နိုင်ငံ့ဝန်ထမ်းများ၏လစာနှုန်းထားများတိုးမြှင့်ပေးရာတွင် အဓိကကျသည့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကိုမထိခိုက်စေရန် ချိန်ဆ၍ ဆောင်ရွက်ရမည်ဖြစ်ဟု သမ္မတမှတ်ချက်ပြု

နိုင်ငံ့ဝန်ထမ်းများ၏လစာနှုန်းထားများတိုးမြှင့်ပေးရာတွင် အဓိကကျသည့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကိုမထိခိုက်စေရန် ချိန်ဆ၍ ဆောင်ရွက်ရမည်ဖြစ်ဟု သမ္မတမှတ်ချက်ပြု
Published 19 January 2015
စိုးမင်းထိုက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့်စရိတ်ကို သင့်တင့်မျှတသည့်နှုန်းထားတိုးမြှင့်ပေးနိုင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့်စရိတ်ကို တစ်ကြိမ်တည်း မြင့်မားစွာတိုးမြှင့်ခြင်းထက် နိုင်ငံတော်၏စီးပွားရေးတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ သင့်တင့်မျှတစွာတိုးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ သဝဏ်လွှာပြန်လည်ပေးပို့ခဲ့သည်။အဆိုပါသဝဏ်လွှာတွင် နိုင်ငံ့ဝန်ထမ်းများ၏လစာနှုန်းထားများတိုးမြှင့်ပေးခြင်းသည် ကောင်းမွန်သောလုပ်ဆောင်ချက်ဖြစ်သော်လည်း အဓိကကျသည့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို မထိခိုက်စေရန်နှင့် မက်ခရိုစီးပွားရေးအခြေအနေကို တည်ငြိမ်အောင်ထိန်းထားနိုင်ရန် ချိန်ဆ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို သင့်တင့်မျှတစွာပြင်ဆင်သတ်မှတ်ရန်နှင့်ပတ်သက်၍ သမ္မတက သဘောထားမှတ်ချက်ပြုခဲ့သည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေစာရင်းရေးဆွဲလျာထားရာတွင် နိုင်ငံတော်၏ ရငွေ၊ သုံးငွေအခြေအနေ၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးကိစ္စနှင့် အခြားဆက်စပ်ဖြစ်ပေါ်လာမည့် ငွေကြေးအသုံးစရိတ်များအတွက် အသေးစိတ် စိစစ်တွက်ချက်ရကြောင်း ဖော်ပြထားသည်။ထိုသို့ စိစစ်တွက်ချက်မှုများအရ နိုင်ငံတော်၏ရငွေအပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှရရှိငွေသည် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းများကျဆင်းမှုနှင့်အတူ လျော့နည်းကျဆင်းခြင်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ယမန်နှစ်ကရရှိသကဲ့သို့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီများထံမှ လိုင်စင်ခများအတွက် တစ်လုံးတစ်ခဲတည်းရငွေများမရရှိခြင်းများကို တွေ့ရှိရကြောင်း၊ သုံးငွေအပိုင်းတွင်လည်း နိုင်ငံတော်၏မူဝါဒအရ ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းအသုံးစရိတ်များနှင့် ဝန်ထမ်းလစာနှုန်းထားတိုးမြှင့်မှုအပါအဝင် သာမန်အသုံးစရိတ်များကို ပိုမိုတိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း၊ ထို့အတွက် ချီးမြှင့်ငွေနှင့် စရိတ်များကို သင့်တင့်မျှတစွာ ပြင်ဆင်သတ်မှတ်ပေးရေးကိစ္စအပေါ် နှုန်းထားများကို တစ်ကြိမ်တည်းမြင့်မားစွာတိုးမြှင့်သတ်မှတ်ခြင်းထက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ သင့်တင့်မျှတစွာ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ပြုထားသည်။လွှတ်တော်ကိုယ်စားလှယ်များ၏ချီးမြှင့်ငွေနှင့် စရိတ်များပြင်ဆင်မှုကို နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှင့် စရိတ်များတိုးမြှင့်ပေးရန် စိစစ်တွက်ချက်မှုများ၊ ရငွေ၊ သုံးငွေနှင့် လိုငွေပေါ်ပေါက်မှုအခြေအနေများအပေါ် စိစစ်တွက်ချက်ပြီးမှ အတည်ပြုပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်တွင် ချီးမြှင့်ငွေနှင့် စရိတ်များတိုးမြှင့်မှုနှင့်ဆက်စပ်၍ နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အသုံးစရိတ်တိုးမြင့်လာမှုကြောင့် လိုငွေပေါ်ပေါက်မည့်အနေအထား၊ လိုငွေကို ပြည်တွင်းကြွေးမြီဖြင့် ဖြည့်ဆည်းရမည့်အနေအထား၊ ငွေကြေးဖောင်းပွမှုနှုန်းအပေါ် ထိခိုက်မှု၊ ပုဂ္ဂလိကကဏ္ဍအပေါ် အကျိုးသက်ရောက်မှု၊ အနည်းဆုံးအခကြေးငွေအပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရအသုံးနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများကို ထိခိုက်နိုင်ခြင်း ရှိ မရှိ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ဝန်ထမ်းမဟုတ်သော ပြည်သူသန်း ၅၀ ကျော်တို့ ခံစားရနိုင်ခြင်း ရှိ မရှိ စသည့်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်ဟုဖော်ပြထားသည်။သမ္မတ၏သဝဏ်လွှာအရ လက်ရှိတွင် ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမပါ) ၄၉၆ ဦးအတွက် တစ်နှစ်လျှင် ချီးမြှင့်ငွေ ကျပ် ၁၇၈၅ သန်း ခန့်သုံးစွဲလျက်ရှိကြောင်း၊ ဥပဒေကြမ်းပါအတိုင်းတိုးမြှင့်ပေးပါက လွှတ်တော်ကိုယ်စားလှယ် ၄၉၆ ဦးအတွက် ကျပ် ၅၉၅၂ သန်းခန့်နှင့် တပ်မတော်သားကိုယ်စားလှယ်များပါဝင်ပါက ၆၆၂ ဦးအတွက် ကျပ် ၇၉၄၄ သန်းခန့် သုံးစွဲရမည်ဖြစ်ဟုဖော်ပြထားသည်။တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမပါ) ၄၆၆ ဦးအတွက် တစ်နှစ်လျှင် ချီးမြှင့်ငွေကျပ် ၁၁၀၂ သန်းခန့်သုံးစွဲလျက်ရှိကြောင်း၊ ဥပဒေကြမ်းပါအတိုင်းတိုးမြှင့်ပေးပါက တပ်မတော်သားကိုယ်စားလှယ်များမပါ ၄၆၆ ဦးအတွက် ကျပ် ၂၇၆၂ သန်းခန့်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပါက ၆၈၇ ဦးအတွက် ကျပ် ၄၀၈၈ သန်းခန့်သုံးစွဲရမည်ဖြစ်သည်။           

Most Read

Most Recent