အတုယူ မမှားစေချင်

အတုယူ မမှားစေချင်
Published 25 January 2015
ဟယ်ရီမွန်

တစ်နေ့ ရုံးကအပြန် ကားဂိတ်ကဆင်းပြီး လမ်းလျှောက်လာတုန်း “ဟိတ်ကောင် ငါဘီယာတစ်ပုလင်းလုံးကို တစ်ခါတည်းကုန်အောင် မော့သောက်နိုင်တယ်ကွ။ ဒါပေမဲ့ ပြီးရင်တော့ ပြန်အန်ထွက်တယ်။ ဟိုကောင်တွေဆိုရင် ပြန်မအန်ဘဲ သောက်နိုင်တယ်ကွ” ဆိုတဲ့ အသံကြားလိုက်လို့ မသိမသာ အကဲခတ် ကြည့်မိပါတယ်။ ဘီယာဆိုင်အတွင်းက ထွက်လာတဲ့ အသက် ၁၇၊ ၁၈ လောက်သာ အများဆုံးရှိမယ် ထင်ရတဲ့ လူငယ်နှစ်ဦးအနက် တစ်ဦးက နောက်တစ်ဦးကို ပြောနေတာပါ။ အဲ့ဒီလိုပြောနေတဲ့ လေသံမှာ ဂုဏ်ယူဝင့်ကြွားမှု၊ အားကျမှုတွေ ပါဝင်နေတယ်ဆိုတာ သိသာနေပါတယ်။အခုနောက်ပိုင်းမှာ လူငယ်တွေ ဘီယာဆိုင်ထိုင်ပြီး ဘီယာသောက်ကြတာ၊ အရက်ဆိုင်တွေမှာ ရှိနေကြတာ၊ ဆေးလိပ်သောက်၊ ကွမ်းယာစားကြတာတွေက မြင်ရတာများလို့ မဆန်းတော့သလိုတောင် ဖြစ်နေပါပြီ။ အချို့လူငယ်တွေက ဆေးလိပ်လက်ကြားညှပ်ပြီး သောက်ကြတာကို စတိုင်လ်တစ်ခုလို ပြုမူနေကြသလို အချင်းချင်း တွေ့ကြတဲ့ အခါမှာလည်း အပြိုင်အဆိုင် တစ်ခုအနေနဲ့ ပြောဆိုနေကြတာကို ပတ်ဝန်းကျင်မှာ တွေ့မြင်နေရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီယာဆိုင်ထိုင်ပြီး ဘီယာသောက်နေကြတာဟာ သူတို့အတွက် မဆန်းတော့သလို အချင်းချင်းကြားမှာ ဘယ်သူကတော့ ဘယ်နှခွက်သောက်နိုင်တယ် ဆိုတာမျိုးတွေကို ဂုဏ်ယူပြောဆို နေကြတာတွေကိုပါ တွေ့မြင်လာရပါတယ်။ အဲ့ဒီမှာတော့ ပိုပြီးသောက်နိုင်တဲ့သူတွေကို သိပ်မသောက်နိုင်တဲ့သူတွေက အားကျအတုယူပြီး သူတို့အတိုင်း သောက်နိုင်၊ လုပ်နိုင်အောင် လိုက်လံတုပ လုပ်ဆောင်ကြတာတွေကိုပါ ပတ်ဝန်းကျင်မှာ တွေ့မြင်လာရပါတယ်။ ဒီနောက်ပိုင်းမှာ ကျောင်းသားလေး အချို့တွေကပါ လက်ကြားမှာ စီးကရက်လေးညှပ်ပြီး ဟန်ပါပါ သောက်နေကြတာကို တွေ့မြင်လာရပါပြီ။နောက်တစ်ခု အနေနဲ့ကတော့ အရပ်ထဲက လူငယ်အများစုဟာ အပေါင်းအသင်းအဖြစ် ရွယ်တူတွေထက် သူတို့ထက် အသက်ကြီးသူတွေကို ရွေးချယ်ပေါင်းသင်းကြတာ ပိုများတာကို တွေ့ရပါတယ်။ အဲ့ဒီနေရာမှာ အသက်ကြီးတဲ့ သူတွေဆီက အတတ်ကောင်းတွေကို သင်ယူကြသလို အချို့တွေကတော့ မကောင်းတဲ့ အကျင့်စရိုက်တွေကို စူးစမ်းလေ့လာတဲ့ အနေနဲ့ သင်ယူကြတာကိုလည်း တွေ့မြင်နေရပါတယ်။ အတုမြင် အတတ်သင်ဆိုတဲ့ စကားလည်း ရှိပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ပတ်ဝန်းကျင်ကသူတွေ နေထိုင်လုပ်ကိုင်ကြတဲ့ အခြေအနေတွေ၊ မြင်တွေ့ကြတာတွေကို မှတ်သားသင်ယူ တတ်ကြပါတယ်။ အဲ့ဒီလို သင်ယူကြရာမှာ လူငယ်သဘာ၀ အားလုံးကို လေ့လာစူးစမ်း လုပ်ကိုင်လိုစိတ် ရှိကြပါတယ်။ အပေါင်းအသင်းတွေရဲ့ အားပေးအားမြှောက်ပြုမှုတွေကြားမှာ တခြားသူတွေ လုပ်ကိုင်ဆောင်ရွက်ကြတဲ့အတိုင်း လိုက်လံတုပ ဆောင်ရွက်ကြပါတယ်။ ဒီလို လိုက်လံတုပ လုပ်ကိုင်မှုတွေဟာ အတုယူကောင်းတွေဖြစ်ဖို့ လိုပါတယ်။ ကောင်းမွန်တဲ့၊ မှန်ကန်တဲ့ အရာတွေကိုသာ လိုက်လံ အတုယူသင့်ပါတယ်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ်အများစုကတော့ ကောင်းမွန်တဲ့ အရာတွေကိုသာ မကဘဲ အခြားလမ်းလွဲဖြစ်တဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေကိုပါ အတုယူ လုပ်ကိုင်နေကြတာကို တွေ့မြင်နေရပါတယ်။ ဒီလို မကောင်းတဲ့ အကျင့်တွေကို လိုက်လံတုပ လုပ်ကိုင်မိသူ အချို့ကတော့ ကိုယ်တိုင်စူးစမ်းဆောင်ရွက် အပြီးမှာ မကောင်းတဲ့အရာကို မကောင်းမှန်းသိပြီး နောက်မလုပ်ဘဲ သင်ခန်းစာအဖြစ် ပြောင်းလဲနိုင်သလို အချို့ကတော့ မကောင်းတဲ့လမ်းကိုပဲ မှားယွင်းရွေးချယ် မိတတ်ကြပါတယ်။ အဲ့ဒီအတွက်လည်း မူလအစကတည်းက ကောင်းတဲ့အရာ၊ ကောင်းတဲ့လမ်းကြောင်း အတိုင်းသာ အတုယူ လုပ်ကိုင်ကြစေလိုပါတယ်။
လူတော်၊ လူကောင်းတွေ ဖြစ်နေကြတဲ့ ကလေး၊ လူငယ်တွေ ရှိနေသလိုပဲ မကောင်းတဲ့လမ်းမှားတွေကို အတုယူမှားမိလို့ လူဆိုး၊ လူမိုက်တွေအဖြစ် အများအမြင်မတင့်တယ်တဲ့ ကလေး၊ လူငယ်တွေကိုလည်း တွေ့မြင်နေရပါတယ်။ အဲ့ဒါကြောင့်လည်း အခုလို နိုင်ငံရဲ့ အပြောင်းအလဲအချိန်၊ အရေးကြီးတဲ့ကာလ အပိုင်းအခြား တစ်ခုအဖြစ် ရောက်ရှိနေချိန်မှာ အားလုံးသော လူငယ်တွေက . . . . .

လူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်မှာ တွေ့မြင်ရမှုတွေသာ မကပါဘူး။ ဗီဒီယို ဇာတ်လမ်းတွေ၊ တီဗွီတွေမှာ တွေ့မြင်ကြရတဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ၊ ဝတ်စားဆင်ယင်မှုတွေ၊ နေထိုင်စားသောက်မှု ပုံစံတွေကိုပါ လိုက်လံတုပနေကြတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အကြောင်းအရာတွေ၊ တီဗွီ၊ ဗွီဒီယို ဇာတ်လမ်းတွေမှာပါတဲ့ အကြောင်းအရာတွေ၊ ဝတ်စားဆင်ယင်ပုံတွေ၊ နေထိုင်စားသောက်ပုံတွေက ကောင်းတဲ့အရာကို ညွှန်ပြမှုတွေကော၊ မကောင်းတဲ့အရာကို ညွှန်ပြမှုတွေကော အားလုံးပါဝင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ အထဲကမှ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချပြီး အကောင်း၊ အဆိုးကို ပြန်လည်ခွဲခြားပြီးမှ အတုယူ လုပ်ကိုင်စေချင်ပါတယ်။ ပတ်ဝန်းကျင်တွေ၊ အပေါင်းအသင်းတွေက မြှောက်ပေးတိုင်း၊ အားပေးတိုင်း လုပ်ဆောင်မနေသင့်ပါဘူး။ လူငယ်တွေအနေနဲ့ နောင်တစ်ချိန်မှာ လူကြီးတွေအဖြစ် နောက်တက်လာမယ့် လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြတွေ ဖြစ်လာမှာပါ။ လက်ရှိ လူငယ်ဘဝမှာလည်း ကိုယ့်ထက်ငယ်တဲ့ ကလေးတွေက ကိုယ့်ကို အတုယူပြီး လုပ်ကိုင်နေတတ်ကြမယ် ဆိုတာကို သတိမူသင့်ပါတယ်။ အဲ့ဒီအတွက် လမ်းမှားကို မလိုက်မိအောင်၊ စံပြလူငယ်တွေဖြစ်အောင် ကြိုးစားလုပ်ကိုင် သင့်ပါတယ်။ဒီကနေ့ခေတ် အချိန်မှာ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေ ပေါများလာသလို အဲ့ဒီလို ဆိုင်တွေမှာ တွေ့မြင်ရသူ အများစုဟာ လူငယ်တွေသာ ဖြစ်နေပါတယ်။ အချို့သော ရပ်ကွက်တွေမှာ စာကြည့်တိုက်တွေ ဖွင့်လှစ်ပြီး အခမဲ့ စာဖတ်နိုင်ကြဖို့ စီစဉ်ထားကြတာတွေ ရှိတတ်ပေမယ့် အများစုကတော့ အပျော်အပါးဘက်မှာသာ အချိန်ကုန်နေကြတာကို တွေ့ရပါတယ်။ စာဖတ်ခန်းတွေ၊ စာကြည့်တိုက်တွေမှာတော့ လူငယ်တွေကို တွေ့မြင်ရမှု နည်းပါးနေပါတယ်။ အချို့နေရာတွေမှာတော့ မူလဖွင့်လှစ်ထားတဲ့ စာဖတ်ခန်းတွေ၊ စာကြည့်တိုက်တွေဟာ ပျောက်ကွယ်သွားတာတွေကိုတောင် တွေ့မြင်နေရပါတယ်။ ကျွန်မတို့ မြင်တွေ့ကြားသိနေကြရတဲ့ အချို့သော မိန်းကလေးတွေ၊ လူငယ်ယောကျ်ားလေးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ ယောကျ်ားလေး၊ မိန်းကလေးတွေရဲ့ နေထိုင်ပုံ အဆင်မပြေမှုတွေဟာ အတုမြင် အတတ်သင်ပြီး အတုယူမှားကြလို့ ဖြစ်လာရတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။လူငယ်တွေရဲ့ သဘာဝမှာ စူးစမ်းလိုစိတ် ရှိကြပါတယ်။ မြင်တွေ့ကြရတဲ့ အရာတွေကို ကိုယ်တိုင်စူးစမ်း လေ့လာတဲ့အနေနဲ့ လက်တွေ့ဆောင်ရွက်တတ်ကြပါတယ်။ သူတစ်ပါးပြောတဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး အရသာတွေကိုတောင် ကိုယ်တိုင်စူးစမ်းပြီးမှ လက်ခံယုံကြည်တတ်ကြတာဟာ လူငယ်တွေရဲ့ သဘာဝပါ။ အဲ့ဒီလို စူးစမ်းလိုစိတ် ရှိတာတွေ၊ ကိုယ့်အရှေ့မှာ လုပ်ဆောင်နေတဲ့ အရာတွေကို လိုက်လံအတုယူပြီး လုပ်ကိုင်လိုစိတ် ရှိတာတွေက အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီလို အလေ့အကျင့်ကောင်းတွေကတစ်ဆင့် မကောင်းတဲ့ အရာတွေဘက်ကို လမ်းလွဲလိုက်ပြီး လုပ်ဆောင်မသွားမိစေဖို့ အရေးကြီးလှပါတယ်။ ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ အရာတွေကို အားကျအတုယူမိပြီး လူတော်၊ လူကောင်းတွေ ဖြစ်နေကြတဲ့ ကလေး၊ လူငယ်တွေ ရှိနေသလိုပဲ မကောင်းတဲ့လမ်းမှားတွေကို အတုယူမှားမိလို့ လူဆိုး၊ လူမိုက်တွေအဖြစ် အများအမြင်မတင့်တယ်တဲ့ ကလေး၊ လူငယ်တွေကိုလည်း တွေ့မြင်နေရပါတယ်။ အဲ့ဒါကြောင့်လည်း အခုလို နိုင်ငံရဲ့ အပြောင်းအလဲအချိန်၊ အရေးကြီးတဲ့ကာလ အပိုင်းအခြား တစ်ခုအဖြစ် ရောက်ရှိနေချိန်မှာ အားလုံးသော လူငယ်တွေက ကောင်းမွန်တဲ့အရာ၊ မှန်ကန်တဲ့လမ်းတွေကိုသာ အတုယူအားကျ လုပ်ကိုင်မိကြစေဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

Most Read

Most Recent