၃၂ နှစ်သားကို ဦးညွှတ်ခြင်း

၃၂ နှစ်သားကို ဦးညွှတ်ခြင်း
Published 23 January 2015
စိုးခိုင်ညိန်း

လူတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်မှု အတွေးအခေါ် အမြော်အမြင် လုပ်ရည်ကိုင်ရည်၊ စိတ်သဘောထား ပရဟိတစိတ်ထား ရဲစွမ်းသတ္တိ၊ နိုင်ငံချစ်စိတ်စသည့် စိတ်သဘောထားတို့သည် အဲဒီလူတစ်ယောက်ရဲ့ အသက်အပိုင်းအခြား ကြီးရင့်သည်နှင့်အမျှ အထက်ပါ စိတ်သဘောထားများ ပြောင်းလဲတိုးတက် မြင့်မြတ်လာသည်ဟု ထင်မိသည်။ လူအမျိုးမျိုးတော့ ရှိနိုင်ပါသည်။ တချို့လူကတော့ အသက်အရွယ် ကြီးရင့်သည့်တိုင်အောင် အတွေးအခေါ် ပညာဉာဏ် တိုးတက်မလာဘဲ ပုံမှန်အသိစိတ်လောက်ပဲ ရှိနေတာ တွေ့နိုင်ပါသည်။ တချို့ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေးအခေါ် စိတ်သဘောထား မြင့်မြတ်တာ၊ ပညာဉာဏ်ကြီးမားတာ၊ ရဲစွမ်းသတ္တိရှိတာ၊ အများ အကျိုးသယ်ပိုးတာ၊ စီမံခန့်ခွဲမှုကောင်းတာ တွေ့နိုင်ပါသည်။ ဒါပေမဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးက ရှားမည်ဟု ထင်ပါသည်။ အဲဒီအထဲကမှ ဗိုလ်ချုပ်အောင်ဆန်းက ရှားပါးတဲ့အထဲက တစ်ယောက်ဖြစ်ပါသည်။
တကယ်လို့ ဗိုလ်ချုပ်အောင်ဆန်း အသက် ၄ဝ ကျော် သို့မဟုတ် ၅ဝ ကျော် လောက်မှ လုပ်ကြံခံခဲ့ရလျှင် အသက် ၃ဝ ကျော်မှ ပညာဉာဏ် အသိပညာတွေ တိုးပွားလာပြီး နိုင်ငံရေးကို စလုပ်ခဲ့လျှင် မိမိအနေနဲ့ အခုလောက်ထိ ဗိုလ်ချုပ်အပေါ်အထင်ကြီး လေးစားပြီး အောချရလောက်အောင် အလေးထား ချစ်မိမည် မထင်ပါ။ အသက်ကြီးလာမှ အသိပညာရင့်ကျက်ပြီး တိုင်းပြည်အတွက် အနစ်နာခံ လုပ်ဆောင်ခဲ့မယ်ဆိုလျှင် ဒါဟာ အံ့ဩစရာကိစ္စ မဟုတ်ပါ။ အခု ဗိုလ်ချုပ်လုပ်ကြံခံရတော့ အသက်က ၃၂ နှစ်တဲ့။ တကယ့်ကို ငယ်ငယ်ကလေး။ ဒါဆို သူတိုင်း ပြည်အတွက် အလုပ်လုပ်ခဲ့တဲ့ သူ့အသက်အရွယ် အပိုင်းအခြားက သူ့အသက် ၁၈ လောက်က စမလုပ်ခဲ့သေးဘူး ထားဦးတော့။ သူတကယ်လုပ်ခဲ့တဲ့ သူ့အသက်က ၂ဝ ကနေ ၃ဝ အတွင်းပေါ့။ ဒီအသက်အရွယ်ဟာ ပျော်ဖို့ပါးဖို့ ကောင်းတဲ့အချိန်၊ လူငယ်ဘဝရဲ့ အရသာကို ကောင်းကောင်းခံစားလို့ ကောင်းတဲ့အရွယ်၊ လောကအပေါ် တိုင်းပြည်အပေါ်၊ လူမျိုးအပေါ် ဘာတစ်ခုမှ ကြောင့်ကြစိုက်ဖို့ မလိုသေးတဲ့အရွယ်။ ကိုယ့်ဘဝ၊ ကိုယ့်မိသား စုလောက်ပဲ ချမ်းသာဖို့ စဉ်းစားသင့်တဲ့အရွယ်။ အခုတော့ အသက်အရွယ်နဲ့မမျှ။ နိုင်ငံအကျိုး၊ လူမျိုးအကျိုး ဘာသာသာသနာ အကျိုးအတွက် ရဲဝံ့စွာ လုပ်ဆောင်ခဲ့သည်။ ဒီအရွယ်လေးနဲ့ အတွေးအခေါ် အသိအမြင် ကြီးမားမှု၊ ပညာဉာဏ်ထက်မြက်မှု၊ ကိုယ်ကျိုးမဖက် ပရဟိတသက်သက် စိတ်ထားတွေနဲ့ သူ့လုပ်ဆောင်မှုတွေကို မိမိအထင်ကြီးလေးစားလို့ မဆုံးဖြစ်ရသည်။ အသက်အရွယ်နဲ့ မမျှအောင် သူ့လုပ်ငန်းက ကြီးမားခဲ့သည်။ တခြားနိုင်ငံက အကြီးအကဲ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုင်ငံတစ်နိုင်ငံကို ထိန်းကျောင်းဖို့ စီမံခန့်ခွဲဖို့အတွက် သူ့အသက်အရွယ်သည် ငယ်သေးသည်ဟု ထင်မိသည်။ အခုခေတ် ဗိုလ်ချုပ်အသက်အရွယ် လူငယ်အများစုကို ကြည့်လိုက်တော့ အပျော်အပါး လိုက်စားလို့ကောင်းတုန်း။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာသာသနာ အရေးတွေ စိတ်ဝင်စားရ ကောင်းမှန်းမသိသေး။ အတွေးအခေါ် အသိအမြင်တွေက လူငယ်တွေပီပီ မြင့်မြင့်မားမား မရှိလှသေး။ အများအကျိုး၊ နိုင်ငံအကျိုး၊ လူမျိုးအကျိုးဆိုတာတွေ စိတ်မဝင်စားသေး။ သင်တန်းတွေနဲ့ အချိန်ကုန်နေတုန်းပဲ ရှိသေးသည်။ လူငယ်အနည်းစုကတော့ ပရဟိတလုပ်ငန်းတွေမှာ လုပ်ဆောင်နေတာတွေတော့ ရှိပါသည်။ အခု မိမိအသက် ၃၅ ပြည့်ပြီးပြီ။ ဗိုလ်ချုပ်ထက် သုံးနှစ်တောင် ကြီးပြီးနေပြီ။ ဒါပေမဲ့ မိမိဘာမှမဖြစ်သေး။ အများအကျိုး ဘာမှမလုပ်ရသေး။ နိုင်ငံ့အကျိုးဆိုတာ ဝေးရော။ ဗိုလ်ချုပ်အလုပ်လုပ်ခဲ့တဲ့ အသက်အရွယ်ဖြစ်တဲ့ မိမိအသက် ၂ဝ ကျော် ၃ဝ ကျော်တုန်းက အချိန်ကို ပြန်စဉ်းစားကြည့်တော့ လောကအကျိုး၊ နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုး ဘာမျှမသိသေး။ ပညာသင်ကောင်းတုန်း အချိန်ပဲ ရှိသေးသည်။ အဲဒီအသက်အရွယ်တုန်းက ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်လိုပဲ ရှိသေးသည်။ တိုင်းရေးပြည်ရေး နိုင်ငံရေး ဘာဆိုဘာမျှမသိသေး။ စိတ်မဝင်စားသေး။ အတွေးအခေါ် အသိအမြင်က ကလေးသာသာပဲ ရှိသေးသည်။ ပူပင်ကြောင့်ကြမဲ့ ဟေးလားဝါးလားနဲ့ ပျော်ကောင်းတုန်း ရှိသေးသည်။ အနာဂတ်ရည်မှန်းချက်လည်းမရှိ။ အဲဒီအရွယ်တုန်းက မိမိလောက,က တကယ့်ကျဉ်းကျဉ်းလေး။ သူငယ်ချင်း အပေါင်းအသင်းများနှင့် ပျော်ပါးလို့။ အပူအပင်ကင်းလို့။ နိုင်ငံတိုးတက်ဖို့ အမျိုးဘာသာသာသနာ တိုးတက်ဖို့ဆိုတာတွေ စိတ်မဝင်စားသေး။ စိတ်ထဲမှာ ဘာဆိုဘာမျှ မရှိခဲ့။ သိလည်းမသိခဲ့။ တကယ်တမ်းဝန်ခံရလျှင် အဲဒီအရွယ်တုန်းက မိမိအနေနဲ့ ဗိုလ်ချုပ်ကို အခုလောက် နှစ်နှစ်ကာကာ လေးစားအထင်ကြီးမှု မဖြစ်မိသေးတာကို အခုပြန်စဉ်းစားမိမှ မိမိရဲ့ငယ်ရွယ်စဉ်က အသိဉာဏ်နည်းမှု၊ နိုင်ငံနှင့် လူမျိုးအပေါ် ချစ်ရကောင်းမှန်း မသိသေးတဲ့အတွက် ဗိုလ်ချုပ်ရဲ့ ကြိုးစားအားထုတ်မှု၊ လုံ့လဝီရိယနှင့် ပညာဉာဏ် ကြီးမားမှုတွေကို မိမိသတိမမူမိခဲ့ပါ။ အခုတော့ မိမိအသက်ကြီးလာတော့ နည်းနည်းသိလာပြီ။ လုပ်စရာတာဝန်တွေကို မြင်လာပြီ။ နိုင်ငံကို ချစ်တတ်လာပြီ၊ အမျိုးကိုချစ်တတ်လာပြီ။ အမှားအမှန် ခွဲခြားတတ်လာပြီ။ မဟုတ်လျှင် မခံချင်တဲ့စိတ်တွေနဲ့ အရာရာ ဆတ်ဆတ်ထိမခံ ဖြစ်လာပြီ။ အခုမှ ကိုယ်မသိသေးတာတွေ အများကြီးပါလားလို့ သိလာပြီ။ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာအတွက်၊ သာသနာအတွက် လုပ်စရာတွေမြင်လာပြီ။ ဒါတောင် စိတ်ထဲက သိမြင်လာတဲ့ အဆင့်မှာပဲ ရှိသေးသည်။ တကယ်လက်တွေ့ မလုပ်နိုင်သေး။ ပညာရေးက မပြီးဆုံးသေး၊ လုပ်ဖို့အဝေးကြီး ကျန်သေးသည်။
မိမိဘာမျှမသိခဲ့၊ ဘာမျှမလုပ်နိုင်ခဲ့တဲ့ အသက်အရွယ် အပိုင်းအခြားလောက်မှာ ဗိုလ်ချုပ်က လက်ဖျားခါလောက်အောင် နိုင်ငံအတွက် လုပ်ပြသွားသည်။ အသက်အရွယ် နုနုငယ်ငယ်လေးမှာ ဗိုလ်ချုပ်လုပ်သွားတာတွေကို မိမိအဲဒီအသက်အရွယ်တုန်းက စိတ်အခြေအနေ သဘောထားတွေနှင့် ချိန်ထိုးပြီး ဗိုလ်ချုပ်ကို အံ့ဩလက်မြှောက်လို့မဆုံး၊ ဪ အဲဒီအသက်လောက်တုန်းက ငါက ဘာမှမသိတဲ့ ကလေးပါလားလို့ မကြာခဏတွေးမိရင်း ဗိုလ်ချုပ်ကို အံ့ဩလေးစားကြည်ညိုလို့ မဆုံး၊ ဆုံးရှုံးမှုရဲ့တန်ဖိုးကို တိုင်းတာလို့မရခဲ့။
အခုနှစ်ပေါင်း မြောက်မြားစွာကြာသည့်တိုင်အောင် ဗိုလ်ချုပ်လိုလူမျိုး နောက်တစ်ယောက် မထွက်ပေါ်သေး။ တကယ်လို့ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်မပေါ်ပေါက် မမွေးဖွားခဲ့လျှင် မြန်မာနိုင်ငံဟာ အခုချိန်ထိ လွတ်လပ်ရေးရနိုင်ပါ့မလား၊ သေချာပေါက် မပြောနိုင်ပါ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် သက်သက် ဘုရားသခင်က ဗိုလ်ချုပ်ကို စေလွှတ်လိုက်သလားလို့တောင် ထင်မိသည်။ လွတ်လပ်ရေးရဖို့ သေချာသလောက် ဖြစ်နေတဲ့ အခြေအနေမှာ လူလောက,ကနေ မထွက်ခွာချင်ဘဲ စိတ်တထင့်ထင့်နဲ့ ထွက်ခွာသွားခဲ့ရသည်။ မြန်မာနိုင်ငံကြီးကို စိတ်ချလက်ချ မထားခဲ့နိုင်တဲ့ အတွက်ကြောင့် ကျန်တဲ့ တာဝန်တွေကို ဆက်လုပ်ဖို့ သမီးတစ်ယောက်ကို ထားသွားခဲ့လေသည်။ ဗိုလ်ချုပ်က နိုင်ငံကို လွတ်လပ်ရေးရအောင် လုပ်ပေးပြီး ကျန်တဲ့အပိုင်း နိုင်ငံကို တိုးတက်အောင် လုပ်ဆောင်ဖို့ တာဝန်ကို သူ့သမီးထံ ပေးထားခဲ့လေသည်။ ဗိုလ်ချုပ်ထားသွားခဲ့တဲ့ သမီးကလည်း ဗိုလ်ချုပ်စိတ်ချရလောက်အောင် တော်သည်၊ ထက်သည်၊ ရဲရင့်သည် တွန်းလှန်သည်။ ကမ္ဘာက ကိုငေးကြည့်ယူရသည်။ မိမိတို့ငယ်ငယ်ကတည်းက ဗိုလ်ချုပ်သမီး ဆိုတာလေး သိရုံလေးနဲ့ ဘုမသိဘမသိ ချစ်ခဲ့ကြရသည်။ အခု ဗိုလ်ချုပ်ပေးခဲ့တဲ့ တာဝန်ကို သူ့သမီးက အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မည်။ ဘယ်နေရာ ဘယ်ဒေသ ဘယ်ကိစ္စတွေမှာပဲဖြစ်ဖြစ် အတိုက်အခံ အဖျက်သမားကတော့ ရှိစမြဲပင်။ တကယ်တော့ ဒီအဖျက်သမားက ခေါင်းဆောင်ရဲ့အရည်အချင်းကို စမ်းသပ်စစ်ဆေးပေးတဲ့ သဘောပါပဲ။ ဒီအခက်အခဲကို သူကျော်လွှားနိုင်ရင် သူ့အောင်မြင်မှုပဲ။ တကယ့်ခေါင်းဆောင် အရည်အချင်းနဲ့ ပြည့်ဝတဲ့အတွက် ခေါင်းဆောင်ဖြစ်သွားပြီ။ တကယ်လို့ ဒီအဟန့်အတား အတိုက်အခံကို မကျော်လွှားနိုင်ခဲ့ရင် အရည်အချင်း မပြည့်ဝတဲ့အတွက် ခေါင်းဆောင်မဖြစ်နိုင်တော့ဘူး။ ဒါဟာ သူ့အရည်အချင်းကို စမ်းသပ်စစ်ဆေးတဲ့ သဘောပဲ။ သဘာဝတရားကိုက ကောင်းတာဟာ ရှားတတ်တဲ့ သဘောပေပဲ။ တန်ဖိုးကြီးတဲ့ ကျောက်မျက်ရတနာကရှားပြီး ဘာမျှတန်ဖိုးမရှိတဲ့ ကျောက်ခဲတွေပေါသလိုပေါ့။ ကောင်းတဲ့သူက အသက်မရှည်ဘဲ မကောင်းတဲ့သူတွေ သက်ဆိုးရှည်နေတာကလည်း လောကသဘာဝပဲလားမသိ။ အခုချိန်ထိတော့ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ နိုင်ငံက တိုးတက်တဲ့အဆင့်ထိ မရောက်သေး။ မိမိတို့လည်း ကမ္ဘာ့အလယ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ နေနေရတုန်း။