ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် နိုဘယ်ဆုရှင်

ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် နိုဘယ်ဆုရှင်
Published 25 January 2015
မောင်တင်ဦး (မြောင်းမြ)

ကမ္ဘာသားတို့ရဲ့ ခရီးရှည်လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက စကြဝဠာအနန္တထဲမှာ သက်ရှိသတ္တဝါတွေနေထိုင်နိုင်တဲ့ ကမ္ဘာကြီးဆိုတာ ဖြစ်တည်လာခဲ့တာပါ။ ကမ္ဘာသားဆိုတာ သက်ရှိသတ္တဝါများနဲ့အတူ လူသားများလည်း ပါဝင်ရှင်သန်ခဲ့ကြပါတယ်။ ကမ္ဘာသားများအနက် ခြေလေးချောင်းအားပြု လေးဖက်ထောက် သတ္တဝါတွေ၊ တောင်ပံအားပြုပျံသန်းနိုင်တဲ့ သတ္တဝါတွေ ရေယက်အားပြု ရေကူးနေတဲ့ သတ္တဝါတွေ၊ အရေပြားအားပြု တွားသွားနေတဲ့ သတ္တဝါတွေဟာ ကမ္ဘာပေါ်မှာ အရောင်အသွေး၊ ပုံစံအမျိုးမျိုး နဲ့ ပေါ်ထွန်းဖြစ်တည်လာပါတယ်။ အချို့သော သတ္တဝါများဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို မခံနိုင်လို့ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားရပါတယ်။ အချို့သော သစ်ပင်၊ အပင်ငယ်တို့ခမျာလည်း ရာသီဥတုပြောင်းလဲမှုဒဏ်ကို မခံနိုင်လို့ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားရပါတယ်။အချို့သော သစ်ပင်၊ အပင်ငယ်တို့ခမျာလည်း ရာသီဥတုဒဏ်ကြောင့် မျိုးသုဉ်းကြရပြန်ပါတယ်။ ထို့အတူ မျိုးစိတ်သစ်သတ္တဝါအသစ်များ၊ အပင်ငယ်အသစ်များစွာလည်း ဖြစ်ထွန်းနေပါတယ်။ထိုသို့သော ကမ္ဘာကြီးမှာ လူသားတွေဟာ တိရစ္ဆာန်တွေ၊ သစ်ပင်တွေနဲ့အတူ ဘဝရှင်သန်ရေးအတွက် ရုန်းကန်ကြရပါတယ်။ လူဦးရေ တိုးပွားခြင်း၊ အစာရေစာနည်းပါးလာခြင်း၊ နယ်မြေကျဉ်းမြောင်းလာခြင်းတို့ကြောင့် ရေကြည်ရာ မြက်နုရာ နေရာသစ်ရှာဖွေလာကြပါတယ်။ အာရှအလယ်တိုင်း၊ ဥရောပအလယ်ပိုင်းတို့မှ လူသားများဟာ အရပ်လေးမျက်နှာကို ချဲ့ထွင်နေထိုင်လာကြပါတယ်။ ထိုမှ အမေရိကတိုက်၊ မြောက်ဝင်ရိုးစွန်း၊ တောင်ဝင်ရိုးစွန်းတို့ အထိ ပြန့်ကာသွားပါတယ်။ ငြိမ်းချမ်းရေးဆိုတာယေဘုယျအားဖြင့် ငြိမ်းချမ်းရေးဆိုတာကို လူအတော်များများက စစ်မဖြစ်တာ၊ စစ်မတိုက်တာလို့ ယူဆကြတာများပါတယ်။ ဒီအတွေးအခေါ်က စစ်တွေသာတိုက်ခဲ့သူတွေ တိုက်တတ်သူတွေ၊ လက်နက်ကိုင်စွဲထားသူရဲ့ အတွေးဟောင်း အတွေးဆွေးတွေပါ။ယနေ့ယဉ်ကျေးလာတဲ့ ကမ္ဘာကြီးဟာ စစ်ရေးခြိမ်းခြောက်ခံရတာထက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ တင်းကြမ်းပါ။ ထိုကမ္ဘာသားအထဲမှာ လူသားတွေခမျာလည်း မလွှဲမရှောင်သာဘဲ ရာသီဥတုဒဏ်ကိုသာမက သဘာဝဘေးဒဏ်ကိုပါ မရှုမလှ ခံခဲ့ရပါတယ်။ အေဒီ ၇၉ မှာ ဗီဆူဗီးယပ် မီးတောင်ပေါက်ကွဲခဲ့လို့ ပွန်ပီမြို့နေ လူသားများနဲ့ ပွန်ပီမြို့ဆိုတာလည်း မီးတောင်အောက်မှာ ပျောက်ဆုံးခဲ့ရပါတယ်။  ဘယ်လူသားကမှ ဒီလို မငြိမ်းချမ်းတဲ့ အန္တရာယ်မှ မကာကွယ်ပေးနိုင်ခဲ့ပါဘူး။ တစ်ဖန် ပုလဲဆိပ်ကမ်းကို ဂျပန်တွေက ဗုံးကြဲတိုက်ခိုက်လို့ အမေရိကန်တွေက ဟီရိုရှီးမားမြို့နဲ့ နာဂါစကီမြို့ဆိုတာလည်း အဏုမြူ ဗုံးကြဲချလို့ လူသားသိန်းချီ သေဆုံးခဲ့ရပြန်ပါတယ်။ မယဉ်ကျေးတဲ့ အာဏာရူး၊ အာဏာရှင်အချို့ကြောင့် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေ ဖြစ်ပွားကာ လူသားသန်းပေါင်းများစွာ အတိဒုက္ခ ကြုံခဲ့ရပြန်ပါတယ်။ စင်စစ် ကမ္ဘာသားတို့ရဲ့ မနေမနားသွားနေရတဲ့ ခရီးရှည်ဟာ ကြမ်းတမ်းခက်ထန်လွန်းပါတယ်။ အီဘိုလာဗိုင်းရပ်စ်ပိုးကြောင့် လူသားတွေ ထောင်ချီသေရပြန်ပါတယ်။ H1N1 ဗိုင်းရပ်စ်ပိုးကြောင့် လူတွေဒုက္ခရောက် သေမင်းထံ လက်နက်ချ အသေခံလိုက်ရပြန်ပါတယ်။ ဒီလိုမျိုး အသက်လုစစ်ပွဲတွေမှာ လိုအပ်တာက စစ်သားတွေ စစ်လက်နက်တွေ မဟုတ်ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ ဆေးပညာ၊ နည်းပညာ၊ ကရုဏာရှင်ဆရာဝန်၊ သူနာပြုတွေ ဖြစ်ပါတယ်။ ထို့အတူ နာဂစ်မုန်တိုင်းမှာ မြန်မာပြည်သူတွေ သန်းချီ သေဆုံးရပြပါတယ်။ ပင်လယ်ရေကြောထဲမှာ မျောနေတဲ့ ပြည်သူတွေကို ကယ်ဆယ်ပေးနိုင်တာက ကယ်ဆယ်ရေးယာဉ်တွေပါ။ အချိန်အခါမဟုတ် မိုးတွေသည်းထန်စွာရွာလို့ လယ်တွေ ရေမြုပ်၊ ရွာတွေပျက်စီး၊ ကယ်ပါ ယူပါ တစာစာအော်နေရတဲ့ ပြည်သူတွေကို ကူညီနိုင်မယ့်သူတွေက လူသားချင်း စာနာစိတ်ရှိသူများသာဖြစ်ပါတယ်။ ငတ်နေတဲ့ ပြည်သူတွေကို ကယ်တင်ပေးနိုင်တာက စားနပ်ရိက္ခာတွေပါ။ ကျည်ဆန်တွေ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက လူသားချင်းစာနာမှုအရ ထောက်ပံ့လာတဲ့ အစားအစာ၊ အသုံးအဆောင်ပစ္စည်းတွေသာလျှင် လူသားတွေရဲ့ အသက်၊ ဘဝငြိမ်းချမ်းရေးကို ကာကွယ် စောင့်ရှောက်ပေးခဲ့တာ လက်တွေ့ အမြင်ပါပဲ။ လူအိုတွေ၊ လူနာ တွေအတွက်၊ လက်ငင်းလိုအပ်နေတာက ဒေါ်ဦးဇွန်း၊ မာသာထရေဇာ တို့လို ကိုယ်ကျိုးစွန့် လူသားများဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ချင်လို့ စစ်တိုက်နေရတာပါပြောပေမယ့် စစ်ကြောင့် ငြိမ်းချမ်းရေးပေါ်ပေါက်မလာဘဲ စစ်ပြေးဒုက္ခသည်တွေ တိုးလာပြီး မငြိမ်းချမ်းတဲ့နယ်မြေတွေသာ တိုးလာနေပါတယ်။စင်စစ်ငြိမ်းချမ်းရေးဆိုတာ လောကတစ်ခုလုံးမှ အဖြစ်အပျက်အားလုံးနဲ့ ပါဝင်ပတ်သက်နေတာပါ။ စစ်ဖြစ်နေရင် မငြိမ်းချမ်းဘူး။ စစ်မဖြစ်ရင် ငြိမ်းချမ်းတယ်။ ဒါကြောင့် ငြိမ်းချမ်းချင်ရင် တပ်မတော်ကို အားကောင်းအောင်လုပ်ရမယ်ဆိုတာ ဟောင်းမြင်းလွန်းတဲ့ နောက်ပြန်ဆွဲအတွေးဖြစ်နေပါပြီ။ ဆိုတော့ ငြိမ်းချမ်းရေးမှာ စစ်ရေးတစ်ခုတည်း ကွက်ကွက်ကလေး ရှုမြင်သုံးသပ်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ ကျန်းမာရေး၊ သဘာဝဘေးဒဏ်ကာကွယ်ရေး၊ တစ်ဦးချင်းစီ ဘဝလုံခြုံရေး၊ လွတ်လပ်စွာ ပညာသင်ယူခွင့်ရရှိရေး၊ မိမိစိတ်ကြိုက်စီးပွားရေးလုပ်ကိုင်ခွင့် (မျှတသောဥပဒေနဲ့အညီ) ရရှိရေး၊ မတရားမှုပပျောက်ရေး၊ စတဲ့နယ်ပယ်အသီးသီးမှ လိုအပ်ချက်များပြည့်စုံပါမှာ ငြိမ်းချမ်းရေးဆိုတာ ကြာရှည်တည်တံ့တဲ့ စစ်မှန်တဲ့  ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ငြိမ်းချမ်းရေး ဗိသုကာယဉ်ကျေးသောလူသားများရဲ့ ကြိုးပမ်းအားထုတ်မှုတစ်ရပ် ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ ကမ္ဘာသားများ ငြိမ်းချမ်းဖို့ လိုအပ်လာပါတယ်။ ၁၈၈၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှာ ဆွီဒင်နိုင်ငံသား အဲလ်ဖရက်နိုဘယ် ဆိုသူဟာ ဒိုင်းနမိုက်ကို စတင်တီထွင် အောင်မြင်ခဲ့ပါတယ်။ တောင်တွေ ဖောက်၊ တံတားတွေဆောက်ဖို့အတွက် ဒိုင်းနမိုက်ဟာ အလွန်အသုံးဝင်ခဲ့လို့ နိုဘယ်တစ်ယောက် ကျေနပ်ပီတိဖြစ်နေရပါတယ်။ လူသားတွေအကျိုးပြုနိုင်လို့ပါ။ ဒါပေမဲ့ လောကမှာ လူတော်ချည်းမရှိနေဘဲ လူဆိုးဆိုတာကလည်း ဒွန်တွဲပြီး ရှိလာပြန်ပါတယ်။ ဒိုင်နမိုက်က လူဆိုးတွေအတွက် အဖျက်လုပ်ငန်း၊ လူသတ်လက်နက်တစ်ခု ဖြစ်လာပါတယ်။ ဒီဖြစ်ရပ်ကို သိလိုက်ရတဲ့ နိုဘယ်ဟာ အလွန်မှစိတ်ထိခိုက်ရပါတယ်။ သူတီထွင်ပေးတာက လူသားတွေကောင်းဖို့၊ ဖြစ်လာတာက လူတွေ ဒိုင်းနမိုက်ကြောင့် အသတ်ခံရတာ။ ယဉ်ကျေးတဲ့လူသားဟာ လောကကို ယဉ်ကျေးတဲ့ ရှုထောင့်ကပဲ ကြည့်တတ်ပါတယ်။ ဒီလိုလူတွေ သေနေတာဟာ သူ့တာဝန်လို့ သူ့ဘာသာသူ ယူဆပါတယ်။ လျစ်လျူ မရှု၊ မသိကျိုးကျွန် မပြုခဲ့ပါဘူး။ သူသေခါနီး သူ့သေတမ်းစာမှာ ဒီလိုထည့်သွင်းရေးသားထားပါတယ်။ လူသားကောင်းကျိုး ပြုလုပ်တဲ့သူကို  ကမ္ဘာတစ်ဝန်းမှ ရွေးချယ်ပြီး ဆုချီးမြှင့်ပေးဖို့ တိုက်တွန်းရေးသားခဲ့ပါတယ်။ သေခါနီး ကိုယ့်အတွက်၊ ကိုယ့်အမျိုးအတွက် ကွက်ကွက်လေးကြည့်ပြီး ဘဝကူးသွားတဲ့ လူသားတွေနဲ့ လားလားမှ မတူပါဘူး။ ဒီလိုနဲ့ အဲလ်ဖရက်နိုဘယ် သေဆုံးပြီး နိုဘယ်ဆုကော်မတီကို ဆွီဒင်အစိုးရမှ သီးခြားဖွဲ့စည်းပေးပြီး နှစ်စဉ်ဆုများ ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ရွေးချယ်ရာမှာ အဓိကရည်ရွယ်ချက်က ကမ္ဘာ့နယ်ပယ်အသီးသီးမှာ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် တက်တက်ကြွကြွ ဆောင်ရွက်ပေးနေကြတဲ့ သိပ္ပံပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတွေအတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဓာတုဗေဒပညာရှင်၊ ရူပဗေဒပညာရှင်၊ ဇီဝဗေဒပညာရှင်၊ စာပေအနုပညာရှင်၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်သူတွေကို နှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။တစ်နည်းပြောရရင် ငြိမ်းချမ်းရေးကို စစ်ရေးနည်းအပြင် အခြားဆောင်ရွက်စရာတွေ အများကြီးရှိနေသေးကြောင်း မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။ယခုဆိုလျှင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့တာ ၉၅ ကြိမ် ရှိပါပြီ။ ၁၉ဝဝ ပြည့်နှစ်မှ ၂ဝ၁၄ ခုနှစ်အထိ တစ်ဦးချင်းဆု ၁ဝ၃ ဆုနဲ့ အဖွဲ့အစည်းဆု ၂၅ ဆု  ချီးမြှင့်ပြီးပါပြီ။ ၂ဝ၁၄ ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုကို  Kaillash Satyarthi နှင့် Malala Yousafzai  တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ နိုဘယ်ဆုရ မိန့်ခွန်းကို အော်စလိုမြို့တော်ခန်းမ၊ နော်ဝေနိုင်ငံမှာ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှာ ပြောခွင့်ရခဲ့ပါတယ်။ဆုရပြီး နှစ်၂ဝ ကြာခဲ့ပါတယ်။ သူမကို ဆုချီးမြှင့်ရတဲ့အကြောင်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ပွဲဝင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ထိ ဒီမိုကရေစီရော၊ လူ့အခွင့်အရေးပါ မြင်သာမြင်ရ မကြင်ရသေးပါဘူး။ ငြိမ်းချမ်းရေးကို စစ်ရေးတစ်ခုတည်းနဲ့ ဖြေရှင်းလို့မရနိုင်မှန်း ဒေါ်အောင်ဆန်းစုကြည်က ရှေးမဆွကတည်းက သိနေခဲ့တာပါ။ ထို့အတူပြည်သူတွေ ရှစ်လေးလုံးအရေးတော်ပုံမှာ သွေးတွေ၊ အသက်တွေ ဘယ်လောက်ပေးဆပ်ခဲ့ရတာကို မျက်ဝါးထင်ထင် မြင်ခဲ့ပြီးပါပြီ။ဒါကြောင့်ငြိမ်းချမ်းရေးကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းနည်းလမ်းကို တစိုက်မတ်မတ် ရွေးချယ်လာတာ ဒီနေ့အထိပါ။ဆု၊ ဆုပေးသူနှင့် ဆုရသူသာမန်အားဖြင့် ဆုတွေအမျိုးမျိုးကို ပတ်ဝန်းကျင်မှာကြားဖူး၊ မြင်ဖူး၊ရဖူးကြမှာပါ။သို့မဟုတ် ပေးဖူးကြမှာပါ။ လွတ်လပ်ရေးနေ့က လမ်းပေါ်မှာ ကလေးတွေ အာလူးကောက်၊ ပြေးပွဲဝင်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယရတဲ့ ကလေးတွေ ကို လမ်းထဲမှာ လူကြီးတွေက ဆုချီးမြှင့်နေတာ မြင်တွေ့ရပါတယ်။ ဆုပေးသူကလည်း တပြုံးပြုံး၊ ဆုရတဲ့ ကလေးတွေကလည်း ခုန်ပေါက် ပျော်လို့မဆုံး။ ဘာပဲဖြစ်ဖြစ် မင်္ဂလာရှိတဲ့ မြင်ကွင်းဆိုတာ လူတိုင်းလက်ခံကြမှာပါ။ လွတ်လပ်ရေးနေ့ကို သတိရကြတယ်။ဂုဏ်ပြုကြတယ်။ ကောင်းတဲ့အစဉ်အလာပါ။နိုဘယ်ဆုဆိုတာ အဓိက လူသားများငြိမ်းချမ်းစွာ တရားမျှတစွာ လွတ်လပ်စွာ အသက်ရှင်နေထိုင်ရေးအတွက် ကိုယ်ကျိုးစွန့်၊ အချိန်စွန့်၊ဝင်ငွေစွန့်၊ ဂုဏ်ပကာသနစွန့် ဆောင်ရွက်နေသူတွေအတွက် ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ပြီး မေးတာကို မှန်အောင်ဖြေနိုင်မှ အလွတ်ရွတ်ဆိုပြမှ ပေးအပ်တဲ့ဆု မဟုတ်ပါဘူး။ တစ်နည်းပြောရရင် ဆုရရေးအတွက် ရည်ရွယ်ချက်ရှိရှိ ဖြေဆိုမှရတဲ့ဆု မဟုတ်ပါဘူး။ လူသားတွေကို လူ့အခွင့်အရေးတန်းတူညီမျှရ ရှိဖို့၊ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ အဖိနှိပ်ခံလူသားများအတွက် ဆောင်ရွက်ပေးနေသူ၊ ကိုယ့်ကျိုးစွန့်နေသူကို ကမ္ဘာတစ်လွှားမှ ရွေးချယ်ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။ဆုပေးသူ ဦးစွာပထမပုဂ္ဂိုလ်ဟာ ဆွီဒင်နိုင်ငံသား အဲလ်ဖရယ်နိုဘယ် (Alfred Nobel) ဖြစ်ပါတယ်။ နိုဘယ်ဟာ သိပ္ပံပညာရှင်၊ ဓာတုပညာရှင်၊ ဖြစ်ပြီး လူသားအကျိုးပြုလိုတဲ့ ပင်ကိုစိတ်ရှိသူ ဖြစ်ပါတယ်။ ထိုခေတ် ထိုအချိန်က လူသားတွေရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ လူရမ်းကားတွေကို ပညာချွန်းနဲ့ ထိန်းမှဖြစ်မယ်ဆိုတာ နိုဘယ်တစ်ယောက် သဘောပေါက်ခဲ့ပါတယ်။ ထို့အတူ အာဏာရှင်စနစ်ဆိုးကို သုတ်သင်နိုင်ဖို့ ဒီမိုကရေစီစနစ်နဲ့ အစားထိုးရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကောင်းကောင်းကြီး သဘောပေါက်နေပါတယ်။ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ပြည်သူတွေဟာ ဘဝလွတ်လပ်တယ်။ ဆင်ခြင်တွေးခေါ်မှု လွတ်လပ်တယ်။ နှလုံးသားအထိ လွတ်လပ်ကြပါတယ်။ ဒီလိုအတွေးရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူသားအကျိုး ဆောင်ရွက်စေလိုသူ နိုဘယ်တို့ဟာ အသိတရားချင်းကြောင့် ဖြစ်ဖြစ်၊ နှလုံးသားချင်းကြောင့်ဖြစ်ဖြစ် လူချင်းမတွေ့ရပေမယ့် စိတ်ချင်းတွေ့စေလိုက်တာဟာ နိုဘယ်ဆုပါပဲ။ ကမ္ဘာလောကကြီးကို ငြိမ်းချမ်းစေလိုသူ နှစ်ဦးဟာ အချိန်တွေ၊ အခြေအနေတွေ၊ နိုင်ငံတွေခြားနေသော်လည်း အသိတရားမြင့်မားမွန်မြတ်မှုတွေက တစ်ထပ်တည်းကျနေတာဟာ ဆုချီးမြှင့် သူ၊ ဆုချီးမြှင့်ခံသူနဲ့ ဆုတန်ဖိုးတို့က ပြသနေပါတယ်။ယနေ့ ၂ဝ၁၅ခုနှစ်ထိ ရောက်လာသည့်တိုင် မြန်မာပြည်သူတွေဟာ နိုဘယ်လိုလားသလို ဖြစ်မလာသေးပါဘူး။ ဒီတာဝန်ကို ဆက်လက်ထမ်းပိုးရမယ့် လက်ဆင့်ကမ်း သယ်ပိုးရမှာက ၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ထို့အတူ နိုဘယ်ဆုရသူရှိနေတဲ့ နိုင်ငံသားများဟာလည်း နိုဘယ် စိတ်ဓာတ်ရှိရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ငြိမ်းချမ်းရေးရသည်အထိ ပူးပေါင်းပါဝင်ကြပါစို့လို့။