ရက် ၆၀ အလွန် တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ဆင်နွှဲရန် အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်း မန္တလေးမှ ရန်ကုန်သို့ စတင်ထွက်ခွာ

ရက် ၆၀ အလွန် တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ဆင်နွှဲရန် အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်း မန္တလေးမှ ရန်ကုန်သို့ စတင်ထွက်ခွာ
Published 20 January 2015
အောင်သူ

ရက် ၆၀ အလွန် တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ဆင်နွှဲနိုင်ရန် အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက မန္တလေးမြို့မှ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။ကျောင်းသားသပိတ် ဆင်နွှဲနိုင်ရန် ကျောင်းသားများ စုပေါင်း၍ မန္တလေးမြို့မှ ရန်ကုန်မြို့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော် သပိတ်မှောက်မှုကို အိမ်တော်ရာဘုရားမှ နံနက် ၉ နာရီကျော်တွင် စတင်ထွက်ရှိခဲ့ပြီး မဟာမုနိဘုရားသို့ ဝင်ရောက်၍ သစ္စာဓိဌာန် ဦးတိုက်ကာ ရန်ကုန်-မန္တလေးလမ်းအတိုင်း မန္တလေးမြို့မှ ထွက်ခွာသွားခဲ့သည်။“ဒီနေ့ ခရီးရှည် လမ်းလျှောက်ချီတက်တက်မှုက ၁၅ ရက်နဲ့ ရက် ၂၀ ကြား ကြာမယ်လို့တော့ အကြမ်းဖျင်း ခန့်မှန်းထားတယ်။ မြို့တွေမှာ ပညာရေးဥပဒေကို ဘာကြောင့် ဆန္ဒပြရတဲ့အကြောင်း နိုင်ငံရေးဟောပြောပွဲတွေ လုပ်မယ်။ ထားဝယ်က ကျောင်းသားတွေကလည်း စစ်ကြောင်းနဲ့ ရန်ကုန်ကို တက်လာကြမယ်။ ပခုက္ကူက ကျောင်းသားတွေကလည်း ကျွန်တော်တို့နဲ့ လာပေါင်းဖို့အတွက် မြေလတ်ဒေသကို ဖြတ်ပြီးတော့ မြေလတ်ဒေသမှာရှိတဲ့ ကျောင်းသားတွေကိုစုပြီး စစ်ကြောင်းတစ်ခု ထွက်လာမယ်။ ပခုက္ကူနဲ့ အရင်ပေါင်းမယ် ပြီးရင်တော့ ထားဝယ်ဘက်က တက်လာတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်မှာဆုံပြီး သပိတ်စခန်းဖွင့်မယ်” ဟု ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောကြားသည်။မန္တလေးမြို့မှ ရန်ကုန်သို့ ချီတက်ရာ၌ ပလိပ်၊ ထိုမှတစ်ဆင့် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ ပဲခူးအနောက်ခြမ်းမှ ပေါင်းတလည်၊ ရွှေတောင်၊ သုံးဆယ်၊ သာယာဝတီ၊ တိုက်ကြီးလမ်းကြောင်းအတိုင်း ချီတက်သွားမည်ဖြစ်ကာ မြို့ကြီးများတွင် ညအိပ်ရပ်နား၍ အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ နိုင်ငံရေးဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။“ရန်ကုန်မှာ သပိတ်စခန်းဖွင့်ပြီး အနယ်နယ်အရပ်ရပ်က ထွက်လာတဲ့ သပိတ်မှောက် စစ်ကြောင်းတွေက ကျောင်သားတွေစုံပြီဆိုရင် သပိတ်ကာလတစ်လျှောက် ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်တွေကို အစိုးရဘက်က တွေ့ဆုံဆွေးနွေးပေးမှု မရှိဘူးဆိုရင် သပိတ်စခန်းထဲမှာရှိတဲ့ ကျောင်းသားတွေစုဝေးပြီး အစည်းအဝေးတစ်ခု ထိုင်မယ်။ အဲဒီ အစည်းအဝေးကနေပြီးတော့ ဒီထက်ပိုပြီးတော့ အားကောင်းတဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေ ဘယ်လိုဆင်နွှဲမယ်ဆိုတာ ကျောင်းသားအားလုံးရဲ့ ဆန္ဒအတိုင်း ဆက်လုပ်သွားမှာပါ” ဟု ကျောင်းသားတစ်ဦးက ပြောကြားသည်။လမ်းလျှောက်ဆန္ဒထုတ်ဖော်ထုတ်ရာတွင် မြင်းခြံ၊ ကျောက်ဆည်၊ မုံရွာ၊ မိတ္ထီလာ၊ တောင်ငူ၊ ရန်ကုန်၊ တကသ၊ မြေလတ်ဗကသ ကျောင်းသားများနှင့် မန္တလေးခရိုင် ကျောင်းသားများ အပါအဝင် အခြားနယ်ပေါင်းစုံမှ ကျောင်းသားများ ပါဝင်ခဲ့ကြောင်း သိရသည်။“အခု ချီတက်တဲ့ သပိတ်စစ်ကြောင်းကို လမ်းမှာတားခဲ့မယ် ဆိုရင်လည်း မရရအောင်သွားမယ်လို့ စဉ်းစားထားတယ်။ အခု ကျွန်တော်တို့အားလုံး သဘောတူထားတာက တစ်ဗိုလ်ကျ၊ တစ်ဗိုလ်တက် စနစ်နဲ့ သွားမယ်။ နောက်ဆုံး တစ်ယောက်ကျန်တဲ့အထိ လျှောက်သွားမှာပါ” ဟု ကိုမင်းသွေးသစ်က ဆိုသည်။အမျိုးသားပညာရေး ဥပဒေအား မူကြမ်းအဆင့်မှ စတင်၍ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ရာ ၎င်းနောက် နိုဝင်ဘာ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ရက်များတွင် တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းကာ အမျိုးသားပညာရေး ဥပဒေကို ရန်ကုန်မြို့တွင် လေးရက်တိုင်တိုင် ကန့်ကွက်သပိတ်မှောက်ခဲ့ပြီး လက်ရှိအစိုးရအား ရက်ပေါင်း ၆၀ အတွင်း ဖြေရှင်းဆွေးနွေးပေးရန်အတွက် သပိတ်မှောက်ကျောင်းသားထုမှ ရာဇသံပေးခဲ့သော်လည်း ရက်ပေါင်း ၆၀ ပြည့်သည့်တိုင် ဖြေရှင်းဆွေးနွေးပေးမှု မရှိခဲ့၍ တစ်နိုင်ငံလုံးကျောင်းသားသပိတ် ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent