မြန်မာ ယူ-၂၀ အသင်း အဇာဘိုင်ဂျန် ယူ-၂၁ အသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိ

မြန်မာ ယူ-၂၀ အသင်း အဇာဘိုင်ဂျန် ယူ-၂၁ အသင်းကို (၂-ဝ) ဂိုးဖြင့် အနိုင်ရရှိ
Published 22 January 2015

ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံတွင် ခြေစမ်းပွဲများ သွားရောက်ကစားနေသည့် မြန်မာ ယူ-၂ဝ အသင်းသည် ခြေစမ်းပွဲဒုတိယပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၁ ရက်၊ မြန်မာစံတော်ချိန် ည ၉ နာရီခွဲက အဇာဘိုင်ဂျန် ယူ-၂၁ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ (၂-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၂ဝ အသင်းသည် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ငြိမ်းချမ်းအောင်နှင့် သန်းပိုင်တို့ နှစ်ဦးကိုမူ ဒုတိယပိုင်းမှ အသုံးပြုခဲ့သည်။ မြန်မာ ယူ-၂ဝ အသင်းအတွက် အနိုင်ဂိုးများကို ၇၁ မိနစ်တွင် အသင်းခေါင်းဆောင် နန္ဒကျော်နှင့် ၇၇ မိနစ်တွင် တိုက်စစ်မှူး အောင်သူတို့က သွင်းယူပေးခဲ့သည်။ မြန်မာ ယူ-၂ဝ အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်ကတည်းက တူရကီနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်က တာဂျစ်ကစ္စတန်ကလပ် Taraz အသင်းနှင့် ခြေစမ်းခဲ့ရာ နှစ်ဂိုးစီသရေကျခဲ့သည်။ မြန်မာ ယူ- ၂ဝ အသင်းသည် လာမည့် ဇန်နဝါရီ ၃၁ ရက်အထိ တူရကီနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ထပ်မံယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ ယူ- ၂ဝ အသင်းသည် တူရကီခြေစမ်းခရီးစဉ် ပြီးဆုံးပါက မန္တလေးမြို့တွင် ဖိတ်ခေါ်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
 

Most Read

Most Recent