ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့အကြို ဂုဏ်ပြုလမ်းလျှောက်ပွဲ ပြည်သူထောင်နှင့်ချီ ပါဝင်ဆင်နွှဲ

ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့အကြို ဂုဏ်ပြုလမ်းလျှောက်ပွဲ ပြည်သူထောင်နှင့်ချီ ပါဝင်ဆင်နွှဲ
Published 18 January 2015
ကြည်နိုင်

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုလမ်းလျှောက်ပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၅ နာရီခန့်က ပြုလုပ်ခဲ့ရာ ပြည်သူ ၁၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။အဆိုပါ ဂုဏ်ပြုလမ်းလျှောက်ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးပြုလုပ်ခြင်းဖြစ်ပြီး အဖွဲ့ချုပ်နာယက သူရဦးတင်ဦးက တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။မြို့နယ်ပေါင်းစုံမှ စုဝေးရောက်ရှိလာကြသူများသည် ဗိုလ်ချုပ်ပန်းခြံတွင် စုဝေးကြပြီးနောက် ဗိုလ်ချုပ်ကြေးရုပ်တုအား အလေးပြု၍ ကန်တော်ကြီးတစ်ပတ် လမ်းလျှောက်ကြသည်။“ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံနဲ့ တစ်မျိုးသားလုံးရဲ့ ခေါင်းဆောင်ပါ။ အရေးကြီးဆုံးက တပ်မတော်ရဲ့ ဖခင်ပဲ။ တပ်မတော်ကြီးကို အစပျိုးပြီး ဆင်းဆင်းရဲရဲ ဒုက္ခတွေကနေ တည်ထောင်လာတာ ဖြစ်တယ်” ဟု သူရဦးတင်ဦးက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ဆက်လက်၍ ယင်းက “ဗိုလ်ချုပ်အောင်ဆန်းဟာ ဘဘတို့ ဗိုလ်သင်တန်းကျောင်းတက်တော့ ရောက်လာပြီး မိန့်ခွန်းပြောတယ်။ မင်းတို့တိုက်ပွဲတွေမှာ သေနိုင်တယ်။ မသေရင်တောင် ကျိုးနိုင်၊ ပဲ့နိုင်တယ်လို့ ပြောတယ်။ ဆေးဝါးဆိုတာလည်း မင်းတို့ကို ငါပေးနိုင်မှာ မဟုတ်ဘူး။ မင်းတို့ကို ကူညီစောင့်ရှောက် ပြုစုမယ့်သူကလည်း မင်းတို့အချင်းချင်းပဲ ဖြစ်တယ်။ တစ်နည်းအားဖြင့် မင်းတို့ကို ချစ်မြတ်နိုးနေတဲ့၊ မင်းတို့ကလည်း မိဘသဖွယ်ဖြစ်တဲ့ ပြည်သူတွေကပဲ မင်းတို့ကို ကုသစောင့်ရှောက်ပေးလိမ့်မယ်လို့ ပြောတယ်။ ပြီးတော့ ဒီလို ကြမ်းတာမို့ မလုပ်ချင်တော့ဘူးဆိုလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီလိုပြောပေမယ့် ဘဘတို့ ကျောင်းသားတွေဟာ နိုင်ငံလွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန်ကို တိုက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတိုက်ရမှာမို့ သိပ်ပျော်တာပဲ။ ပျော်ပုံပျော်နည်းချင်း အခု အနေအထားနဲ့ မတူပါဘူး။ ဆင်းရဲဒုက္ခ ကြားထဲကကို ပျော်တာပါ။ အခုခေတ် အခုခါကတော့ များများအိတ်ထဲရောက်မှ ပျော်တယ်လို့ အောက်မေ့တယ်” ဟု မိန့်ခွန်းပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုလမ်းလျှောက်ပွဲ မြင်ကွင်း
ယင်းနောက် ဦးဝိစာရအဝိုင်းမှတစ်ဆင့် ကမ္ဘာအေးဘုရားလမ်းအတိုင်း ဆက်လက်လမ်းလျှောက်ကြရာ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်)ရုံး ရှေ့အထိ လမ်းလျှောက်ခဲ့ကြသည်။“ဗိုလ်ချုပ်ရဲ့ နှစ် ၁၀၀ ပြည့်ပွဲမှာ အခုလို ပါဝင်ခွင့်ရတဲ့အတွက် ပီတိဖြစ်မိပါတယ်။ ဒီလို အခမ်းအနားမျိုး ဆိုတာကလည်း ကြုံခဲတာမို့ ဂုဏ်ယူတယ်။ နံနက် ၅ နာရီကတည်းက လမ်းတစ်လျှောက် မနားဘဲ လျှောက်ခဲ့ရလို့ မောပေမယ့် ပီတိဖြစ်တဲ့စိတ်ကြောင့် မမောပါဘူး” ဟု မရမ်းကုန်းမြို့နယ်နေ ဒေါ်စန်းစန်းနွဲ့က ပြောကြားသည်။ပါဝင်လမ်းလျှောက်သူများကို စေတနာရှင်များက ရေသန့်ဘူး၊ သစ်သီးများနှင့် ကောက်ညှင်းပေါင်းတို့ ကျွေးမွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent