ပြင်သစ်က လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်နေချိန်တွင် ချာလီအီဘဒူးဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွား

ပြင်သစ်က လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်နေချိန်တွင် ချာလီအီဘဒူးဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွား
Published 18 January 2015
Ref:AFP

ပြင်သစ်က အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်နေချိန်၌ ဇန်နဝါရီ ၁၇ ရက်တွင် ချာလီအီဘဒူးမဂ္ဂဇင်း၏ မိုဟာမက်ကာတွန်းများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ နိုင်ဂျာတွင် လူငါးဦးသေဆုံးပြီး ခရစ်ယာန်ကျောင်းများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
 
မွတ်စလင်အများစုနေထိုင်သည့် ပြင်သစ် ကိုလိုနီနိုင်ငံဟောင်း နိုင်ဂျာတွင် မိုဟာမက်ကာတွန်းများအပေါ် ဒေါသထွက်သည့် မွတ်စလင်များက ဒုတိယမြောက်နေ့အဖြစ် အကြမ်းဖက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အခြားမွတ်စလင်နိုင်ငံ အများအပြားတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ နိုင်ဂျာနိုင်ငံမြို့တော်တွင် လူငယ် ၁ဝဝဝ ခန့်က သံတုတ်များနှင့် ပုဆိန်များကိုင်ဆောင်ကာ ရမ်းကားခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့် ပစ်ပေါက်သောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့များဖြင့် တုံ့ပြန်ခဲ့သည်။ 
 
နိုင်ဂျာတွင် ခရစ်ယာန်ကျောင်းရှစ်ခုထက်မနည်း မီးရှို့ခံခဲ့ရပြီး နီယာမေမြို့ရှိ ပြင်သစ်သံရုံးက ပြင်သစ်နိုင်ငံသားများအား နေအိမ်များအတွင်း၌သာနေကြရန် တောင်းဆိုထားသည်။ နိုင်ဂျာသမ္မတ မဟာမက်ဒူအစ်ဆုဖူက ရုပ်သံမှတစ်ဆင့် လူငါးဦးသေဆုံးကြောင်းနှင့် အားလုံးသည် အရပ်သားများဖြစ်ကြောင်း ပြောကြားခဲ့ပြီး တည်ငြိမ်အေးချမ်းစွာနေကြရန် တောင်းဆိုခဲ့သည်။
 
အဓိကရုဏ်း ပထမနေ့တွင် နိုင်ဂျာဒုတိယမြို့တော် ဇင်ဒါတွင် လေးဦးသေဆုံးပြီးနောက် မီးလောင်ကျွမ်းထားသော အလောင်းတစ်လောင်းကို ခရစ်ယာန်ကျောင်းတစ်ခုအတွင်း ထပ်မံတွေ့ရှိရသောကြောင့် သေဆုံးသူအရေအတွက်မှာ ငါးဦးဖြစ်လာခဲ့သည်။
 
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့်ဖာဗျူးက နိုင်ဂျာတွင် အကြမ်းဖက်မှုအသုံးပြုခြင်းအား ပြစ်တင်ရှုတ်ချခဲ့ပြီး ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းက ပြင်သစ်သည် လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းအတွက် စေ့စပ်ညှိနှိုင်းနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
 
ရုရှားနိုင်ငံ၏ မွတ်စလင်များနေထိုင်ရာ ကော့ကေးရှမြောက်ပိုင်းတွင် လူပေါင်း ၁၅,ဝဝဝ ခန့်သည်လည်း ချာလီအီဘဒူးကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ပါကစ္စတန်နိုင်ငံတွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဂါဇာရှိ ပြင်သစ်ယဉ်ကျေးမှုဌာနတွင်“ပြင်သစ်ဂျာနယ်လစ်တွေ ငရဲကို သွားရလိမ့်မယ်”ဟူသည့် ဂရပ်ဖစ်တီစာတန်းကို ရေးထိုးသွားခဲ့ကြသည်။
 
ပါရီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် ညီအစ်ကိုနှစ်ဦးအနက် တစ်ဦးဖြစ်သော ဆာအိကိုအာချီ၏ အလောင်းကို ၎င်းနှစ်နှစ်ကြာနေထိုင်ခဲ့ရာ ရိမ်းမြို့တွင် ဇန်နဝါရီ ၁၇ ရက်၌ လျှို့ဝှက်စွာမြှုပ်နှံခဲ့ပြီး ညီဖြစ်သူ ချာရစ်၏ အလောင်းကိုလည်း ပါရီမြို့ဆင်ခြေဖုံးတွင် မြှုပ်နှံခဲ့သည်။   

Most Read

Most Recent