လွှတ်တော်တွင် အစိုးရက ကတိပေးထားသည့်ကိစ္စများသည် လွှတ်တော်သက်တမ်းကုန်ဆုံးချိန်တွင်ပြီးစီးရန်လိုအပ်၍ သမ္မတထံသဝဏ်လွှာပို့မည်

လွှတ်တော်တွင် အစိုးရက ကတိပေးထားသည့်ကိစ္စများသည် လွှတ်တော်သက်တမ်းကုန်ဆုံးချိန်တွင်ပြီးစီးရန်လိုအပ်၍ သမ္မတထံသဝဏ်လွှာပို့မည်
Published 21 January 2015

လွှတ်တော်တွင် အစိုးရက ကတိပေးထားသည့်ကိစ္စများသည် လွှတ်တော်သက်တမ်းကုန်ဆုံးချိန်တွင် ပြီးစီးရန်လိုအပ်သည့်အတွက် နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်နဝါရီ ၂၁ ရက်က နေပြည်တော်၌ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က "အစိုးရရဲ့အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များဟာ လွှတ်တော်သက်တမ်းကုန်တဲ့အခါမှာ အကောင်အထည်ဖော်ပြီးဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ရုံးအနေနဲ့ နိုင်ငံတော်သမ္မတဆီကိုလိပ်မူပြီးတော့ အခုတစ်ကြိမ်၊ နောက်သုံးလပြည့်တဲ့အချိန်မှာတစ်ကြိမ်၊ နောက်နှစ်လပြည့်တဲ့အချိန်မှာတစ်ကြိမ်၊ နောက်တစ်လတစ်ကြိမ်၊ နောက်ဆုံးပုံမှန်အစည်းအဝေးကာလဆိုရင်တော့ တစ်ခုကတိဖြစ်တစ်ခုပို့မှ လွှတ်တော်လည်းပြီး လုပ်ငန်းအကောင်အထည်ဖော်တာလည်းပြီးမှာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ပေးသွားပါမယ်" ဟု လွှတ်တော်ကိုယ်စားလှယ်များအားပြောကြားသည်။အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကော်မတီ၏အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဆွေးနွေးခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များသည် ပြည်သူများ၏ဆန္ဒများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့် အကောင်အထည်ဖော်သင့်ကြောင်း အကြံပြုထားသည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက "ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေမေးတဲ့မေးခွန်းတွေက ဒေသခံပြည်သူတွေရဲ့ဆန္ဒတွေပါ။ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူတွေရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ပေးဖို့လိုပါတယ်။ အစိုးရကဆောင်ရွက်ပေးမှသာ ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ယုံကြည်လာမှာဖြစ်သလို အစိုးရအပေါ်ကိုလည်း ယုံကြည်လာမှာဖြစ်ပါတယ်။ ပြည်သူတွေက လွှတ်တော်နဲ့အစိုးရအပေါ်မယုံကြည်ပါက လွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်လာနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မေးမြန်းချက်တွေကို လာရောက်ဖြေဆိုတဲ့ဝန်ကြီးဌာနက တာဝန်ရှိသူတွေက အလေးထားဆောင်ရွက်ပေးဖို့လိုပါတယ်" ဟု ဆွေးနွေးသည်။အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်မှာလာရောက်ဖြေဆိုမှုများတွင် ကတိကဝတ်ဖြစ်ခဲ့သည်များရှိကြောင်း၊ အဆိုပါကတိများကို မဆောင်ရွက်သေးသည်များရှိကြောင်း၊ ဆောင်ရွက်မှုမရှိသည်များ တော်တော်များများတွေ့ရကြောင်း၊ အစိုးရရဲ့သက်တမ်းက ငါးနှစ်သာဖြစ်ကြောင်း၊ ကတိပေးရာတွင် ဒီငါးနှစ်အတွင်းမှာ ပြီးပြတ်နိုင်တာတွေကိုပဲ ကတိပြုသင့်ကြောင်း၊ ကတိကဝတ်ပြုထားတာတွေကိုလည်း ပြီးမြောက်အောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများကဆောင်ရွက်မပေးဘူးဆိုရင် လွှတ်တော်ကိုမလေးမစားလုပ်တဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်ကြောင်း၊ ဝန်ကြီးဌာနများက လွှတ်တော်မှာဖြေခဲ့မှုများကို အလေးထားစေချင်ကြောင်း၊ တာဝန်ခံမှုများရှိစေချင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ကဆွေးနွေးပြောကြားသည်။အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ပထမအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများ၊ အဆိုများ၊ ပထမပုံမှန်မှ နဝမပုံမှန်အစည်းအဝေးအထိ လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိနေသည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများ၊ အဆိုများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား (၁၁) ကြိမ်မြောက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent