အသက်တမျှအချက်ကျတဲ့မြေ

အသက်တမျှအချက်ကျတဲ့မြေ
Published 25 January 2015
နီမင်းဆွေ

ဆရာကြီးဒဂုန်ရွှေမျှားက သူငယ်စဉ်ခါမှာကြည့်ခဲ့ရတဲ့ ဘောလုံးပွဲတွေထဲက သူနှစ်သက်တဲ့ ဘောလုံးကစားကွက်တချို့ကို အသက်အရွယ်ကြီးရင့်လာတဲ့အထိ သတိရနေလေ့ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။ အသက် ၉၅ နှစ်နီးပါးရှိနေပြီဖြစ်တဲ့ မန္တလေးတက္ကသိုလ်ရဲ့ အငြိမ်းစားပါမောက္ခချုပ် ဆရာကြီးတစ်ဦးကို မကြာသေးခင်က သွားကန်တော့တုန်းကလည်း ဆရာကြီးလည်း ဒဂုန်ရွှေမျှားလိုပဲဖြစ်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။ တက္ကသိုလ်ဆရာပေါက်စဘဝတုန်းက သူကိုယ်တိုင်ဝင်ကစားခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲမှာ  သူ့ သူငယ်ချင်းဆရာတစ်ယောက် ဂိုးဖမ်းတာ မသေချာလို့ ပေါင်နှစ်လုံးကြားထဲကနေ ဂိုးဝင်သွားပြီး အဲဒီဂိုးကြောင့် ဆရာကြီးတို့ အသင်းရှုံးခဲ့ရတဲ့အကြောင်း ရယ်ရယ်မောမောနဲ့ ကိုယ့်ကိုပြန်ပြောပြတာကို နားထောင်ခဲ့ရပါတယ်။ကိုယ်လည်းပဲ ငယ်စဉ်ကကြည့်ခဲ့ရတဲ့ ဘောလုံးကစားကွက်တချို့ကို ဆရာကြီးတို့လို သတိရနေတတ်တာပါပဲ။ ဒါပေမဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တစ်ကောင်ပြောလိုက်တဲ့စကား၊ ဒါမှမဟုတ်ရင်လည်း သရုပ်ဆောင်လိုက်တဲ့ ဇာတ်ကွက်တစ်ကွက်ကို နှစ်ပေါင်းမြောက်မြားစွာကြာအောင် ထူးထူးခြားခြား ပိုပြီးသတိရနေလေ့ ရှိတတ်ပါတယ်။ အဲဒီလိုဇာတ်ကားမျိုးတွေထဲက ဇာတ်ကားတစ်ကားကတော့ “နဗရွန်းအမြောက်ကြီးများ” The Guns of Navarone ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားဟာ စကော့လူမျိုး စာရေးဆရာ “အားလစ်စတာမက်ခလိန်း”  Alistair MacLean (၁၉၂၂-၁၉၈၇) ရဲ့ ကမ္ဘာကျော် စိတ်ကူးယဉ် စွန့်စားခန်းဝတ္ထုကို ပြန်ရိုက်ထားတာ ဖြစ်ပြီး ၁၉၆၁ ခုနှစ်မှာ ရုံတင်ခဲ့ပါတယ်။၁၉၄၃ ခုနှစ်မှာ ဗြိတိသျှစစ်သည် ၂၀၀၀ လောက်ဟာ ဂရိနဲ့ တူရကီအကြားမှာရှိတဲ့ “အဂျီးရင်း” ပင်လယ်ထဲက ဂရိပိုင် “ခဲရော့စ်”ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ပိတ်မိနေကြပါတယ်။ ဒီကျွန်းဆီကိုလာရမယ့် ရေလမ်းခရီးကြားမှာ “နဗရွန်း”ဆိုတဲ့ ကျောက်တောင်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ကျွန်းရှိပါတယ်။ အဲဒီကျွန်းပေါ်က ကျောက်တောင်ကြီးတစ်ခုရဲ့ တောင်စောင်းက လှိုင်ခေါင်းထဲမှာ ရေဒါနဲ့လမ်းကြောင်းပြပြီး မဟာမိတ်စစ်သင်္ဘောတွေကို မလွဲတမ်းပစ်ခတ်နိုင်တဲ့ အမြောက်ကြီးနှစ်လက်ကို ဂျာမန်တွေက တပ်ဆင်ထားပါတယ်။ ဒါ့ကြောင့် စစ်ကူဖို့လိုက်လာတဲ့ မဟာမိတ်စစ်သင်္ဘောတွေဟာ အဲဒီအမြောက်ကြီးတွေရဲ့ ချေမှုန်းပစ်ခတ်တာကို ခံကြရပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြစ်နေကြရပါတယ်။ ဒီခဲရော့စ်ကျွန်းပေါ်က ဗြိတိသျှတပ်သားတွေကိုချေမှုန်းဖို့ ဂျာမန်တပ်တွေကလည်း ချီတက်လာနေကြပြီမို့ ဗြိတိသျှတပ်သားတွေကို အချိန်မီကယ်တင်ဖို့ကလည်း အချိန်ခြောက်ရက်ပဲ ကျန်ပါတော့တယ်။ လေကြောင်းကလည်း ဗုံးကြဲလို့မရနိုင်တာမို့  ဒီအမြောက်ကြီးတွေကို လူကိုယ်တိုင်တက်ပြီး ချေမှုန်းဖို့ မဟာမိတ်စစ်ခေါင်းဆောင်တွေက ကွန်မန်ဒိုတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးလိုက်ပါတယ်။ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ကတော့ ဗိုလ်မှူး “ဖရန့်ကလင်” ဖြစ်ပြီး တောင်တက်ကျွမ်းကျင်တဲ့ ဗိုလ်ကြီး “မဲလရီ” (Gregory Peck)၊ စစ်ရေးစစ်ရာမှာ အရေးမလှဖြစ်နေတဲ့ ဂရိတပ်မတော်က ဗိုလ်မှူးကြီး “အန်းဒရီယာ” (Anthony Quinn)၊ တစ်ချိန်က တက္ကသိုလ်မှာ ဓာတုဗေဒဆရာဖြစ်ခဲ့ဖူးတဲ့ ဖောက်ခွဲရေးကျွမ်းကျင်သူ တပ်ကြပ် “မင်းလား” (David Niven)၊ နဲ့ အခြားနှစ်ဦးတို့ ပါဝင်ကြပါတယ်။ သူတို့ဟာ ငါးဖမ်းတံငါလှေအစုတ်ကလေးတစ်စီးနဲ့ ဂရိတံငါသည်တွေဟန်ဆောင်ပြီး  နဗရွန်းအမြောက်ကြီးတွေရှိတဲ့ ကျွန်းဆီကိုအသွား ဂျာမန်ကင်းလှည့်စစ်ရေယာဉ်တစ်စင်းနဲ့ ထိပ်တိုက်ဆုံမိကြပါတယ်။ သူတို့ဟာ ဂျာမန်ကင်းလှည့်သင်္ဘောကို နှစ်မြှုပ်နိုင်လိုက်ပြီး တံငါလှေလေးနဲ့ပဲ ခရီးဆက်နှင်လာခဲ့ကြပါတယ်။သူတို့ဟာ နဗရွန်းအမြောက်ကြီးတွေ တပ်ဆင်ထားတဲ့ကျွန်းပေါ်က အင်မတန်မတ်စောက်တဲ့ ချောက်ကမ်းပါးကိုတက်ရင်း ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးဖရန့်ကလင်ဟာ ဒဏ်ရာအပြင်းအထန်ရသွားတဲ့အတွက် သူ့ကို ထမ်းစင်နဲ့တင်ပြီး ဆက်ခေါ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့အဖွဲ့ဟာ ကျွန်းပေါ်က ဒေသခံဂရိတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲမေနှစ်ဦးဖြစ်ကြတဲ့ “မာရီယာ” (Irene Papas) နဲ့ သူ့သူငယ်ချင်း “အန်းနာ” (Gia Scala) တို့နဲ့ ဆုံမိကြပါတယ်။ အန်းနာဟာ ဂျာမန်တွေ အဖမ်းခံရပြီး နှိပ်စက်တာခံရလို့ အကြောက်လွန်ပြီး စကားမပြောနိုင်အောင်ဖြစ်သွားခဲ့တဲ့အပြင် နောက်ကျောမှာလည်း ဒဏ်ရာတွေ ရထားတယ်လို့ သိရပါတယ်။ဒါပေမဲ့လည်း ခရီးဆက်နှင်တဲ့အခါမှာ သူတို့အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို ဂျာမန်တွေက ကြိုကြိုပြီးသိနေတာကို သတိထားမိလိုက်ကြပါတယ်။ မြို့ထဲဝင်ပြီး ဗိုလ်မှူးဖရန့်ကလင်ကို ဆေးကုပေးဖို့ ဆရာဝန်ရှာကြတဲ့အခါမှာလည်း ဂျာမန်တွေ ကြိုသိသွားတဲ့အတွက် ဗိုလ်မှူးဖရန့်ကလင်ကို ဂျာမန်တွေ ဖမ်းမိသွားကြပါတယ်။ ဂျာမန်တွေကိုရှောင်ရင်း ပုန်းရင်းနဲ့ပဲ တပ်ကြပ်မင်းလားဟာ သူယူလာတဲ့ယမ်းတွေ သုံးမရတော့တဲ့အကြောင်း စစ်ဆေးတွေ့ရှိသွားပါတယ်။ ဒါဟာ မာရီယာရဲ့သူငယ်ချင်း အန်းနာရဲ့လက်ချက်ကြောင့်ဆိုတာကိုလည်း သိသွားကြပါတယ်။ တကယ်တော့ အန်းနာဟာ သူ့ဘဝရဲ့လွတ်မြောက်ရေးအတွက် ဂျာမန်တွေနဲ့ အပေးအယူလုပ်ပြီး သူတို့အဖွဲ့ထဲကို သူလျှိုအဖြစ် ဝင်လာခဲ့တာပါ။ အဖြစ်မှန်ကို အန်းနာကဝန်ခံတဲ့အခါ မာရီယာကိုယ်တိုင်က သူ့သူငယ်ချင်းကို ပစ်သတ်လိုက်ပါတယ်။ နောက်တော့ သူတို့ဟာ သူတို့အဖွဲ့ကို အပိုင်းသုံးပိုင်း ခွဲလိုက်ကြပါတယ်။ ပထမအဖွဲ့မှာ ဗိုလ်ကြီးမဲလရီနဲ့ တပ်ကြပ်ကြီး မင်းလားတို့ပါဝင်ပြီး အဲဒီအဖွဲ့က အမြောက်ကြီးတွေကို ဖျက်ဆီးပစ်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ဖွဲ့က ဗိုလ်မှူးကြီးအန်းဒရီယာနဲ့ “စပိုင်းလော့စ်” တို့ဖြစ်ကြပြီး သူတို့အဖွဲ့ကတော့ အမြောက်ကြီးတွေကို ဖျက်ဆီးမယ့်အဖွဲ့တွေဘက်ကို ဂျာမန်တွေအာရုံမရောက်အောင် မြို့ထဲကိုဝင်ပြီး အာရုံပြောင်းစေမယ့်အလုပ်တွေကို လုပ်ကြဖို့ဖြစ်ပါတယ်။ မာရီယာနဲ့ ဘရောင်းတို့ကတော့ အမြောက်ကြီးတွေ ဖျက်ဆီးပြီးတဲ့အခါမှာ တပ်ဖွဲ့ဝင်တွေ အသင့်ထွက်ပြေးနိုင်အောင် မြို့ရဲ့ဆိပ်ကမ်းမှာကပ်ထားတဲ့ စက်လှေတစ်စင်းကို ခိုးယူကြဖို့ဖြစ်ပါတယ်။ မဲလရီနဲ့ မင်းလားတို့မှာ အမြောက်ကြီးတွေကို ဖျက်ဆီးပစ်နိုင်လောက်အောင် ယမ်းတွေ လုံလုံလောက်လောက် မရှိတော့ပါဘူး။ ဒါကြောင့် ပါလာတဲ့ပစ္စည်းတွေကို စနက်တံအဖြစ်အသုံးပြုပြီး နဗရွန်းအမြောက်ကျည်ဆံကြီးတွေကို ဖောက်ခွဲလိုက်တဲ့နည်းလမ်းကိုပဲ အသုံးပြုဖို့ ရွေးချယ်လိုက်ရပါတော့တယ်။အဲဒီစနစ်အောင်မြင်သွားတဲ့အတွက် အမြောက်ကျည်ဆံကြီးတွေ ပေါက်ကွဲပြီး အမြောက်ကြီးနှစ်လက်ဟာ တောင်စောင်းကနေ ပင်လယ်ထဲကို ပြုတ်ကျသွားကြပါတော့တယ်။ အမြောက်ကြီးတွေ ရေထဲကျသွားတဲ့အချိန်မှာ ဗြိတိသျှစစ်သင်္ဘောတွေ အနားကိုရောက်လာပြီး စက်လှေနဲ့ ထွက်ပြေးလာကြတဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေကို ကယ်တင်သွားပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးကြီးအန်းဒရီယာနဲ့ သူ့ရဲ့ချစ်သူဖြစ်သွားတဲ့ မာရီယာတို့ကတော့ တပ်ဖွဲ့ဝင်တွေကို နှုတ်ဆက်ပြီး သူတို့ရဲ့ဇာတိချက်ကြွေဖြစ်တဲ့ နဗရွန်းမြို့ကိုပြန်သွားတဲ့အချိန်မှာ ရုပ်ရှင်လည်း ပြီးဆုံးသွားပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကို ငယ်စဉ်အခါကြည့်ခဲ့ရစဉ်တုန်းကတော့ ထရပ်ကားကိုမောင်းရင်း တော်လှန်ရေးရဲမေ မာရီယာက ဗိုလ်မှူးကြီး အန်းဒရီယာကို “I like you” လို့ ရုတ်တရက် ပြောလိုက်တဲ့အခါမှာ အန်းဒရီယာအဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီး အန်ထော်နီကွင်း ရှက်ပြီး မျက်နှာဆတ်ခနဲ တွန့်သွားပုံတွေ၊ ရိုးရိုးလေးနဲ့ယဉ်ပြီး ချောမောလှပတဲ့ အန်းနာဟာ သူလျှိုမလေးဖြစ်နေတယ်ဆိုတာကို သိသွားတဲ့အခါမှာ သူ့အပေါ်သံယောဇဉ်ထားခဲ့မိပြီဖြစ်တဲ့ မင်းသားကြီး ဂရက်ဂရီပက် ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားတဲ့အခန်းတွေကို နှစ်သက်ပြီး အချိန်အတော်ကြီးကြာအောင် သတိရနေခဲ့ပါတယ်။ အခုတစ်ခါ ဒီဇာတ်ကားကိုပြန်ကြည့်ဖြစ်တဲ့အခါမှာတော့ အတွေးအမြင်တွေက လုံးဝပြောင်းလဲသွားခဲ့ရပါပြီ။ လောကကြီးမှာစစ်တိုက်ကြတဲ့အခါ အရေးကြီးတဲ့အချက်အချာမြေနေရာကို နောက်ဆုံးပိုင်ဆိုင်သွားသူတွေဘက်က စစ်နိုင်သွားလေ့ရှိကြတာပါလား၊ အချက်အချာမြေဆိုတာဟာ အဲဒီနေရာကို ကိုယ်ရထားလိုက်ရင် ရန်သူတွေကို အနေရအထိုင်ရကျပ်သွားစေတဲ့မြေမျိုးကို ခေါ်တာပါလား၊ အခုလည်းပဲ နဗရွန်းအမြောက်ကြီးတွေ တပ်ဆင်ထားတဲ့နေရာဟာ အချက်အချာမြေဖြစ်နေလို့ စစ်ကြီးအောင်နိုင်ရေးအတွက် ဒီကျွန်းကို အသက်စွန့်ပြီး လုခဲ့ကြရတာပါလားဆိုတာတွေကို ဒီဇာတ်ကားကိုကြည့်ပြီး သိလာရပါတယ်။ကိုယ်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာတော့ အရေးကြီးတဲ့မြေအမျိုးအစားနှစ်မျိုး ရှိနေပါတယ်။ တစ်မျိုးကတော့ ခုနကပြောခဲ့တဲ့စစ်ရေးအရ အချက်အချာကျတဲ့နယ်မြေဖြစ်ပြီး မြန်မာပြည် နယ်စပ်ဒေသအနှံ့အပြားမှာရှိတဲ့ အချက်အချာမြေနေရာတွေကို သူ့ဘက်က မလာရဘူး၊ ကိုယ့်ဘက်က မသွားရဘူးဆိုပြီး နှစ်ဦးသဘောတူ သတ်မှတ်ကြရမှာမို့ ဒီကိစ္စဟာ အတော်အရေးကြီးပါတယ်။ နောက် အရေးကြီးတဲ့ မြေအမျိုးအစားတစ်ခုကတော့ စီးပွားရေးအရ အချက်အချာကျတဲ့မြေဖြစ်ပါတယ်။ ဒီလို နယ်မြေမျိုးကို ကိုယ်စိုးမိုးထားနိုင်ဖို့ဆိုတာကလည်း အတော်အရေးကြီးနေပေသေးသကိုး။ ဘာ့ကြောင့်လဲဆိုတော့ An army marches on its stomach လို့ နပိုလီယံပြောခဲ့တဲ့အတိုင်း စစ်သည်တော်တွေကို ထမင်းကျွေးဖို့ကလည်း လိုသေးလို့ပါပဲ။စစ်ရေးအရ အချက်အချာကျတဲ့မြေနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့မြေဆိုတဲ့ မြေနှစ်မျိုးဟာ အခုကပြနေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်ဆိုတဲ့ ပြဇာတ်ထဲမှာ အဓိကဇာတ်ကောင်နှစ်ဦး ဖြစ်နေကြပါ ပြီ။ ဒီဇာတ်ကောင်တွေဟာ ပြဇာတ်ရဲ့နောက်ဆုံးအခန်းကို ပျော်ရွှင်စွာနဲ့ဇာတ်သိမ်းစေနိုင်သလို လွမ်းခန်းဆွေးခန်းနဲ့လည်း ဇာတ်သိမ်းစေနိုင်တဲ့ အရာတွေဖြစ်နေလို့ အလွန်အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေကြပါတယ်။ ဒါပေမဲ့တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် ဒီပြဇာတ်ကို စီစဉ်ညွှန်ကြားသူတွေရဲ့ ပင်ကိုယ်စိတ်ရင်းဓာတ်ခံကသာ ပိုပြီးအရေးကြီးနေပါတယ်။ ပြည်သူတွေပျော်နိုင်ကြအောင် မျှော်တွေးပြီး ဒီဇာတ်ကောင်နှစ်ကောင်ကို မျှမျှတတကပြနိုင်စေရေးအတွက် နှစ်ဦးနှစ်ဖက်က စီစဉ်ညွှန်ကြားနိုင်ဖို့ အထူးပဲလိုပါလိမ့်မယ်။ အဲဒီ လိုလုပ်နိုင်ပြီဆိုရင်တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် သိပ်စိတ်ပူနေစရာလိုမယ် မထင်တော့ပါဘူး။

Most Read

Most Recent