အတုအပပစ္စည်းပြုလုပ်ခြင်းအပါအဝင် အသိဉာဏ်ပစ္စည်းဆိုင်ရာ အကာအကွယ်ပေးရေးနှင့်သက်ဆိုင်သည့် ဥပဒေရှေ့နေချုပ်ရုံးသို့ပေးပို့ထားပြီး မကြာခင်ထွက်ပေါ်လာမည်

အတုအပပစ္စည်းပြုလုပ်ခြင်းအပါအဝင် အသိဉာဏ်ပစ္စည်းဆိုင်ရာ အကာအကွယ်ပေးရေးနှင့်သက်ဆိုင်သည့် ဥပဒေရှေ့နေချုပ်ရုံးသို့ပေးပို့ထားပြီး မကြာခင်ထွက်ပေါ်လာမည်
Published 19 January 2015
ဇော်ဝေ

အတုအပပစ္စည်းပြုလုပ်ခြင်း၊ ကုန်အမှတ်တံဆိပ်တလွဲသုံးမှုများအပါအဝင် အသိဉာဏ်ပစ္စည်းဆိုင်ရာ အကာအကွယ်ပေးရေးနှင့်သက်ဆိုင်သည့်ဥပဒေကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဆယ်စုနှစ်တစ်ခုအကြာရေးဆွဲပြီးနောက် ရှေ့နေချုပ်ရုံးသို့ပေးပို့ထားပြီး မကြာခင်ထွက်ပေါ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။    "အသိဉာဏ်ပစ္စည်းတွေဟာ နိုင်ငံတစ်နိုင်ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါးတဲ့ကိရိယာတစ်ခုအနေနဲ့တည်ရှိနေပါတယ်။ အတိုချုပ်ပြောရမယ်ဆိုရင် အသိဉာဏ်ပစ္စည်းဆိုတာ အစိုးရတစ်ခုတည်းနဲ့ သက်ဆိုင်တာမဟုတ်ဘဲ တီထွင်သူတွေ၊ ဖန်တီးသူတွေနဲ့ အသုံးပြုသူများနဲ့ရောပါသက်ဆိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် ဒီအသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေဟာ မူဝါဒချမှတ်သူတွေ၊ တီထွင်ဖန်တီးသူတွေကနေ ကဏ္ဍတိုင်းလုပ်ငန်းတိုင်းက လူတွေနဲ့ပတ်သက်နေပါတယ်။ ဒီဥပဒေပေါ်ပေါက်ဖို့ အသိဉာဏ်ဆိုင်ရာနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်ဖို့အတွက် အဓိကတာဝန်ယူထားရတဲ့ ဝန်ကြီးဌာနအနေနဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနဟာ ထိရောက်ပြီး အသုံးကျမယ့် အသိဉာဏ်ပစ္စည်းစနစ်တစ်ခုပေါ်ပေါက်လာဖို့အတွက် ကြိုးပမ်းအားထုတ်နေပြီး မကြာခင်ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။စက်မှုထုတ်ကုန်ဒီဇိုင်းနဲ့ပတ်သက်တဲ့ ဥပဒေ၊ မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ဥပဒေနဲ့ ကုန်အမှတ်တံဆိပ်နဲ့ပတ်သက်တဲ့ ဥပဒေတွေပေါ်ထွက်လာနိုင်ဖို့အတွက် အစိုးအဖွဲ့အစည်းအချင်းချင်းပေါင်းစပ်ညှိနှိုင်းမှုဖြင့် ကုန်သွယ်မှု သဘောတူညီချက်တွေနဲ့အညီလုပ်နေပါတယ်။ ဥပဒေအရပေါ်ပေါက်လာမယ့် အသိဉာဏ်ဆိုင်ရာရုံး (IPO) တစ်ခုလည်းတည်ထောင်ပြီး အသိဉာဏ်မူပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အာမခံပေးနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟု ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်ပြုလုပ်သည့် အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များ အသင်းမိတ်ဆက်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးကပြောကြားသည်။    အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ (IP law) ကို ၂၀၀၄ ခုနှစ်ကတည်းက ကမ္ဘာ့အသိဉာဏ်ဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် WIPO အကူအညီဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှဦးဆောင်ကာ ရှေ့နေချုပ်ရုံးနှင့် ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ကြောင်းလည်း သိရသည်။    "ဒီဥပဒေကို ကျွန်တော်တို့အကြမ်းရေးဆွဲတာ ၁၁ ကြိမ်ရှိသွားပါပြီ။ ချောရင်းချောရင်းနဲ့ ၁၁ ကြိမ်အထိရောက်ပြီးလည်း ချောပြီးရင်းချောပါတယ်။ အခုရှေ့နေချုပ်ရုံးကိုရောက်သွားပါပြီ။ ဘယ်တော့ထွက်မလဲဆိုတာကတော့ ရှေ့နေချုပ်ရုံးက လူနည်းပြီး တစ်ပြည်လုံးကဥပဒေတွေက တန်းစီနေရတော့ ကျွန်တော်တို့ကြန့်ကြာနေတာပါ။ အရင်အစိုးရလက်ထက်ကတည်းကဆွဲနေတာပါ။ကမ္ဘာ့အသိဉာဏ်ဆိုင်ရာအဖွဲ့အစည်း (WIPO) ကပညာရှင်များ၊ ဂျပန်နိုင်ငံမှ အသိဉာဏ်အဖွဲ့အစည်းဖြစ်သည့် JIPO ပညာရှင်များဖြင့် အပြန်အလှန်ဆွေးနွေးပြီးမှ ရေးဆွဲထားတာပါ" ဟု ဥပဒေရေးဆွဲရာတွင်ပါဝင်သူ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်ကပြောကြားသည်။                  

Most Read

Most Recent