ခြစားမှုဖြင့် စွဲချက်တင်ခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်က ထိုင်းတွင် ဒီမိုကရေစီ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြား

ခြစားမှုဖြင့် စွဲချက်တင်ခံရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်က ထိုင်းတွင် ဒီမိုကရေစီ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြား
Published 24 January 2015

အာဏာသိမ်း စစ်တပ်က ခန့်အပ်ထားသူများ လွှမ်းမိုးထားသည့် ထိုင်းပါလီမန်က ဝန်ကြီးချုပ်ဟောင်း ယင်လက်ကို စွဲချက်တင်ခဲ့ပြီး ခြစားမှုဖြင့် တရားစွဲမည်ဟု အစိုးရ ရှေ့နေများက ကြေညာခဲ့ပြီးနောက် ယင်လက်က ထိုင်းနိုင်ငံ၌ ဒီမိုကရေစီ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၃ ရက်တွင် ထိုင်းနိုင်ငံတွင် ယနေ့၌ ဒီမိုကရေစီသည် တရားဥပဒေနှင့်အတူ သေဆုံးခဲ့ကြောင်း၊ သူ့ကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုသည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး သူက ရင်ဆိုင်နေပြီဖြစ်ကြောင်း စွပ်စွဲပြစ်တင်မှု ကြုံခဲ့ရပြီးနောက် ယင်လက်က ၎င်း၏ တရားဝင် Facebook တွင် ရေးသားခဲ့သည်။ထိုင်းအစိုးရ ရှေ့နေများက ယင်လက်ကို ခြစားမှုဖြင့် စွဲချက်တင်ရန် စီစဉ်နေကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်း ပါလီမန်က ယင်လက်ကို စွပ်စွဲပြစ်တင်ရန် မဲခွဲခဲ့ခြင်း ဖြစ်သည်။ စွပ်စွဲပြစ်တင်မှု မဲခွဲခြင်း အောင်မြင်ခဲ့၍ ထိုင်း၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ညီမဖြစ်သူ ယင်လက်သည် နိုင်ငံရေးလုပ်ကိုင်ခွင့် ငါးနှစ် အလိုအလျောက် ပိတ်ပင်ခံရမည်ဖြစ်ပြီး အကျင့်ပျက်ခြစားမှု စွဲချက်များတွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခံရနိုင်သည်။ပြီးခဲ့သောနှစ်တွင် အငြင်းပွားဖွယ်ရာ တရားရုံး ဆုံးဖြတ်ချက်ဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသော အသက် ၄၇ နှစ်ရှိ ယင်လက်ကို စွပ်စွဲပြစ်တင်သည့် မဲခွဲမှု အောင်မြင်စေရန် အမတ် ၂၂ဝ ရှိသော အမျိုးသားဥပဒေ ပြုလွှတ်တော်၌ အမတ်အားလုံး၏ ငါးပုံသုံးပုံ ထောက်ခံမှု လိုအပ်ပြီး ယခုမဲခွဲမှုတွင် ထောက်ခံမဲ ၁၉ဝ ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။ယင်းစွပ်စွဲ ပြစ်တင်မှုနှင့် ပြစ်မှုဆိုင်ရာ စွဲချက်များသည် ထိုင်း၏ ဘုရင်မိသားစုနှင့် စစ်တပ်ထောက်ခံသူများက ရှင်နာဝပ်ထရာ မိသားစု၏ နိုင်ငံရေးလွှမ်းမိုးမှု ပျက်ပြားစေရန်အတွက် နောက်ဆုံးကြိုးပမ်းမှု ဖြစ်သည်ဟု  ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ထိုင်းစစ်ဘက်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ငြိမ်သက်နေခဲ့သော ရှင်နာဝပ်ထရာမိသားစု ထောက်ခံသည့် ရှပ်နီများကို ယခု ဆုံးဖြတ်ချက် နှစ်ခုကြောင့် ဒေါသထွက်စေနိုင်သည်။ ယခုကဲ့သို့ စွပ်စွဲပြစ်တင်မှုသည် အကြီးမားဆုံး ရန်စမှုဖြစ်ပြီး ရှပ်နီများအား လမ်းပေါ်ထွက်လာစေရန် လှုံ့ဆော်ခြင်းဖြစ်ကြောင်း၊ သို့မှသာ အစိုးရက ၎င်းတို့၏ ရှုံးနိမ့်မှုများအား ရှပ်နီများကို အပြစ်ပုံချ၍ရမည်ဖြစ်ကြောင်း ရှပ်နီလှုပ်ရှားမှုခေါင်းဆောင် ဂျာတူပွန်ပရွန်ပန်က Peace TV အစီအစဉ်သို့ ပြောကြားခဲ့သည်။                      
Ref:AFP 

Most Read

Most Recent