ဂျပန်ဓားစာခံနှစ်ဦးအနက် တစ်ဦးကို ကွပ်မျက်လိုက်ကြောင်း IS က ထုတ်ပြန၊် ပြန်ပေးငွေအစား အကျဉ်းသားအချင်းချင်း လဲလှယ်မည်ဟု တောင်းဆို

ဂျပန်ဓားစာခံနှစ်ဦးအနက် တစ်ဦးကို ကွပ်မျက်လိုက်ကြောင်း IS က ထုတ်ပြန၊် ပြန်ပေးငွေအစား အကျဉ်းသားအချင်းချင်း လဲလှယ်မည်ဟု တောင်းဆို
Published 25 January 2015
Ref:AFP

အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့သည် ယင်းတို့ဖမ်းဆီးထားသည့် ဂျပန်ဓားစားခံနှစ်ဦးအနက် တစ်ဦးအား  ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုထဲတွင် ဖော်ပြခဲ့သည်။ သုံးမိနစ်နီးပါးကြာမြင့်သည့် ထိုဗီဒီယိုထဲ၌ အသက် ၄၇ နှစ်အရွယ် စစ်သတင်းထောက်တစ်ဦးဖြစ်သည့် ဂျပန်ဓားစာခံ ကင်ဂျီဂိုတိုက ခေါင်းဖြတ်ခံထားရသည်ဟု ယူဆရဖွယ်ရှိသည့် အသက် ၄၂ အရွယ် ဟာ ရူနာယူကာဝါ၏ ဓာတ်ပုံကို ကိုင်ထားခဲ့သည်။ဗီဒီယိုထဲတွင် ဂိုတိုသည် သူ၏အသက်အတွက် မေတ္တာရပ်ခံခဲ့ပြီး အသေခံဗုံးခွဲရန် ကြိုးပမ်းမှုဖြင့် ဂျော်ဒန်တွင် ထောင်ကျနေသော အမျိုးသမီးကို လွှတ်ပေးရန်လည်း ပြောကြားသွားခဲ့သည်။ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဆိုပါဗီဒီယိုသည် အမှန်ဖြစ်နိုင်ခြေ မြင့်မားသည်ဟု ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ အသတ်ခံရသူမိသားစု ခံစားနေရမည့် နာကျင်မှု၊ ဝမ်းနည်းမှုတို့အတွက် ပြောစရာစကား မရှိလောက်အောင် ဆိုနင့်နေမိသည်ဟု အာဘေးက ဆိုခဲ့သည်။ “ဒီအကြမ်းဖက်လုပ်ရပ်ဟာ တကယ့်ကို တရားလွန်ပြီး ဘယ်လိုမှ လက်ခံလို့မရပါဘူး။ သည်းမခံနိုင်လောက်အောင် နာကြည်းဒေါသထွက်ရပါတယ်”ဟု အာဘေးက ပြောကြားသည်။IS အဖွဲ့၏ မည်သည့် တရားဝင်ရုပ်သံလိုင်းကမှ ထုတ်လွှင့်ခြင်းမရှိခဲ့သည့် ယင်းဗီဒီယိုထဲတွင် IS အဖွဲ့၏ အဖြူနှင့်အနက်ရောင် အလံလည်း မဖော်ပြထားခဲ့ပေ။ ယူကာဝါကို ကွပ်မျက်ပုံကိုလည်း ဗီဒိုယိုထဲ၌ မဖော်ပြခဲ့ပေ။IS တို့သည် ဇန်နဝါရီ ၂ဝ ရက်က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတစ်ခုထဲတွင် ဂျပန်ဓားစာခံနှစ်ဦးကို အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ဖြင့် ၇၂ နာရီအတွင်း ပြန်ရွေးရန် တောင်းဆိုထားခဲ့သည်။ သို့သော် ယခုထုတ်ပြန်လိုက်သည့် ဗီဒီယိုထဲ၌ ဂိုတိုက“ပိုက်ဆံမ လိုတော့ပါဘူး။ ဒါကြောင့် သင်တို့အနေနဲ့လည်း IS အဖွဲ့ကို ရန်ပုံငွေထောက်ပံ့ပေးသလို ဖြစ်နေမှာကို မပူရတော့ပါဘူး။ အခုတောင်းဆိုချက်က ရှင်းရှင်းလေးပါ။ သူတို့ရဲ့ ထောင်ကျနေတဲ့ ညီအစ်မ ဆာဂျီဒါအယ်ရီရှာဝီကို လွှတ်ပေးလိုက်တာနဲ့ ကျွန်တော်လည်း ပြန်လွတ်လာမှာပါ”ဟု ပြောကြားခဲ့သည်။အီရတ်အမျိုးသမီးတစ်ဦးဖြစ်သည့်  ဆာဂျီဒါအယ်ရီရှာဝီသည်  ၂ဝဝ၅ ခုနှစ်က ဂျော်ဒန်မြို့တော် အမ္မန်ရှိ ဟိုတယ်တစ်ခုမှ မင်္ဂလာဆောင်တွင် အသေခံဗုံးခွဲရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ယခုဗီဒီယို ထွက်လာခြင်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းတို့ က ပြင်းထန်စွာ ဝိုင်းဝန်းပြစ်တင်ခဲ့ကြသည်။အာဘေးက ယခုဖြစ်စဉ်နှင့်ပတ်သက် ပြီး ဂျော်ဒန်နှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း  ဂျော်ဒန်အစိုးရအား လူသတ်မှုများစွာ ကျူးလွန်ခဲ့သည့်စွဲချက်ဖြင့် အဖမ်းခံထားရသော ထိုအမျိုးသမီးကို လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ရှိမရှိကိုမူ မပြောကြားခဲ့ပေ။ယခုအသတ်ခံရသည်ဟု ယူဆရဖွယ်ရှိသည့် ဟာရူနာယူကာဝါသည် စီးပွားရေးလုပ်ငန်း မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ကြေးစားစစ်သားတစ်ဦးအနေဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ခဲ့သည်။ ယူကာဝါက သူသည် မိမိကိုယ် ကိုယ်အဆုံးစီရင်ရန် ကြိုးပမ်းခဲ့ဖူးသူဖြစ်ကာ ဇနီးဖြစ်သူမှာလည်း သေဆုံးသွားပြီဖြစ်ကြောင်း ဧပြီလက အွန်လိုင်းပေါ်၌ ရေးခဲ့ဖူးသည်။ 

Most Read

Most Recent