ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ရပ်မှာ နိုင်ငံတစ်ဝန်း စည်းကမ်းပျက်ယာဉ်များ အရေးယူမှုများတွင် နှစ်စဉ် သိန်းနဲ့ချီတဲ့ အရေးယူမှု ဖြစ်စဉ်တွေ ရှိနေကြောင်း တာဝန်ရှိသူက ပြောကြားခဲ့ပြီး အရေးယူမှု အများဆုံး ပြုလုပ်ခဲ့ရတာကတော့ ရန်ကုန်မြို့မှာပဲ ဖြစ်ပါတယ်။အမှု ငါးသိန်းရှစ်သောင်းကျော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနဲ့ စပ်လျဉ်းတဲ့ မေးခွန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့ပြီး စည်းကမ်းပျက် ယာဉ်ဖမ်းဆီးမှု အခြေအနေများကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဝန်ကြီးက ဖြေကြားရာမှာတော့ တစ်နိုင်ငံလုံးမှာ စည်းကမ်းပျက်ယာဉ်များ အရေးယူခဲ့မှု အချက်အလက်များ ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာ အရေးယူမှုပေါင်း ငါးသိန်းရှစ်သောင်းကျော်အထိ ရှိခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ အဲဒီ စည်းကမ်းပျက်ယာဉ် အရေးယူမှုတွေမှာ အမှုသုံးသိန်းသုံးသောင်းကျော်က မော်တော်ယာဉ်အမှုတွေဖြစ်ပြီး နှစ်သိန်းလေးသောင်းကျော်က ဆိုင်ကယ်အမှုများဖြစ်ကာ အခြားအမှုတွေကတော့ ထော်လာဂျီ၊ သုံးဘီးနဲ့ အနှေးယာဉ်များ စည်းကမ်းချိုးဖောက်တဲ့ အမှုများ ဖြစ်ပါတယ်။ စည်းကမ်းပျက်ယာဉ် အရေးယူရမှု အများဆုံးကတော့ ရန်ကုန်မြို့မှာဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း အမှုပေါင်း နှစ်သိန်းငါးသောင်းကျော် အရေးယူခဲ့ရပါတယ်။ အဲဒီ အမှုအရေအတွက်အရ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ်အတွင်း စည်းကမ်းချိုးဖောက်တဲ့ယာဉ် အရေးယူနိုင်မှုမှာ တစ်ရက်ကို ၉၈၂ မှုအထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို စည်းကမ်းမလိုက်နာတဲ့ ယာဉ်များကို ဖမ်းဆီးမှုတွေ အများကြီး ရှိနေသလို အရေးယူနိုင်ခြင်း မရှိသေးတဲ့ စည်းကမ်းမဲ့ မောင်းနှင်မှုတွေကိုလည်း ယနေ့အချိန်မှာ အများကြီး တွေ့နေရဆဲပါ။ အထူးသဖြင့် ကားအသုံးပြုမှုများတဲ့ ရန်ကုန်မြို့မှာဆိုရင် သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို မလိုက်နာဘဲ မောင်းနှင်တဲ့ ကားတွေကို နေရာအနှံ့အပြားမှာ တွေ့နေရဆဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ စည်းကမ်းမဲ့မောင်းနှင်မှုတွေ အများကြီး အရေးယူခဲ့သလို တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေကို ကြည့်ရင်လည်း ယခင် ၂၀၁၂၊ ၂၀၁၃ ခုနှစ်များထက် ၂၀၁၄ ခုနှစ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ပိုများခဲ့သလို ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှုနဲ့ ဒဏ်ရာရရှိတဲ့ အရေအတွက်ဟာလည်း တိုးလာခဲ့တာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ ယာဉ်တိုက်မှု တစ်သောင်းလေးထောင်ကျော် ရှိခဲ့ပြီး ယာဉ်တိုက်မှုများကြောင့် ဒဏ်ရာရသူ နှစ်သောင်းငါးထောင်ကျော်ရှိခဲ့ပြီး သေဆုံးသူဟာ လေးထောင်ကျော် ရှိခဲ့ပါတယ်။ ဒီနှုန်းတွေအရ ယာဉ်တိုက်မှုများကြောင့် သေဆုံးမှုများဟာ တစ်ရက်လျှင် ပျမ်းမျှ လူ ၁၁ ဦးနှုန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။မဆံ့မပြဲသက်ဆိုင်ရာက ထုတ်ထားတဲ့ စာရင်းဇယားများအရ မြန်မာနိုင်ငံမှာ မော်တော်ယာဉ်စီးရေ ငါးသိန်းသုံးသောင်းကျော် ရှိနေပြီး မော်တော်ဆိုင်ကယ် စီးရေကတော့ သန်းနဲ့ချီပြီး ရှိနေတာ ဖြစ်တယ်။ မော်တော်ယာဉ်စီးရေ ငါးသိန်းကျော်မှာ ရန်ကုန်မြို့တွင် စီးရေ သုံးသိန်းငါးသောင်းကျော်နဲ့ အရေအတွက် အများဆုံး ရှိနေတာဖြစ်ပြီး မော်တော်ဆိုင်ကယ်ကတော့ ကန့်သတ်ထားတဲ့ ရန်ကုန်မြို့နယ် အချို့ကလွဲပြီး နိုင်ငံတစ်ဝန်းမှာ အများအပြားရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေ များနေတာကြောင့် ယာဉ်တိုက်မှုတွေ များနေတာလားဆိုတာ စဉ်းစားစရာ ရှိပါတယ်။ ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားတဲ့ ရန်ကုန်မှာဆိုရင်
တကယ်ဖြစ်သင့်တာက အရေးယူတဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ အကြိမ်ကြိမ်အခါခါ စည်းကမ်းဖောက်ဖျက်နေတဲ့သူကို တစ်ခါလာလည်း ကျပ် ၁၅၀၀၊ တစ်ခါလာလည်း ကျပ် ၁၅၀၀ နဲ့ ဒဏ်ရိုက်နေရုံနဲ့ မပြီးပါဘူး . . . . .
တချို့ကလည်း ကားတွေ အရင်ကထက် များလာလို့ ယာဉ်တိုက်မှုတွေ ပိုဖြစ်လာတယ်လို့ ဆိုကြသလို အချို့ကလည်း လမ်းတွေ အဆင့်သင့်မဖြစ်ဘဲ ကားတွေ အများကြီး တင်သွင်းခွင့် ပြုခဲ့တာကြောင့် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုတွေနဲ့ ယာဉ်တိုက်မှုတွေ ပိုများလားသလားဆိုပြီး မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။ တကယ် လေ့လာကြည့်ရင်လည်း ရန်ကုန်မှာရှိတဲ့ လမ်းတွေနဲ့ မောင်းနှင်နေတဲ့ ကားတွေဟာ မဆံ့မပြဲ အနေအထား ရှိပါတယ်။ နေရာတိုင်းမှာ ကားတွေပိတ်ညပ်ပြီး လမ်းတွေဟာလည်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလို ကားလမ်းတွေ ပိတ်ဆို့လာတဲ့နောက် မောင်းနှင်သူတွေဟာ စည်းကမ်းတကျ မောင်းနှင်ဖို့ထက် တစ်စီးနဲ့တစ်စီး ကျော်တက်ဖို့၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းဘဲ စည်းကမ်းချိုးဖောက်ဖို့ ဝန်မလေးကြတော့တာ ဖြစ်ပါတယ်။အရေးယူမှု အားနည်းသလားအခုနောက်ပိုင်း ရန်ကုန်မြို့မှာ စည်းကမ်းချိုးဖောက်တဲ့ ယာဉ်တွေထဲမှာ အများဆုံး တွေ့ရတာက ခရီးသည်တင်ယာဉ်တွေပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာက သိန်းနဲ့ချီတဲ့ အရေးယူမှုဖြစ်စဉ်တွေ ရှိနေတယ်ဆိုပေမယ့် စည်းကမ်းမဲ့မောင်းနေတဲ့ ခရီးသည်တင်ယာဉ်တွေကို ရန်ကုန်မြို့အနှံ့မှာ တွေ့နေရဆဲပါ။ လက်တွေ့မှာ ခရီးသည်ရဖို့ တစ်ခုတည်းကိုကြည့်ပြီး စည်းကမ်းမဲ့ ပြိုင်ဆိုင်မောင်းနှင်တဲ့ ခရီးသည်တင်ယာဉ်တွေ ပိုပြီးများလာတာကြောင့် ခရီးသည်တွေမှာ အန္တရာယ်နဲ့ ကြုံတွေ့မှာကို စိုးရိမ်မှုများ စီးနင်းနေရသလို အခြားယာဉ်ကို မောင်းနှင်နေသူတွေ အတွက်လည်း အနှောင့်အယှက် ဖြစ်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည်တင် ယာဉ်တွေလိုပဲ တက္ကစီအငှားကားနဲ့ ကိုယ်ပိုင်ယာဉ် မောင်းနှင်နေသူ အချို့ဟာလည်း စည်းကမ်းမဲ့မောင်းနှင်မှုများ ပြုလုပ်နေတာကြောင့် နေ့စဉ် လမ်းနဲ့ကားကို အသုံးပြုသူတွေဟာ စိတ်အနှောင့်အယှက် ဖြစ်နေကြရတာပါ။ ဒီအတွက် အရေးယူမှုတွေ ရှိနေသော်လည်း အခုလို စည်းကမ်းမဲ့ မောင်းနှင်မှုတွေ များပြားနေတာကို တွေ့နေရခြင်းဟာ အရေးယူမှုအပိုင်းမှာ အားနည်းချက်များ ရှိနေသလားဆိုတာ မေးစရာ ရှိလာရပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ စည်းကမ်းဖောက်တဲ့ ကားတွေကို အရေးယူတဲ့ နေရာမှာ အများစုဟာ ဒဏ်ငွေ ၁၅၀၀ ကျပ်သာ ပေးဆောင်ရတာမို့ ယာဉ်မောင်းအများစုက အရေးယူမှုတွေကို အလေးထားလေ့ မရှိကြပါဘူး။ သူတို့ အရေးထားတာက ဒဏ်ငွေသွားဆောင်ရာမှာ ပေးရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ တချို့က အချိန်ကုန်မှာစိုးလို့ ဖြစ်တဲ့နေရာမှာ ဖြစ်တဲ့ပုံစံနဲ့ ရှင်းတဲ့အခြေအနေ ရှိသလို ခရီးသည်တင်ယာဉ်တွေ အချို့ကတော့ ဒဏ်ငွေရိုက်ခံရတဲ့အကြိမ် ဘယ်လောက်များများ ဆက်ပြီးတော့ စည်းကမ်းမဲ့စွာ မောင်းနှင်ဖို့ ဝန်မလေးကြတာ တွေ့ရပါတယ်။ ဒီနေရာမှာ ဒဏ်ငွေပမာဏနည်းလို့ စည်းကမ်းမဲ့ မောင်းနှင်မှုတွေ ဆက်များနေတာလားဆိုတာ မေးစရာ ရှိပါတယ်။ တကယ်တော့ အရင်အစိုးရ လက်ထက်တုန်းက စီမံခန့်ခွဲမှု ဒဏ်ငွေဆိုကာ ကျပ် ၁၅၀၀ သာ ကျသင့်တဲ့ ဒဏ်ငွေမှာ ကျပ် ၅၀၀၀၀ အထိ ထပ်ပေါင်းထည့်ပြီး အရေးယူမှုတွေ လုပ်ခဲ့စဉ်တုန်းကလည်း စည်းကမ်းချိုးဖောက်တဲ့ ယာဉ်တွေ သိသိသာသာ လျော့ကျသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် စည်းကမ်းဖောက်တဲ့ ယာဉ်တွေကို အရေးယူတဲ့ နေရာမှာ ဒဏ်ငွေနည်းခြင်း များခြင်းဟာလည်း အလုံးစုံ အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောလို့မရပါဘူး။တကယ်ဖြစ်သင့်တာက အရေးယူတဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ အကြိမ်ကြိမ်အခါခါ စည်းကမ်းဖောက်ဖျက်နေတဲ့သူကို တစ်ခါလာလည်း ကျပ် ၁၅၀၀၊ တစ်ခါလာလည်း ကျပ် ၁၅၀၀ နဲ့ ဒဏ်ရိုက်နေရုံနဲ့ မပြီးပါဘူး။ ဒဏ်ကြေးပေးဆောင်နေတာအပြင် အခြားပုံသဏ္ဌာန်တွေနဲ့ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အခြားနိုင်ငံတွေမှာလို အရက်မူးပြီး ကားမောင်းတဲ့သူကို ဒဏ်ကြေးအပြင် အခြားလူမှုရေး လုပ်ငန်းရေး လုပ်ငန်းတွေမှာ ဘယ်နှနာရီ ဝင်ရောက်လုပ်ဆောင်ရမယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့ အရေးယူမှုမျိုးတွေ လုပ်သင့်ပါတယ်။ ဥပမာအားဖြင့် ပုံစံတူ စည်းကမ်းဖောက်မှု ဘယ်နှကြိမ်ရှိခဲ့ရင် ဒဏ်ကြေးအပြင် လူမှုရေးလုပ်ငန်းတွေမှာ ဘယ်နှနာရီဝင်ရောက် လုပ်ပေးရမယ်ဆိုတဲ့ အရေးယူမှု ပုံသဏ္ဌာန်မျိုးတွေ ရှိလာဖို့ လိုအပ်ပါတယ်။ ကားမောင်းတယ်ဆိုတာ အများသူငါ သွားလာတဲ့ လမ်းတွေမှာ မောင်းနှင်ရတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စည်းကမ်းဖောက်မှုက အခြားသူကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် အများနဲ့ဆိုင်တဲ့ လူမှုရေးလုပ်ငန်းတွေမှာ အချိန်ပိုင်း ဝင်ရောက်လုပ်ကိုင်ပြီး ကိုယ်ရဲ့ တာဝန်မဲ့ခဲ့မှုအပေါ် ပြန်လည်တာဝန်ယူစေရမှာ ဖြစ်ပါတယ်။ အရာရာကို ဒဏ်ငွေတွေနဲ့ သတ်မှတ်နေတာတွေဟာ လူအများရဲ့စိတ်ထဲ ငွေပေးရင်၊ ပေးနိုင်ရင် ပြီးတာပဲ။ ကိုယ့်ရဲ့ စည်းကမ်းမဲ့မှုအတွက် ငွေကလွဲပြီး ဘာမှ တာဝန်ယူစရာ မလိုဘူးဆိုတဲ့ အသိမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအတွက် စည်းကမ်းဖောက်တဲ့ယာဉ်တွေကို အရေးယူရာမှာ ငွေဒဏ်အပြင် အခြားပြုပြင်ပြောင်းလဲရေးကို ဦးတည်စေတဲ့ အရေးယူမှု ပုံစံတွေကို ဖော်ဆောင်ပေးသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ မကြာမီက ရန်ကုန်မြို့မှာ အသံဆူညံတဲ့ ပါဝါအိတ်ဇောတပ် ပြိုင်ကားတွေကို တစ်လ သိမ်းဆည်းထားပြီး ဒဏ်ငွေကျပ် ၁၅၀၀ သာ ပေးဆောင်ခဲ့တဲ့ ဖြစ်ရပ်မျိုးတွေကြောင့်လည်း စည်းကမ်းဖောက်သူတွေအတွက် အရေးယူမှုတွေကို အလေးမထားကြတာ ဖြစ်နိုင်ပါတယ်။ လူကို သေအောင်တိုက်ပြီးမှ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းတာထက် မဖြစ်ခင်ကတည်းက တာဝန်ယူမှုရှိတဲ့ ယာဉ်မောင်းနှင်တဲ့ ဓလေ့တွေ ရှိလာအောင် ထိန်းကွပ်ပေးတဲ့ ပုံစံတွေကို ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ပြောချင်တာက အရေးယူပြီး ဒဏ်ငွေရိုက်နေရုံ တစ်ခုတည်းနဲ့ စည်းကမ်းမဲ့တာတွေ၊ ယာဉ်တိုက်မှုတွေကို လျော့ကျသွားအောင် လုပ်ဖို့ မလွယ်ပါဘူး။ အခြားဖြစ်နိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားကြဖို့ လိုပါတယ်။ တစ်ဖက်က ယာဉ်သွားလာရာမှာ အဆင်ပြေအောင် လမ်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်သလို အရေးယူမှုတွေကိုလည်း ထိရောက်တဲ့ အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အရေးယူတဲ့ နည်းလမ်းတွေ၊ ဥပဒေတွေရဲ့ အဓိကအသက်ဟာ ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်သင့်ပါတယ်။ အပြစ်ပေးရေးသက်သက်သာ မဖြစ်သင့်ပါဘူး။ ဒီအတွက် လူတွေကို လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲလာအောင် ဖော်ဆောင်ပေးနိုင်တဲ့ အရေးယူမှု ပုံသဏ္ဌာန်တွေကသာ ရေရှည်မှာ အများကလည်း လက်ခံပြီး လူအဖွဲ့အစည်းအတွက် အကျိုးရှိစေမှာ ဖြစ်ပါကြောင်း စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများနဲ့ ကြုံတွေ့နေရသူများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။