အကြီးအကျယ် မသမာမှုတွေ၊ အသည်းအသန် အလွတ်ကျက် သင်ယူရမှုတွေအပြင် လီနင်ဝါဒ အိုင်ဒီယိုလိုဂျီကို မသင်မနေရယူရမှုတွေအပေါ် စိုးရိမ်လာကြတဲ့ ဗီယက်နမ် လူလတ်တန်းလွှာတွေဟာ သူတို့သားသမီးတွေကို ပြည်တွင်းပညာရေးစနစ်ကနေ လွတ်မြောက်အောင် ပြည်ပထွက်ပြီး ပညာသင်ကြားစေပါတယ်။နှစ်စဉ် ဗီယက်နမ်က မိဘတွေဟာ သူတို့ကလေးတွေကို ပြည်ပက ကျောင်းတွေနဲ့ ကောလိပ်တွေမှာ ပညာသင်ကြားဖို့ စေလွှတ်ရာမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် သုံးစွဲနေရတယ်လို့ လွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေကနေရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။ သိပ်ကို ဆုတ်ယုတ်ပျက်ပြားနေတဲ့ ပြည်တွင်းပညာရေးစနစ်ကို အဲဒီလိုပုံစံနဲ့ ရှောင်လွှဲနေကြခြင်းဟာ နိုင်ငံရဲ့ စီးပွားရေးကြီးထွားမှုအတွက် အဟန့်အတားဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပါတယ်။စင်ကာပူမှာ အထက်တန်းပညာသင်ကြားနေတဲ့ ဆယ်ကျော်သက်အရွယ်တွေကနေ ဩဇာကြီးမားတဲ့ အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူနေတဲ့ တက္ကသိုလ်ကျောင်းသားတွေအထိ ဗီယက်နမ်ကျောင်းသား ၁၂၅,ဝဝဝ ထက်မနည်းဟာ ပြည်ပမှာ ပညာသင်ယူနေတယ်လို့ နိုင်ငံတကာပညာရေးကဏ္ဍကို စောင့်ကြည့်နေတဲ့ ICEF Monitor အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဗီယက်နမ်မှာ ကျောင်းသားနဲ့ တက္ကသိုလ်ကျောင်းသား ၁၇ သန်းနီးပါးရှိတဲ့အထဲမှာ အဲဒီလို ပြည်ပမှာ ပညာသင်ယူနေတဲ့ ကျောင်းသားတွေက နည်းပါးတဲ့ အစိတ်အပိုင်းတစ်ရပ်ပဲလို့ ဆိုနိုင်ပေမယ့် ၂ဝ၁၃ ခုနှစ် တစ်နှစ်တည်းကို ပြည်ပမှာ ပညာသင်ယူနေတဲ့ကျောင်းသား ၁၅ ရာခိုင်နှုန်းထိ တက်လာပြီး အလျင်အမြန် ကြီးထွားလာနေပါတယ်။အစိုးရဝန်ထမ်းတစ်ဦးဖြစ်တဲ့ ငုယင်သီသူဆိုတဲ့ အမျိုးသမီးဟာ သူ့သားနှစ်ယောက် ပြည်ပမှာ ပညာသင်ကြားဖို့လိုအပ်တဲ့ သိန်းနဲ့ချီတဲ့ဒေါ်လာတွေရဖို့ မိသားစုပိုင်အိမ်ကို ရောင်းလိုက်ရပါတယ်။သူက“ဖိအားတွေ၊ မသမာမှုတွေအပြည့် နဲ့ ဒီပညာရေးစနစ်ကနေ လွတ်မြောက်အောင် ကျွန်မသားတွေကို လုပ်ပေးရမယ်”လို့ အေအက်ဖ်ပီသတင်းဌာနကို ပြောခဲ့ပါတယ်။ အခု ဗြိတိန်မှာ ပညာသင်ကြားနေတဲ့ သူ့သားနှစ်ဦး ဟနွိုင်းက အစိုးရကျောင်းမှာ တက်တုန်းကဆိုရင် လခနည်းပါးလှတဲ့ အစိုးရကျောင်းဆရာတွေ ဖွင့်ထားတဲ့ ကျူရှင်တွေကို သားနှစ်ဦးကို လိုက်ပို့ရတာနဲ့ပဲ သူ့အလုပ်တွေ အမြဲတမ်းပျက်ခဲ့ရတယ်လို့ ငုယင်သီသူက ဆိုပါတယ်။“ကျွန်မသားက သူ့သူငယ်ချင်းထက် သူဟာ စွမ်းဆောင်ရည် ပိုကောင်းပေမယ့် ဘာဖြစ်လို့ ဘယ်တော့မှ အမှတ်ကောင်းကောင်းမရတာလဲလို့ တစ်ခါတုန်းက ကျွန်မကို မေးပါတယ်။ သူ့သူငယ်ချင်းရဲ့အမေက ဆရာကို ပိုက်ဆံပိုပေးပြီး ပိုပြီးကောင်းအောင် ပြုစုတဲ့အတွက်ဆိုပြီးတော့ ကျွန်မဘယ်လိုရှင်းပြရမှာလဲ”လို့လည်း ငုယင်သီသူက ဆိုပါတယ်။ဆိုးရွားတဲ့ ပညာရေးကွန်ဖြူးရှပ်လမ်းကြောင်းကိုလိုက်တဲ့ ဗီယက်နမ်မှာ ပညာရေးဆိုတဲ့အဓိပ္ပာယ်က နိုင်ငံတော်က စွဲကိုင်ထားတဲ့ အယူဝါဒတစ်မျိုးပါပဲ။ ဒါပေမဲ့ ဗီယက်နမ်က ကျောင်းတွေက ကျောင်းသားတွေရဲ့ဘဝကို ကျရှုံးစေတာမို့ မိဘတွေက သူတို့သားသမီးတွေ အလုပ်ရဖို့လိုအပ်တဲ့ ဘွဲ့တွေပေးနိုင်တဲ့ အနောက်တိုင်းတက္ကသိုလ်တွေကိုပဲ ပို့ဖို့ စိတ်အားထက်သန်ကြတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။အခုအချိန်မှာ ဗီယက်နမ်ကျောင်းသား ၂ဝ,ဝဝဝ ခန့်က ဩစတြေးလျမှာ၊ ၁၆,၅ဝဝ က အမေရိကန်မှာနဲ့ ၅,ဝဝဝ က ဗြိတိန်မှာ ပညာသင်ကြားနေပါတယ်။ နည်းပါးတယ်လို့ ဆိုပေမယ့် အီလစ်လို့ခေါ်တဲ့ အထက်တန်းလွှာတွေသာ နိုင်ငံခြားပညာရေးကို သင်ယူနိုင်တဲ့ ဗီယက်နမ်လို ကွန်မြူနစ်နိုင်ငံမှာ ဒီအရေအတွက်က သိပ်ကိုများလွန်းပါတယ်။ အဲဒီလို ပမာဏများပေမယ့်လည်း နိုင်ငံခြားတက္ကသိုလ်တွေဟာ လူတစ်ယောက်ရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ဝဝ လောက်ပဲရှိတဲ့ ဗီယက်နမ်က မိသားစုတွေ အများစုအတွက်တော့ လက်လှမ်းမမီနိုင်သေးပါဘူး။ဒါပေမဲ့ တချို့သော အညွှန်းကိန်းတွေမှာ ဗီယက်နမ်နိုင်ငံရဲ့ ပညာရေးဟာ အဆင့်ကောင်းကောင်း ရထားတုန်းပါပဲ။ နိုင်ငံတကာကျောင်းသားများ လေ့လာသုံးသပ်မှုစီမံကိန်းအဖွဲ့ (PISA) ရဲ့ ဇယားမှာ ဗီယက်နမ် ဟာ သင်္ချာနဲ့ သိပ္ပံပညာအတွက် နိုင်ငံပေါင်း ၆၅ နိုင်ငံကို ပြထားတဲ့အထဲမှာ အဆင့် ၁၇ မှာ ရှိပါတယ်။ အဲဒီအဆင့်ဟာ အမေရိကန်အပါအဝင် အနောက်တိုင်းက ချမ်းသာတဲ့ နိုင်ငံတော်တော်များများရဲ့ အဆင့်ထက် သာလွန်နေပါတယ်။ဒါပေမဲ့ ထိပ်တန်းအရာရှိတွေက ဗဟိုချုပ်ကိုင်မှုနဲ့အုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ဒီစမ်းသပ်ရလဒ်တွေက ပညာရေးစနစ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အရည်အသွေးကို တိတိကျကျ မဖော်ပြနိုင်ဘူးလို့ သတိပေးပါတယ်။“ကျွန်တော်တို့ ရိုးရိုးသားသား ဝန်ခံရမှာပါ။ အပြည့်အဝ လေ့လာသုံးသပ်မှုလုပ်မယ်ဆိုရင် ဗီယက်နမ်ကျောင်းသားတွေရဲ့ အရည်အသွေးက နိမ့်ပါးနေတုန်းပါပဲ”လို့ ဗီယက်နမ် ဒုတိယပညာရေးဝန်ကြီး ငုယင်ဗင်ဟန်းက ၂ဝ၁၃ ခုနှစ်တုန်းက Tuoi Tre သတင်းစာကို ပြောခဲ့ဖူးပါတယ်။၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ဆယ်စုနှစ်လေးခုအကြာမှာ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ပညာရေးကဏ္ဍကို အပြည့်အဝ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်။ ဝေဖန်သူတွေက ဗီယက်နမ်ဟာ ကျွမ်းကျင်လုပ်သားတွေ ဖန်တီးဖို့ထက်စာရင် ပါတီကိုပဲ ပရိုမိုးရှင်းလုပ်နေတယ်လို့ ဆိုပါတယ်။အာဏာပိုင်တွေဟာ အသည်းအသန် အလွတ်ကျက်မယ်၊ စာမေးပွဲတွေအောင်ဖို့ အချက်အလက်တွေ ပြန်အန်ထုတ်မယ်၊ အာဏာပိုင်တွေကို ရိုကျိုးလိုက်နာမယ်ဆိုတဲ့ စနစ်ကိုပဲ အသားကျအောင်လုပ်နေပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းအတွက် နေရာမရှိဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ကျောင်းသားတွေက စာမေးပွဲတွေမှာ ခိုးချရင်း ခေတ်နောက်ကျပြီး ညံ့ဖျင်းတဲ့ ပြဠာန်းစာအုပ်တွေအပေါ် အမှီပြုနေရချိန် လခမကောင်းတဲ့ ဆရာတွေက သင်ခန်းစာတွေကို ကျောင်းမှာ အကုန်မသင်ဘဲ ဆရာစားချန်ထားပြီး သူတို့ပိုက်ဆံရမယ့် ကျူရှင်တွေကျမှပဲ သင်ပေးနေပါတယ်။“တက္ကသိုလ်ပညာရေးက သိပ်ကိုဆိုးပါတယ်။ ပြဠာန်းစာအုပ်တွေက အသုံးမဝင်ဘဲ ပျင်းစရာကောင်းတဲ့ သဘောတရားတွေနဲ့ပဲ ပြည့်နှက်နေတယ်”လို့ ဗီယက်နမ် ပညာရေးဝန်ကြီးဟောင်း ဖမ်မင်းဟက်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူက စာအုပ်တွေဟာ အချက်အလက်တွေနဲ့ လေးလံလွန်းနေတာမို့ ကျောင်းသားတွေ သင်တောင် မသင်ချင်တော့ဘူးလို့လည်း သတိပေးခဲ့ပါတယ်။ဗီယက်နမ်မှာ နှစ်စဉ် နွေရာသီ အထက်တန်းကျောင်းစာမေးပွဲ ကျင်းပနေစဉ်နဲ့ ကျင်းပပြီးပြီးချင်း ကျောင်းသားတွေ ခိုးချတယ်ဆိုပြီး ပညာရေးဝန်ကြီးဌာနကိုရောက်လာတဲ့ တိုင်စာတွေ တစ်ပုံကြီးပါပဲ။၂ဝ၁၄ ခုနှစ် ဇွန်လမှာ ထင်ရှားတဲ့ ပညာရေးတက်ကြွလှုပ်ရှားသူနဲ့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဒိုဗီယက်ခိုအာက ဟွာဘင်းပြည်နယ်မြောက်ပိုင်းက အထက်တန်းကျောင်းတစ်ကျောင်းမှာ စာပေနဲ့ သမိုင်းဘာသာ စာမေးပွဲဖြေနေတုန်း ကျောင်းသားတွေ ခိုးချနေပုံကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကို သူရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့ပါတယ်။ ခိုအာရဲ့ ပြောကြားချက်အရ စာမေးပွဲစောင့်တဲ့ ဆရာတွေက စာမေးပွဲဖြေသူတွေ သူတို့ ကြိုတင်ပြင်ဆင်လာတဲ့ စာရွက်တွေကနေ လွတ်လွတ်လပ်လပ် ကူးယူနိုင်အောင်နဲ့ အချင်းချင်း ဆွေးနွေးလို့ရအောင် စာမေးပွဲအခန်းအပြင်ကို တမင်ထွက်သွားကြတယ်လို့လည်း သိရပါတယ်။အဲဒီဗီဒီယိုဖိုင်က အကြီးအကျယ်ပျံ့နှံ့ သွားပြီး မိဘတွေ အကြီးအကျယ် စိုးရိမ်သွားကြပေမယ့် သက်ဆိုင်ရာအာဏာပိုင်တွေကတော့ မဖြုံပါဘူး။ အကျိုးရလဒ်ကတော့ ကုမ္ပဏီတွေက ခန့်ထားလိုတဲ့ ပညာတတ်တွေကို ဗီယက်နမ်ကျောင်းတွေနဲ့ တက္ကသိုလ်တွေ က မွေးထုတ်မပေးနိုင်တာပါပဲ။ တရားဝင်စာရင်းဇယားတွေအရ ဒီနှစ်မှာ အလုပ်ရှာမရတဲ့ ဘွဲ့ရပြီးသူတွေ ၁၄၇,ဝဝဝ လောက် ရှိပါတယ်။
ကျောင်းသားများကို ပြည်ပထွက်ရန် တွန်းပို့နေသည့် ဆိုးရွားလာသော ဗီယက်နမ်ပညာရေး
Most Read
Most Recent
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago