ အတွေ့အကြုံတို့အပေါ်တွင် အများကြီးမူတည်သည့်အလျောက် ပြင်ဆင်နိုင်မည့် အချိန်ကာလကို အတိအကျပြောရန် ခက်ခဲသည်ဟု ကာကွယ်ရေးဦးစီးချုပ်က ဖြေကြားခဲ့သည်။ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို ချိန်ချိန်ဆဆ လုပ်ရမည့်သဘောရှိသည်ဟုလည်း ပြောခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖြေကြားချက်များအရ ၂ဝ၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲမတိုင်မီ ပုဒ်မ (၄၃၆)ပြင်ဆင်ရေး မဖြစ်နိုင်သည်မှာ သိသာမြင်သာသည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် မည်သည့်အချိန်တွင် ပြင်ဆင်နိုင်မည်မှာလည်း မရေရာ၊ မသေချာဟု ဆိုနိုင်သည်။ ပုဒ်မ (၄၃၆)ကို မပြင်ဆင်နိုင်သရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍသည် ဆက်လက်မှေးမှိန်နေဦးမည်သာ ဖြစ်သည်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စီအင်န်အေသို့ ဖြေကြားချက်နှစ်ခုသည် ဝိရောဓိဖြစ်နေသည်ကို တွေ့ရှိရသည်။ ရှေ့ပိုင်းတွင် ဒီဥပဒေ(ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ်)ရေးတာလည်း ကျွန်တော်တို့ရေးတာ မဟုတ်ဘူးဟု ပြောခဲ့သော်လည်း၊ နောက်ပိုင်းတွင် ဒီအခြေခံဥပဒေကိုရေးတဲ့အခါမှာလည်း သေသေချာချာစဉ်းစားပြီးတော့မှ ကျွန်တော်တို့ရေးတယ်ဟု ဖြေကြားခဲ့သည်။ ရှေ့စကားနှင့်နောက်စကား ကွာဟနေသည်ကို သတိပြုမိသည်။
 
“ဒီဥပဒေရေးတာလည်း ကျွန်တော်တို့ရေးတာ မဟုတ်ဘူး။ ပြည်သူကို ကိုယ်စားပြုတဲ့၊ နောက်အလွှာအသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေပေါ့၊ အဲဒီကိုယ်စားလှယ်တွေကနေ ရေးခဲ့တာဖြစ်ပါတယ်။ ဒါလည်း သေသေချာချာစဉ်းစားပြီးမှ လုပ်ခဲ့တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ 
ဒါ့ကြောင့် ဒီဥပဒေနဲ့အညီပြင်ဆင်ရေး ဆောင်ရွက်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ ဘာမှကန့်ကွက်စရာအကြောင်းလည်းမရှိဘူးလို့ ကျွန်တော်ပြောရလိမ့်မယ်”ဟု ကာကွယ်ရေးဦးစီးချုပ်က ဖြေကြားခဲ့သည်။
 
“အခြေခံဥပဒေဆိုတာ ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ဥပဒေတွေရဲ့ မိခင်ဥပဒေပဲ ဖြစ်တယ်။ ဒီအခြေခံဥပဒေကိုရေးတဲ့အခါမှာလည်း သေသေချာချာစဉ်းစားပြီးတော့မှ ကျွန်တော်တို့ရေးတယ်။ နောက် ဒီဥပဒေရေးတဲ့အခါတုန်းက လည်း နိုင်ငံတော်ရဲ့သမိုင်းကြောင်းပေါ့။ နောက် ထုံးတမ်းစဉ်လာတွေပေါ့။ နောက် တိုင်းရင်းသားလူမျိုးတွေရဲ့အခြေအနေတွေ၊ အဲဒီအခြေအနေတွေအပေါ်မှာ အကုန်လုံးချင့်ချိန်ပြီးတော့မှ၊ နောက်တစ်ချက်ရှိသေးတယ် တိုင်းပြည်ရဲ့တည်နေရာ၊ တိုင်းပြည်ရဲ့တည်ရှိမှုပေါ့။ 
တိုင်းပြည်ရဲ့တည်ရှိမှုအပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့ ဒီအခြေခံဥပဒေကို သေသေချာချာစဉ်းစားပြီးတော့မှ ရေးခဲ့တာဖြစ်တယ်။ နောက်တစ်ခါ ဥပဒေဆိုတာလည်း မကြာခဏပြင်လို့ မကောင်းဘူး။ ဥပဒေတစ်ခုက ခိုင်ခိုင်မာမာဖြစ်ဖို့တော့လိုတယ်။ ဥပဒေတစ်ခုကို ကိုယ်လိုရာစွဲပြီးတော့မှ ပြင်ဆင်ချက်တွေ မကြာခဏထွက်နေမယ်ဆိုရင် တည်ငြိမ်မှုကို အများကြီးထိခိုက်သွားနိုင်တယ်။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့ပြင်လို့ရတဲ့ ဥပဒေတွေရှိသလို လွယ်လွယ်ကူကူနဲ့ ပြင်လို့မရတဲ့ ဥပဒေဆိုတာလည်း ရှိတယ်။ ခုနက ပြောသလိုပေါ့။ 
ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ပင်မ မိခင်ဥပဒေတစ်ခု ဖြစ်တယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်တော့ သေချာချိန်ဆပြီးတော့မှ ပြင်လို့ရအောင် ကျွန်တော်တို့က ဒီဥပဒေကိုရေးဆွဲစဉ်က လိုအပ်တဲ့ပုဒ်မတွေ ထည့်ထားခြင်းဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီအင်န်အေနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
 
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံမည့်မူများကို ချမှတ်ခဲ့သည့် အမျိုးသားညီလာခံအစည်းအဝေးများ၏ ကိုယ်စားပြုမှုသည် အငြင်းပွားဖွယ်ဖြစ်သည်။ ပြည်သူကို ကိုယ်စားပြုသော၊ အလွှာအသီးသီးကို ကိုယ်စားပြုသော ကိုယ်စားလှယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည်ဟုဆိုလျှင် ယုံတမ်းစကားဖြစ်မည်။ အကယ်စင်စစ် အမျိုးသားညီလာခံနှစ်ပိုင်းစလုံးတွင် အစိုးရက ခေါင်းခေါက်ရွေးချယ်သော ကိုယ်စားလှယ်များသည် ရာခိုင်နှုန်း ၈ဝ အထိ ရှိခဲ့သည်မှာ ငြင်းမရသော အထောက်အထားဖြစ်သည်။ ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ခဲ့မှုသည်လည်း အလွန်နည်းပါးသည်မှာ အထင်အရှားဖြစ်သည်။ သို့ဖြစ်၍ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်အစိုးရနှင့် အစိုးရကိုယ်စားလှယ်များဖြင့် အစိုးရအလိုကျ၊ စိတ်တိုင်းကျရေးဆွဲခဲ့သည်ဟု ကျယ်ကျယ်လောင်လောင် သုံးသပ်လျက်ရှိသည်။
 
“နောက်တစ်ခါ ဥပဒေဆိုတာလည်း မကြာခဏပြင်လို့ မကောင်း ဘူး။ ဥပဒေတစ်ခုက ခိုင်ခိုင်မာမာဖြစ်ဖို့တော့လိုတယ်။ ဥပဒေတစ်ခုကို ကိုယ်လိုရာစွဲပြီးတော့မှ ပြင်ဆင်ချက်တွေ မကြာခဏထွက်နေမယ်ဆိုရင် တည်ငြိမ်မှုကို အများကြီး ထိခိုက်သွားနိုင်တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ချက်စကားသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဥပဒေတစ်ခုကို ကိုယ်လိုရာစွဲမည်ဆိုလျှင် ပြင်ဆင်ချက်များ မကြာခဏထွက်နိုင်သည်မှာ သဘာဝကျသည်။ ဥပဒေကိုပြင်ဆင်သဖြင့် တည်ငြိမ်မှုကို အများကြီးထိခိုက်နိုင်သည်ဟူသော သုံးသပ်ချက်မှာ အမြီးအမောက်မတည့်သည့်သဘော တွေ့နေရသည်။ ဥပဒေကိုပြင်ဆင်ခြင်းသည် တည်ငြိမ်မှုကို ပိုမိုအထောက်အပံ့ဖြစ်ရမည်သာ ဖြစ်သည်။  ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေပြုရေးတွင် အကြံသာပြုနိုင်ပြီး အဆုံးအဖြတ်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ 
 
“တပ်မတော်ကနေပြီးတော့မှ လွှတ်တော်မှာ ပါဝင်နေတဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေထဲကနေ ဥပဒေပြုရေးနဲ့ ပတ်သက်တဲ့အခါမှာ အကြံပြုတာပဲရှိတယ်။ ကျွန်တော်တို့က ဘာမှအဆုံးအဖြတ်ပေးလို့မရဘူး။ ကျွန်တော်တို့က အကြံပြုမယ်။ ဒီဟာတော့ ဖြစ်သင့်တယ်။ ဒီဟာတော့ မဖြစ်သင့်ဘူး။ ဒါကိုကျွန်တော်တို့ အကြံပြုတယ်။ ဆုံးဖြတ်တာတော့ လွှတ်တော်ကနေပြီး ဆုံးဖြတ်လိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ပေးနိုင်တဲ့ အကြံဉာဏ်တွေကို သူတို့သုံးနိုင်လည်း သုံးပေါ့။ မသုံးနိုင်ဘူးဆိုလည်း ကိစ္စမရှိပါဘူး”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီအင်န်အေကို ဖြေကြားခဲ့သည်။
 
“လွှတ်တော်မှာ ကျွန်တော်တို့က ၂၅ ရာခိုင်နှုန်းပါနေတယ်ဆိုတော့ ၇၅ ရာခိုင်နှုန်း မဲပေးလို့ရတာတွေလည်း ရှိပါတယ်။ ဥပမာတစ်ခုပြမယ်ဆိုလို့ရှိရင် အများရဲ့မဲဆန္ဒ၊ ထောက်ခံတဲ့မဲနဲ့ အတည်ပြုလို့ရတဲ့ ဥပဒေတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်းက ထောက်ခံမှ မဟုတ်ဘူး။ ကန့်ကွက်မှ မဟုတ်ဘူး။ ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်းက ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အများစုက ထောက်ခံတယ်ဆိုပြီးတော့ အတည်ပြုပြဠာန်းလို့ရတဲ့ ဥပဒေတွေ လုပ်ငန်းရပ်နယ်ပယ်တွေ များစွာရှိတယ်။ 
တစ်ဖက်ကတော့ ဒီလိုကြီးတော့ သွားနေလို့ မရဘူး။ ကျွန်တော်တို့ တချို့ဟာတွေမှာတော့ ထိန်းထားတဲ့ဟာတွေ ရှိပါတယ်။ ကန့်သတ်ထားတဲ့ဟာတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေက သိပ်အကျိုးသက်ရောက်မှု မရှိပါဘူး”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စီအင်န်အေကို ဖြေကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၄)သည် လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်ခြင်းကို ထပ်မံအတည်ပြုထားသည်။ ပကတိအခြေအနေတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ဗီတိုအာဏာ ရရှိထားသည်။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ခြွင်းချက်မရှိ ထောက်ခံသည့်တိုင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်ပုဒ်မကိုမှ ပြင်ဆင်နိုင်မည်မဟုတ်ပေ။ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူလူထုသည် တပ်မတော်က သဘောတူသည့် အခြေခံဥပဒေပုဒ်မများကိုသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာတွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်ရေးနှင့် စပ်လျဉ်းသည့် ပုဒ်မ(၁၄)ကို ရခိုင်အမျိုးသားပါတီက ပယ်ဖျက်ရန်အကြံပြုခဲ့သည်။ ဒီချုပ်ပါတီက အထွေထွေသဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန် အကြံပြုခဲ့သည်။ 
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။ ပကတိအနေအထားတွင် ပယ်ဖျက်ဖို့ထက် ဒီချုပ်အဆိုပြုသကဲ့သို့ တစ်ဆင့်ပြီး တစ်ဆင့်ပြင်ဆင်သွားနိုင်ရေးသည်ပင် ဝေဝါးထွေပြားနေဆဲ ဖြစ်သည်။
 
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂ဝ) ပုဒ်မခွဲ(စ)တွင် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု ပြဠာန်းထားသည်။ အဆိုပါပြဠာန်းချက်အရ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လျက်၊ နိုင်ငံတော်အာဏာသိမ်းယူခြင်းအား တားမြစ်ထားသည့် သဘောတွေ့ရှိရသည်။ စစ်အာဏာသိမ်းခဲ့မည်ဆိုလျှင် ပုဒ်မ (၂ဝ)၊ ပုဒ်မခွဲ(စ)ကို ချိုးဖောက်ရာရောက်နိုင်သည်။ ခေတ်ပြိုင်သမိုင်းမှတ်တမ်းများကို ယေဘုယျ ကျကျ သုံးသပ်မည်ဆိုလျှင် စစ်အာဏာသိမ်းမှုနှစ်ကြိမ် အလွန် မြန်မာနိုင်ငံသည် ဒေသတွင်းအချမ်းသာ၊ အကြွယ်ဝဆုံးနိုင်ငံအဖြစ်မှ ဒေသတွင်း အဆင်းရဲ၊ အမွဲတေဆုံး နိုင်ငံအဖြစ် အသွင်ပြောင်းသွားခဲ့သည်မှာ ငြင်းမရသော အချက်ဖြစ်သည်။  
 
အချုပ်အားဖြင့်ဆိုသော် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဗီတိုအာဏာကို ဆက်လက်ကိုင်စွဲထားမည်။ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားမည်။ လွှတ်တော်များနှင့် အစိုးရများတွင် တပ်မတော်သားများ တိုက်ရိုက်ကိုယ်စားပြုခွင့်ကို ဆက်ကိုင်စွဲထားမည်။ အထွေထွေသဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန်မှာ အလှမ်းဝေးကြန့်ကြာနေဦးမည်။ ရေရှည်အမြင်ရှိရှိ ထိရောက်အလုပ်ဖြစ်သောနိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲများကို ရေပေါ်တွင် အရုပ်ရေးနေရဦးမည်။ ၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲအလွန် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးအပြောင်းအလဲသည် ပိုနေမြဲကျားနေမြဲထက် သာလွန်ကောင်းမွန်နိုင်ခြေ နည်းပါးနေဦးမည်ဆိုလျှင် တပ်မတော်ဘယ်လဲ ဘာလဲ၊ ပြည်သူလူထုဆန္ဒကို မျက်နှာမူမည်လား၊ ကျောခိုင်းမည်လားဆိုသည့် မေးခွန်းထုတ်သံများ ကျယ်လောင်သထက် ကျယ်လောင်လာဦးမည်မှာ ဧကန်မုချဖြစ်ပါသည်။