ယူရေနီယံ - တကယ်လား အိပ်မက်လား

ယူရေနီယံ - တကယ်လား အိပ်မက်လား
Published 23 January 2015
ဒေါက်တာခင်မောင်ညို

“ကိုဘသစ်ရေ၊ လုပ်ငန်းရှင်တစ်ယောက်က ယူရေနီယံသတ္တု တွေ့ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲတွေ လုပ်တာကို တွေ့ရတယ်။ ယူရေနီယံဆိုတာ ဘာလဲ။ ဒါကိုတွေ့တာ အတော်အရေးကြီးလား ဆိုတာကို ပြောပြပေးပါဦး”
“ယူရေနီယံကို သင်္ကေတ U (symbol U) နဲ့ ဖော်ပြထားတယ်။ ဓာတုဗေဒအနေနဲ့ ကြည့်ရင် ယူရေနီယံဟာ အင်မတန် ဓာတ်ပြုအားကောင်းပြီး အဏုမြူသတ္တိကြွ (radio-active) သတ္တုပင်ဖြစ်သော်လည်း သဘာဝမှာ တစ်ခါတစ်ရဖူးမှ သတ္တုအနေနဲ့ မတွေ့ရပါဘူး”
“ဒါတော့မဖြစ်နိုင်ဘူး ကိုဘသစ်။ အဲဒီလုပ်ငန်းရှင်ပြောတာကို ရေးထားတဲ့ သတင်းစာတစ်ခုက သတ္တုတုံးတွေလို့ ပြောတယ်”
“တစ်ခုခုလွဲနေတာပါ။ ယူရေနီယံပါတဲ့ ကျောက်တုံးကို ပြောတာဖြစ်မှာပါ။ ဥမနကို ပြောတာနေမှာပါ။ ဥမနကို မြန်မာပြန်တော့ သတ္တုရိုင်းလို့ ပြန်တာကိုး။ ယူရေနီယံဟာ ဓာတ်ပြုအား အင်မတန်ကောင်းတယ်။ သတ္တုဘဝမှာ အမှုန့်လေးတွေအဖြစ် လေသလပ်ထားရင် သူ့ဘာသာသူ မီးလောင်သွားတယ်”
“ဘာတွေဖြစ်လာလဲ”
“မီးလောင်ရင် အောက်ဆိုက်ဖြစ်သွားတယ်။ သဘာဝမှာ သတ္တုအောက်ဆိုက် ဖြစ်နေတာပေါ့”
“ဟုတ်ပါတယ်။ အောက်ဆိုက်၊ ဒါမှမဟုတ် ဆာလဖိုက်လည်း ဖြစ်နေနိုင်ပါတယ်”
“ဆိုရင် ပြည်သူတွေနားလည်ရအောင် ယူရေနီယံအကြောင်း ပြောပြပေးပါဦး”
“ပထမရှင်းရရင်ရဲ့ အက်တမ်အမှတ်စဉ် မှာ ၉၂ ဖြစ်တယ်။ ဆိုလိုတာက သူ့မှာ ပရိုတွန် ၉၂လုံးနဲ့ အီလက်ထရွန် ၉၂ လုံးပါဝင်တယ်။ ခင်ဗျားတို့သိတဲ့ ဟိုက်ဒရိုဂျင်မှာ ပရိုတွန်တစ်လုံး အီလက်ထရွန်တစ်လုံးပဲ ပါဝင်တယ်။ ဒါကြောင့် သူ့ကိုအက်တမ် အမှတ်စဉ် (၁)လို့ ပေးထားတယ်။ ဓာတုဗေဒပညာမှာတော့ ယူရေနီယံကို အင်တီနိုက်အုပ်စုထဲမှာ ထည့်ဝင်ထားပါတယ်။ အလှည့်မှန်ဇယား (Periodic Table) မှာ လေ့လာနိုင်တယ်”
“သူဟာ တကယ်ပဲ အင်မတန်တန်ဖိုး ရှိတာလားဆိုတာကို သိချင်ပါတယ်”
“ယူရေနီယံဟာ တစ်ပေါင်ကို ၁၄၉ ဒေါ်လာရှိတယ်”
“ဒါဆိုရင် အရမ်းတန်ဖိုးကြီးတာတော့ မဟုတ်ဘူး။ ရွှေက တစ်အောင်စကို ဒေါ်လာ ၁၂ဝဝ ဝန်းကျင်ဈေးရှိတာပဲ”
“ဟုတ်ပါတယ်။ ယူရေနီယံ တစ်ပေါင် ဆိုတာ ၁၆ အောင်စ ရှိတာပဲပေါ့။ တစ်အောင်စကို ၁ဝ ဒေါ်လာမပြည့်ဘူး”
“ဘယ်နေရာမှာ အဓိကသုံးတာလဲ ကိုဘသစ်”
“သူ့ကို အဏုမြူဓာတ်ပေါင်းဖိုတွေမှာ အဓိကလောင်စာ (mainfuel) အနေနဲ့ အသုံးပြုတယ်။ အဲဒီကနေတစ်ဆင့်ရတဲ့ ပလူတိုနီယံလိုကျတော့ အဏုမြူဗုံး လုပ်လို့ရတယ်”
“အဏုမြူဓာတ်ပေါင်းဖိုဆိုတာ လျှပ်စစ်ဓာတ်ထုတ်ပေးတဲ့ စက်ရုံ (Generator) တွေပဲ မဟုတ်လား”
“ဟုတ်ပါတယ်”
ကိုဘသစ်သည် အမေရိကန်ပြည်ထောင်စု ပင်ဆီဗေးနီးယား (Pennsylvania) တွင် ပထမဆုံး တည်ထောင်ခဲ့သည့် ဓာတ်ပေါင်းဖိုကို စာအုပ်ထဲမှ ကျွန်တော့်အားပြသည်။
“အဲဒီစက်ရုံက လျှပ်စစ်ဓာတ် (60,000 kw) ကိုထုတ်တယ်။ ဒီပမာဏ လျှပ်စစ်ဓာတ် ထုတ်ဖို့ တစ်လကို ကျောက်မီးသွေး ပေါင်သန်း(၄ဝ) လိုတယ်။ ဒါပေမဲ့ ယူရေနီယံ ၁၅ ပေါင်ပဲလိုတယ်”
“တယ်ဟုတ်ပါလား။ ကျွန်တော်တို့ဆီ အဆင်ပြေတာပေါ့”
“ဒီလိုလည်း မဟုတ်သေးဘူး။ ကျွန်တော်တို့ဆီမှာ ရှိတယ်ဆိုရင်လည်း သဘာဝယူရေနီယံမှာ uranium-238 နဲ့ uranium- 235 တို့ ရောပြီးပါနေတယ်။ အဏုမြူသတ္တုကြွတာက uranium-235 ပဲ။ သူက လောင်စာလုပ်ဖို့ အသုံးဝင်တယ်။ ဒါပေမဲ့ သူဟာသဘာဝယူရေနီယံမှာ အတော်နည်းနည်းပဲ ပါဝင်တယ်။ သူ့ကိုများလာအောင် လုပ်ရတာ အတော်ခက်တယ်”
“ဘယ်လိုလုပ်ရတာလဲ”
“သူတို့ဟာ ဓာတုဗေဒဂုဏ်သတ္တိတွေ အားလုံးတူတော့ သူတို့ကို ဓာတုဗေဒနည်းအရ ခွဲထုတ်လို့မရဘူး။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင် ရာနည်းဖြစ်တဲ့ ဗဟိုခွာအားနည်းနဲ့ သုံးချင်သုံး ဒါမှမဟုတ် Diffusion နည်းနဲ့ သုံးရတယ်။ အရင်ခေတ်ကတော့ Diffusion နည်းကို အသုံးများတယ်။ ဒါဟာ စိတ်ရှည်သည်းခံရတဲ့ နည်းပါပဲ။ Diffusion နည်းနဲ့လုပ်ရင် Diffusion Plant ဆိုတဲ့ စက်ရုံဟာ မိုင် ၂ဝ လောက် ရှည်လျားရတယ်”
“အတော်ရှည်ပါလား”
“ဟုတ်ပါတယ်။ ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်မှာ ပါကစ္စတန်မှာ အဏုမြူဗုံးလုပ်မယ် သတင်းကြားတော့ စီအိုင်အေစတဲ့ ထောက်လှမ်းရေးတွေက ဂြိုဟ်တုကနေကြည့်တော့ တောင်တန်းတွေအကြားမှာ Diffusion Plant ကိုတွေ့တယ်။ ဒီအကြောင်းကို အနောက်တိုင်း သတင်းစာတွေက ရေးတာဖတ်ဖူးတယ်။ နောက်ငါးနှစ်ဝန်းကျင်မှာ ပါကစ္စတန်က အဏုမြူဗုံးလုပ်နိုင်တော့မယ်လို့ ခန့်မှန်းကြတယ်”
“သူတို့ခန့်မှန်းတဲ့အတိုင်း ဖြစ်လာတာပဲ ပေါ့ဟုတ်လား”
“ဟုတ်ပါတယ်။ နောက်ပိုင်းမှာ ဗဟိုခွာအားနည်းကို Diffusion နည်းနဲ့ တွဲသုံးလာကြတယ်။ အီရန်မှာ Diffusion လုပ်ဖို့ လိုဏ်ဂူတွေထဲမှာ စက်ရုံဆောက်တော့ ဂြိုဟ်တုက မမြင်ရတော့ဘူးပေါ့”
“ကျွန်တော်တို့ နိုင်ငံမှာလည်း နေပြည်တော်ဝန်းကျင်မှာ လိုဏ်ဂူတွေတူးတာဟာ ဒီလို Diffusion နည်းနဲ့ လုပ်ဖို့ပဲလား”
“ဒါကို အချို့ အနောက်တိုင်း သတင်းစာတွေက ရေးတာကို ဖတ်ဖူးတယ်”
“မြန်မာပြည်ကတော့ မရေးဘူးလား”
“မရေးဘူး။ နိုင်ငံတော်လျှို့ဝှက်ချက်ကိုရေးရင် ထောင်ကျကုန်မှာပေါ့။ နောက်ပြီးတို့က သေသေချာချာလည်း မသိဘူး”
“ဒါဆို ဟိုသတင်းစာတွေက ဘယ်လိုသိတာလဲ”
“ခေတ်မီထောက်လှမ်းရေးနည်းတွေ စက်ကိရိယာတွေ အများကြီးရှိတယ်။ အီရန်မှာ အဏုမြူဗုံးလုပ်ဖို့ ကြိုးစားတာတို့၊ မြောက်ကိုရီးယားမှာ အဏုမြူဗုံးလုပ်ဖို့ ကြိုးစားတာတို့ကို သိနေကြတာပဲ”
“ဒါဆိုရင် ကျွန်တော်တို့ဆီ ယူရေနီယံ တွေ့ပြီဆိုတော့ ဒီလိုအဏုမြူဓာတ်ပေါင်းဖိုတွေ အဏုမြူဗုံးတွေလုပ်ဖို့ အခြေအနေ ပေးလာတယ်ပေါ့ ဟုတ်လား”
“ဆရာညိုပြောသလို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယူရေနီယံက အဓိကမဟုတ်ဘူး။ ကျွန်တော့်မှာ စာရင်းဇယားရှိတယ်။ အချက်သုံးချက်နဲ့ ခင်ဗျားကိုရှင်းပြမယ်။ ပထမက သဘာဝယူရေနီယံကိုရဖို့ အဆင့်ဆင့် ခွဲထုတ်ရတယ်။ ဒီလိုရလာပြီးရင် အသုံးပြုနိုင်တဲ့ Uranium-235 ဟာ တစ်ရာခိုင်နှုန်းထက် မပိုဘူး။ ဒါကို စောစောက ကျွန်တော်ပြောတဲ့ နည်းတစ်နည်းနဲ့ ပါဝင်ကိန်းများလာအောင် လုပ်ရတယ်”
“Uranium-235 ဟာ သဘာဝမှာ သူ့ဘာသာသူ များနေတာရော မဖြစ်နိုင်ဘူးလား”
“မတွေ့ဖူးသေးဘူးဆိုတော့ မဖြစ်နိုင်ဘူးလို့ဆိုရမယ်။ ဒုတိယအချက်ကို ပြောပြမယ်။ ၁၉၉ဝ ခုနှစ် စာရင်းဇယားအရ အမေရိကန်ပြည်ထောင်စု သန့်စင်ပြီး Uranium-235 ပါဝင်မှုများတဲ့ ယူရေနီယံ ၃၄၁၇ မက်ထရစ်တန်ကို ထုတ်လုပ်တယ်။ ကနေဒါက ၈၇၂၉ တန်ထုတ်လုပ်တယ်။ ကမ္ဘာမှာ စုစုပေါင်း ထုတ်လုပ်မှုဟာ တန်ပေါင်း ၂၉၁ဝဝ ရှိတယ်။ ဒါတွေက Concentrate လုပ်ပြီးသား။ အသင့် သုံးလို့ရတဲ့ ယူရေနီယံတွေပါ”
“အများကြီးပါပဲလား။ ကျွန်တော်တို့က သတ္တုရိုင်း သုံးလေးပိဿာကို အတော်များနေတယ်ထင်တာ”
“ဟုတ်ပါတယ်။ သူတို့ကို Concentrate လုပ်လိုက်ရင် ဘယ်လောက်မှ မရနိုင်ပါ ဘူး။ ဒါပေမဲ့ အခုအချိန်မှာ ပြောရတာ စောသေးတယ်။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်တဲ့ တတိယအချက် တစ်ခုရှိသေးတယ်”
“ဘာကိုလဲဗျ”
“လွန်ခဲ့တဲ့ နှစ်လေးဆယ်က ကျွန်တော် တို့နိုင်ငံကို အာဏာသိမ်း အစိုးရခေါင်းဆောင် ဦးနေဝင်း အုပ်ချုပ်တယ်။ သူက စစ်ခေါင်းဆောင်ဆိုတော့ ဘာမဆိုသိတယ်လို့ ထင်နေတယ်”
“ဒါကတော့ဗျာ၊ ချမ်းသာတဲ့ နိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံ လုပ်သွားတာပဲ”
“ထားပါတော့၊ အဲဒီအချိန်မှာ ပဲခူးသန်းအောင်က ဦးနေဝင်းကို ရေဆင်တစ်ကောင် ကိုပေးတယ်”
“သေနေတဲ့အကောင်မဟုတ်လား”
“ဟုတ်ပါတယ်။ သူက ဆင်တွေကြောက်တဲ့ အကောင်လို့ မြန်မာပုံပြင်ထဲတွေမှာ ပါတယ်။ သေးသေးလေးပါ။ ဒီလိုပေးတာ နိုင်ငံပိုင် သတင်းစာတွေထဲ ပါလာသေးတယ်။ ဦးနေဝင်းက အမြတ်တနိုးနဲ့ လက်ခံပြီး ဓာတ်မှန်ရိုက်ထည့် လိုက်တော့မှာ ကြွက်ကို တွယ်ချိတ်နဲ့ နှာမောင်းတွေတပ်ပြီး လုပ်ကြံထားတာ ဖြစ်နေတယ်”
“ဆိုးတယ်နော်။ အခု ယူရေနီယံနဲ့ ဘာဆိုင်လဲ”
“ကျွန်တော်က အလိမ်တွေများ ဖြစ်နေမလားလို့ပါ။ အရင်ကတည်းက သတ္တုတွင်း ဝန်ကြီးဌာနက ရှာပြီးသားပါ။ အနည်းအကျင်းပဲ ရှိတယ်ဆိုတဲ့ Report ရှိတယ်။ ကျွန်တော်ကိုယ်တိုင် လေ့လာခဲ့ဖူးပါတယ်။ ဒီတော့ ဒါတွေဟာ ရေဆင်လို အညာဖြစ်နေမလား ဆိုတာပါပဲ”
“ဒီတစ်ခါ ကိုဘသစ် မှားသွားပြီး သိပ္ပံနဲ့ နည်းပညာဓာတ်ခွဲခန်းက စစ်ဆေးပြီးသွားပြီ။ မှန်ကန်ပါသတဲ့”
“ဒါကိုပြောတာပါ။ ကျွန်တော်ဖြစ်နိုင်ချေကို ပြောသွားတာပါ။ ပထမအချက်က ၁၉၈၉ ခုနှစ်မှာ ရုရှားတွေ အာဖဂန်က ပြန် ထွက်တော့ သူတို့ရဲ့အဏုမြူဘက်ထရီတွေ ကျန်ခဲ့တယ်လို့ဆိုတယ်။ အဲဒီဘက်ထရီတွေ ထဲမှာ ယူရေနီယံတွေပါတယ်။ အဲဒီဘက်ထရီက Concentrate လုပ်ထားတဲ့ ယူရေနီယံတွေ မြန်မာပြည်ထဲကို ရောက်လာနိုင်တယ်”
“မြန်မာပြည်နဲ့ အာဖဂန်နစ္စတန်က အဝေးကြီးပဲ မဟုတ်လား”
“ဟိမဝန္တာတောင်ကို ကျော်လိုက်ရင်  မြန်မာပြည်ကို ရောက်လာတာပဲ။ အရင်ခေတ်က စွန်ပလွန်ယိုလို သစ်သီးရောင်းတဲ့ အာဖဂန်တွေကို ကာဘူလီဝါလားတွေဟာ မြန်မာပြည်ကို ရောက်လာလေ့ရှိတယ်”
“အင်း။ သူတို့က မကြောက်မရွံ့ ယူလာတယ်ဆိုတာလည်း ဖြစ်နိုင်တာပဲ”
“မှန်ပါတယ်။ အဲဒီ Concentrate လုပ်ထားတဲ့ ယူရေနီယံတွေဟာ ဂမ္မာဓာတ်ရောင်ခြည်တွေထွက်ပြီး အန္တရာယ်ကြီးတယ်။ နောက်တစ်ခုကတော့ ရုရှားကနေ တိုက်ရိုက်ခိုးထုတ်လာတဲ့ ယူရေနီယံ Concentrate တွေလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ နိုင်ငံဟာ ပိတ်ဆို့ထားလို့ ယူရေနီယံ Concentrate ကို ဝယ်လို့မရဘူး။ ဒီတော့ ခိုးဝင်လာတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီလုပ်ငန်းရှင်ဆိုတာလည်း ရုရှားနဲ့ နီးစပ်တာပဲ”
“ဒါကတော့ မစွမ်းရင်းကလည်းရှိက စွန်းခင်းကလည်းညှိ ဆိုတာမျိုးပေါ့။ အဏုမြူနဲ့ပတ်သက်ပြီး မြန်မာပြည်ကိုလာတဲ့ မြောက်ကိုရီးယား သင်္ဘောတစ်စင်း ပြဿနာလည်း ကြားဖူးသေးတယ် မဟုတ်လား”
“ ပြန်လှည့်သွားပါတယ်။ ကျွန်တော်ကတော့ သိပ္ပံကိုပြောတာပါ”
“ဘာကိုဆိုလိုတာလဲ”
“အပြင်မှာ ဘယ်လိုလိမ်ညာချင်လိမ်ညာ သိပ္ပံကိုတော့ လာညာလို့မရဘူး။ တော်ကြာ “ရေဆင်လို အရှက်တွေကွဲမှာစိုးလို့ပါ”
 
 

Most Read

Most Recent