ငယ်ငယ်က သင်ယူခဲ့ဖူးတဲ့ ဆုံးမစကားလေးကို အခုအခါ ပြန်သတိရမိတယ်။ ဟီရိနဲ့ သြတ္တပ္ပလို့ခေါ်တဲ့ ရှက်စိတ်နဲ့ ကြောက်စိတ်အကြောင်း။ ရှက်သင့်တာကို ရှက်ရမယ်၊ ကြောက်သင့်တာကို ကြောက်ရမယ်။ ဘာတွေ ရှက်ရမလဲ၊ ဘာတွေ ကြောက်ရမလဲ ဆိုတော့ မကောင်းမှုလို့ခေါ်တဲ့ အရာတွေကို ပြုဖို့ ရှက်တတ်ရမယ်၊ ကြောက်တတ်ရမယ်တဲ့။ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မကောင်းမှုဆိုတာ ဘာကို ပြောတာလဲလို့ ပြန်လည်သုံးသပ်တဲ့အခါ အကုသိုလ်တရားလို့ ထပ်ပြီး အဖြေထွက်ပြန်တယ်။ ဘာသာရေးဆိုင်ရာ ဆုံးမသွန်သင်ချက်တွေအရ ကုသိုလ်၊ အကုသိုလ်နဲ့ ပတ်သက်တဲ့ သြဝါဒတွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကြားနားခဲ့ရတဲ့ အသိပညာ ရတနာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ငယ်စဉ်ကတည်းကနေ အခုအချိန်ထိ ဒီသွန်သင်မှုတွေကို ထိတွေ့ခွင့် ရခဲ့တယ်လို့ သတ်မှတ်ခြင်းခံရတဲ့ ကလေးတွေရော၊ လူကြီးတွေပါ တကယ်မှ ရှက်တတ်ရဲ့လားရယ်လို့ တစ်ခါတလေ ပြန်စဉ်းစားမိပါတယ်။ ကျွန်တော်တို့တွေဟာ သူများ ဖုန်းအကောင်းစား သုံးနိုင်တဲ့ အခြေအနေမှာ ကိုယ်က ဖုန်းအစုတ်လေးနဲ့ ယှဉ်သုံးရရင် ရှက်ကြပါတယ်။ သူများတွေ တောက်တောက်ပြောင်ပြောင် ဝတ်စားကြတဲ့ နေရာမှာ ကိုယ်က အဝတ်အစားလေး နွမ်းနေရင် ရှက်ကြပါတယ်။ ဒါပေမဲ့ အဲဒါထက် ပိုအရေးကြီးတဲ့ အချက်ကတော့ လူနေထိုင်မှု စနစ်မှာ စည်းကမ်းအမျိုးမျိုး ချိုးဖောက်နေကြတာကို ရှက်ဖို့တော့ မေ့နေကြပါတယ်။ဒီနေရာမှာ ပညာရေးအကြောင်း ပြောရပါလိမ့်မယ်။ ကျောင်းပညာရေးကို ဘာကြောင့် သင်ကြားရလဲလို့ ကျောင်းသားတစ်ယောက်ကို မေးရင် သူ ဘယ်လိုပြန်ဖြေမလဲ ကျွန်တော် မပြောတတ်ပါဘူး။ ကျောင်းက ပညာမသင်ထားရင် အသက်မွေးဖို့ မလွယ်ဘူးလို့ သူ ပြန်ပြောကောင်း ပြောပါလိမ့်မယ်။ ဒါပေမဲ့ သမိုင်းတစ်လျှောက် ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တိုင်းကို အဖြေရှာရာမှာတော့ လူနေမှုဘဝမှာ ပညာရှိစွာ၊ ချမ်းသာစွာ အသက်မွေးနိုင်ဖို့ဆိုတဲ့ ရလဒ်ကို ဦးတည်ခဲ့ကြတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ချမ်းသာစွာ ဆိုတာက ငွေကြေးချမ်းသာမှုကို ဆိုလိုတာ မဟုတ်ဘဲ စိတ်ချမ်းသာစွာ အသက်မွေးနိုင်ဖို့ကိုသာ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ‘ပညာမြင့်မှ လူမျိုးတင့်မည်၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက’ ဆိုတဲ့ စာသားလေးကို ငယ်ငယ်က ပေါ့ပြက်ပြက် ဖတ်မိခဲ့ပေမယ့် အခုအခါမှာတော့ ဒီစာသားလေးတွေဟာ လူတွေရဲ့ ဘဝတွေပါလား ဆိုတာကို နားလည်လာမိတယ်။ ရှက်တတ်တာ၊ ကြောက်တတ်တာနဲ့ ဒီပညာရေးအကြောင်းနဲ့ ဘယ်လိုပတ်သက်နေတယ် ဆိုတာကို အဖြေရှာနိုင်ရင် ကျွန်တော်တို့တွေ ဒီထက် ပိုအဆင့်အတန်း ရှိလာဖို့ သေချာမှာပါ။မကြာသေးတဲ့ ရက်ပိုင်းက ကျွန်တော် ဂျပန်နိုင်ငံမှာ ဆွေးနွေးနှီးနှော ဖလှယ်ပွဲတစ်ခု တက်ရောက်ရင်းနဲ့ အချိန်တစ်ပတ်ကျော်ကြာ နေထိုင်ဖြစ်ခဲ့ပါတယ်။ သူတို့ဆီမှာ ထူးခြားတာက ခရီးသွားစနစ် ကောင်းမွန်တာနဲ့ သန့်ရှင်းတာပါပဲ။ သစ်ရွက်ကြွေလို့ လမ်းပေါ်မှာ တစ်ရွက်တလေ ရှိနေချင် ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ လူတွေဆီက ပစ်ချတဲ့ အမှိုက်မျိုးကိုတော့ ဘယ်လိုမှ မတွေ့ရပါဘူး။ မြို့တော်ဖြစ်တဲ့ တိုကျိုမှာသာ မကပါဘူး။ တခြားမြို့တွေနဲ့ နယ်တွေအထိ၊ ရွာတွေအထိပါ လမ်းတွေဟာ အရမ်းသန့်ရှင်း သပ်ရပ်တာကို သတိပြုမိခဲ့ပါတယ်။ အမှိုက်စွန့်ပစ်တဲ့ စနစ်ကိုလည်း အကောင်းဆုံး စီစဉ်ထားကြတာ တွေ့ရတယ်။ဒါနဲ့ ဘာလို့ လမ်းတွေသန့်ရှင်းပြီး အမှိုက်တွေမရှိ ဖြစ်နေရတာလဲ။ လူတွေ ဘာလို့ အမှိုက်ကို လွယ်လွယ် မပစ်ကြတာလဲ။ လမ်းကူးရင် ဘာလို့ စည်းကမ်းရှိတာလဲ။ တန်းစီရင် ဘာလို့ ကျော်မတက်ကြတာလဲလို့ စသလို နောက်သလို ဂျပန်တစ်ယောက်ကို မေးကြည့်တော့ သူပေးတဲ့ အဖြေက ကျွန်တော့်ရင်ကို တော်တော်ထိပါတယ်။ ‘ကိုယ့် မဟုတ်တာလုပ်လို့ တခြားသူတွေကြည့်ရင် အရမ်းရှက်တယ်’ တဲ့။ သူပြောလိုက်တဲ့ စကားလေးက ရိုးရိုးလေးပါ။ ဒါပေမဲ့ မင်းတို့ကရော အဲလိုမျိုး အကြည့်ခံရရင် ဘယ်လိုနေလဲလို့ မေးလိုက်သလိုပါပဲ။ ကျွန်တော်လည်း စကားနိုင်လု ပြောရမယ် ဆိုရင်တော့ “ငါတို့ဆီမှာက အကုန်လုံးက အဲလို လုပ်နေကြတော့ ဒါ ရှက်စရာ မဟုတ်ဘူးကွ။ မင်းတို့ကသာ ကြီးကြီးကျယ်ကျယ်တွေ လုပ်နေတာ” လို့ ပြောချလိုက်မှာပေါ့။ ဒါပေမဲ့ ဒါက ပြောင်စရာကိစ္စ မဟုတ်ဘူးလေ။ အမျိုးသားရေးနဲ့ နိုင်ငံသားစိတ်ဓာတ်ကို တိုက်ရိုက်ထိုးနှပ်ခံရမှုပဲ။‘အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက’ ဆိုတဲ့ စကားလေးက အဲ့နေရာမှာ ပိုပြီး ကျယ်လောင်လောင် အော်မြည်ပါတယ်။ မင်းငယ်ငယ်တုန်းက ဘယ်လိုသင်ခဲ့ရလဲ ဆိုတာမျိုး ကျွန်တော့်ကို အတွင်းကနေ ပြန်မေးနေသလိုပါပဲ။ တစ်ဆက်တည်းမှာက ငယ်ငယ်က စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတဲ့ ကမ္ဘာကျော် စာရေးဆရာကြီးတစ်ယောက် ပြောတဲ့ စကားလေးကိုလည်း သွားပြီး အမှတ်ရတယ်။ သူဘယ်သူဆိုတာ ကျွန်တော် မမှတ်မိတော့ဘူး။ သူ့စကားက “ကျွန်တော်တို့ တစ်သက်စာ လိုက်နာလုပ်ဆောင်ရမယ့် အရာတွေကို မူလတန်းကတည်းက သင်ကြားခဲ့ကြပြီး ဖြစ်တယ်။ ကျွန်တော်တို့က မေ့နေလို့သာ အခါခါ ပြန်သင်နေရတာ” တဲ့။ ဘယ်လောက် အဓိပ္ပာယ်ပြည့်ဝလိုက်သလဲ။ဂျပန်မှာ အခြေခံပညာကို ၁၂ တန်းအထိ သင်ကြားပေးပါတယ်။ အဲဒီနေရာမှာ ကျောင်းစတက်တဲ့ ၂ နှစ်မှာ ကလေးတွေကို စာမေးပွဲတွေ၊ ဘာတွေနဲ့ ကြီးကြီးကျယ်ကျယ်တွေ မသင်ပါဘူး။ စာလေးတွေ နည်းနည်းရေး၊ နည်းနည်းဖတ်လုပ်ပြီး လောကနီတိလို့ခေါ်တဲ့ ဘဝမှာ ဘယ်လို အသက်ရှင်ရမယ်၊ လူတွေနဲ့ ဘယ်လိုဆက်ဆံရမယ် ဆိုတာတွေကိုသာ သင်ကြားပေးပါတယ်။ စည်းကမ်းကို အဲအချိန်မှာ အသေအချာ ဦးနှောက်ထဲ ထည့်ပေးပါတယ်။ ဒီအကျိုးဟာ သူတို့တွေရဲ့ အနာဂတ်တွေ ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံက ကလေးတွေ စာအုပ်တွေ အရွယ်နဲ့ မလိုက်အောင် ထမ်းပိုးရင်း စာတွေ လှိမ့်ကျက်ရတဲ့ ကြက်တူရွေးသင် ပညာရေးစနစ်မှာ ဦးနှောက်တွေ ထိခိုက်နေကြပါတယ်။ အတွေးအခေါ်တွေ သေဆုံးနေကြရပါတယ်။ တခြားသူက အဆင့်ဘယ်လောက်၊ မင်းသားက ဘယ်လောက်ဆိုတာမှာ မလိုတမာ အမုန်းပွားတတ်တဲ့ နှလုံးသားတွေကို ငယ်ငယ်ကတည်းက ပိုင်ဆိုင်နေကြရပါတယ်။ ဒါတွေဟာ အရွယ်ရောက်လာတဲ့ အခါမှာ ကိုယ့်အတွက်သာ ကြည့်ဖို့၊ ကိုယ်သက်သာဖို့၊ သူများထက် အသားစီး ဘယ်လိုရဖို့ဆိုတဲ့ စိတ်ကို ရရှိစေဖို့ ရှေ့ပြေးလမ်းပြမှုတွေပါပဲ။ ဒီတော့ လူတွေ ဘာကြောင့် စည်းကမ်းမရှိတာလဲ၊ ကိုယ်လုပ်တဲ့ အရာတစ်ခုကို ဘာလို့ တာဝန်မယူတာလဲ ဆိုတာဟာ ကလေးဘဝမှာ အခြေပြုခဲ့ရတဲ့ ပညာရေးက စတယ်လို့ပဲ မြင်မိတယ်။ဒီလို အခြေအနေတွေကို ဆရာသမားတစ်ယောက်နဲ့ စကားလက်ဆုံကျတော့ သူက ပြောတယ်။ ကလေးတွေရဲ့ ပညာရေးက လူကြီးတွေ ရှက်တတ်ဖို့လည်း တွန်းအားဖြစ်စေတယ်တဲ့။ ဘယ်လိုမျိုးလဲဆိုရင် ဒီလို စည်းကမ်းဖောက်တာဟာ ရှက်စရာဖြစ်တဲ့အကြောင်း ကလေးတွေက နားလည်နေပြီး လူကြီးတွေကို ထောက်ပြတတ်နေရင် လူကြီးတွေလည်း ဆင်ခြင်လာနိုင်ကောင်းရဲ့တဲ့။ဒီတော့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကိုလည်း စဉ်းစားဖို့ လိုတယ်။ မီးစိမ်းကိုဖြတ်နေတဲ့ ကားကို တွေ့ရဲ့နဲ့ လမ်းဖြတ်ကူးဖို့ ကြိုးစားနေတဲ့ အကျင့်နဲ့ ကားပေါ်က ခရီးသည်ကို ဝန်ဆောင်မှုပေးဖို့ထက် ကိုယ့်အတွက် ပိုအဆင်ပြေဖို့ ကြိမ်းမောင်းတတ်တဲ့ လိုင်းကားဝန်ဆောင်မှု ပေးသူတွေရဲ့ အကျင့်ကိုလည်း ပြုပြင်ဖို့လိုတယ်။ စည်ပင်ဝန်ထမ်းတွေ တံမြက်စည်းလှည်းပြီးသား နေရာပေါ် အလွယ်တကူ အမှိုက်ပစ်ချရဲတဲ့ လူတွေရဲ့ စိတ်ကိုလည်း ဆန်းစစ်ဖို့ လိုပါတယ်။ စည်းကမ်းရှိမှုဟာ နိုင်ငံအတွက် ဂုဏ်ယူစရာ အကောင်းဆုံးတွေထဲက တစ်ခုဖြစ်ပြီး ဒါဟာ စည်းလွတ်ဘောက်လွတ် လုပ်ချင်တာ လုပ်နေတာကို ရှက်ဖို့ မေ့လျော့နေတဲ့ သူတွေအတွက် သတိပြုစာတစ်စောင် ဖြစ်သလို နိုင်ငံကို ဦးဆောင်မှုမှာ စည်းစနစ် မကျဘူး၊ ကျေနပ်စရာ တာဝန်ယူမှု မရှိဘူးလို့ ဝေဖန်ပြစ်တင် ခံနေရတဲ့ အစိုးရတစ်ရပ်အတွက်လည်း ရှက်ရမယ့်အပေါ်မှာ ရှိသင့်တဲ့ အရှက်တရားသာ ပီပီပြင်ပြင် ရှိလာမယ်ဆိုရင် နိုင်ငံပြောင်းလဲ တိုးတက်ဖို့အတွက် အကြီးမားဆုံး တွန်းအားတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်။
စည်းကမ်းပျက်ရင် ရှက်တတ်ပါရစေ ……
Most Read
Most Recent
2 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago