မြန်မာ ယူ-၂ဝ အသင်းသည် လာမည့် ဧပြီလအတွင်း အင်္ဂလန်နှင့် ဂျာမနီနိုင်ငံများသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး ယင်းခရီးစဉ်အတွင်း ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်စသည့် အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂ဝ အသင်းသည် လာမည့် ဧပြီ ၁ ရက်မှ ၇ ရက်အထိ လန်ဒန်မြို့တွင်နေထိုင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ အင်္ဂလန်ခရီးစဉ်အတွင်း၌ ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းများအပါအဝင် လိဂ်ချန်ပီယံရှစ်အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်သည်။ ထို့ပြင် ဂျာမနီနိုင်ငံတွင် ဧပြီ ၈ ရက်မှ ၃ဝ ရက်အထိ ရက်ပေါင်း ၂ဝ ကျော်ကြာ လေ့ကျင့်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် နယ်သာလန်နိုင်ငံ၌လည်း လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။
ဂျာမနီခရီးစဉ်အတွင်း မြန်မာ ယူ-၂ဝ အသင်းသည် အနည်းဆုံး ခြေစမ်းပွဲ ငါးပွဲခန့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဘိုင်ယန် မြူးနစ်အသင်းအပါအဝင် ထိပ်သီးကလပ်အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာ ယူ-၂ဝ အသင်းသည် ပြီးခဲ့သည့် အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီကလည်း ဂျာမနီနိုင်ငံနှင့် ချက်နိုင်ငံတို့တွင် တစ်လနီးပါး သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲများစွာ ယှဉ်ပြိုင်ခဲ့ရာ ယင်းခြေစမ်းခရီးစဉ်အပြီးတွင် တိုးတက်မှုများစွာရှိခဲ့ကြောင်း အသိအမှတ်ပြုခံခဲ့ရသည်။
မြန်မာ ယူ-၂ဝ အသင်းသည် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်မှ စတင်လေ့ကျင့်ခဲ့ပြီး ဒီဇင်ဘာလအတွင်း၌ ပြည်တွင်းအသင်းများနှင့်သာ ခြေစမ်းခဲ့ပြီး ယခုလမှသာ ပြည်ပခြေစမ်းခရီးစဉ်အဖြစ် တူရကီနိုင်ငံတွင် သွားရောက်လေ့ကျင့်နေခြင်း ဖြစ်သည်။ မြန်မာ ယူ-၂ဝ အသင်းသည် မူလက အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် မာရာဟာလင်ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲပျက်ပြယ်ခဲ့သောကြောင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။ မြန်မာ ယူ-၂ဝ အသင်း ယှဉ်ပြိုင်မည့် ဖိတ်ခေါ်ပြိုင်ပွဲကို ဖေဖော်ဝါရီလအတွင်း မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၂၀ အသင်း ဥရောပခရီးစဉ်တွင် ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းမည်









