သမီးတွေက သူခိုး၊ သားတွေက ဓားပြ

သမီးတွေက သူခိုး၊ သားတွေက ဓားပြ
Published 18 January 2015
မောင်စံပေါ

(၁)
 
ပုထုဇနော ဥမ္မတ္တကောတဲ့။ ကျွတ်တမ်း မဝင်ခင်သေးသမျှ အရူးတွေချည်းပေါ့ဗျာ။ နည်းနည်းရူးတာနဲ့ များများရူးတာ၊ ယဉ်ယဉ်ကလေးရူးတာနဲ့ ရိုင်းရိုင်းကြီးရူးတာ၊ လူမသိ သူမသိရူးတာနဲ့ လူသိသူသိရူးတာ၊ တိတ်တိတ်ကလေးရူးတာနဲ့ ပေါ်ပေါ်ထင်ထင်ရူးတာ၊ မကြေညာပဲရူးတာနဲ့ ကျေညာပြီးရူးတာစသဖြင့် ကွာတာတော့ရှိမှာပါ။ ရူးတာတော့ ရူးကြတာချည်းပါပဲ။
 
(၂)
 
နည်းနည်းရူးတဲ့လူက များများရူးတဲ့လူကို အရူးလို့ခေါ်ကြတယ်။ ဥစ္စာရူးတဲ့၊ အာဏာရူးတဲ့၊ ရူးရာကိုစွဲပြီး နာမည်တပ်ကြတယ်။ ခေါ်ချင်ရာခေါ်ပါစေ။ ရူးစရာလက်ထဲမှာရှိသူက ရှိတာကြည့်ပြီး ပီတိဖြစ်တယ်။ မရှိသူက ရှိအောင်ကြိုးစားတယ်။ အရူးအမူအရင့်အလျောက် အရူးအနိမ့်အမြင့် ဒီဂရီကွာတယ်။
 
(၃)
 
သူများရူးတဲ့အကြောင်းပြောရင်းနဲ့ ကိုယ်ရူးတာကို ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်မိတယ်။ ကိုယ့် ကိုယ်ကိုယ် ဝေဖန်ခြင်း၊ သုံးသပ်ခြင်းပေါ့ဗျာ။ ဒါကလည်း လိုတယ်လေ။ မှန်မှန်ကန်ကန်ဖြစ်ဖို့လုပ်ဖို့ကလည်း အရေးကြီးတာကိုး။ ဒီတော့တွေ့ပါရော၊ စာရူး၊ ပေရူး။ မဖြစ်သေးပါဘူး။ ကိုယ့်အတွက်ကိုယ်ဆိုတော့ စကားလုံးပြောင်းသုံးတာ ကောင်းပါတယ်။ စကားလုံးအသစ်တွေ၊ စကားလုံးအဆန်းတွေ၊ စကားလုံးအလှတွေကလည်း အဟုတ်စစ် မစစ်၊ အလုပ်ဖြစ်မဖြစ်သာ မသေချာတာ၊ ခေတ်ကစားနေသမို့ဟာ။ ဒီတော့ ထွက်လာတယ်။“ဝါသနာ”။
 
(၄)
 
ဝါသနာအလျောက် ရှာဖွေဝယ်ယူစုဆောင်းထားတဲ့ စာအုပ်တွေ တော်တော်များများရှိပါတယ်။ အားချိန်မှာဖုန်ခါရင်း စာအုပ်တွေ ဟိုလှန်ဒီလှောလုပ်ရတာ တယ်ဇိမ်ကျတာကလား။ ဘယ်စာအုပ်ထဲက ကိန်းဂဏန်းတွေကြည့်ပြီး ပီတိဖြစ်တာမျိုး၊ ကားတွေကိုရေတွက်ပြီး သဘောတွေ့တာမျိုး၊ မြေဂရန်တွေစာချုပ်တွေပုံပြီး မနောခွေ့တာမျိုး၊ စိန်တွေတစ်လုံးစီကြည့်ပြီး ပျော်မွေ့နေတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။
 
စာအုပ်တွေမွှေရင်းနဲ့ စာအုပ်တစ်အုပ် ထွက်လာတယ်။“မဝင်းမြင့်”ရဲ့“ရေပြာအိုင်မှ ဇာတ်လမ်းများ”။
 
(၅)
 
ရေပြာအိုင်ဇာတ်လမ်းတွေ ဖတ်ရင်းနဲ့ အမေ့ရွာကို သတိရမိတယ်။ ဟုတ်ပါ့ဗျာ။ အမေ့ရွာမှာလည်း ဇာတ်လမ်းတွေရှိပါသော်ကော။
 
ရွာအကြောင်းစဉ်းစားလိုက်တော့ ရွာထဲကခြံဝင်းအကျယ်ကြီးနဲ့ အိမ်ကြီးရခိုင်ကို မြင်ယောင်လာတယ်။ အိမ်ကြီးရှင်ကို သတိရမိတယ်။ နာမည်အတိအကျတော့ မမေးကြပါ နဲ့။ ဘကြီးမောင်လို့ မှတ်ထားကြပါစို့ရဲ့။
 
(၆)
 
ဘကြီးမောင်က သူ့အချိန် အင်္ဂလိပ်ခေတ်က ဘုရားဒါယကာ၊ ကျောင်းဒါယကာ သူဌေးကြီး။ ရွာနီးချုပ်စပ်သာမက ခရိုင်ဝန်းကျင်အနှံ့ပါ သူ့ကြွယ်ဝမှုသတင်းက ပျံ့နှံ့တာ။ မိမွေ၊ ဘမွေ၊ ဘိုးမွေ၊ ဘွားမွေတွေကလည်း အများကြီးရှိတာ။
 
ဘကြီးမောင်ရဲ့ များပြားလှတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ ရေတွက်မတတ်လောက်တဲ့ ဇနီးမယားတွေလည်း ပါတယ်။ အိမ်ကြီးပေါ်မှာတင် အတူနေတာက သုံးယောက်။
 
(၇)
 
အံ့များဩသွားမလား။ ပထမတော့ ကြီးတော်တစ်ယောက်တည်း။ ဘကြီးမောင် ရဲ့ခြေလှမ်းတွေကိုသိတဲ့ ကြီးတော်က အပြင်ထွက်မယ့်အတူတူ ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်ဆိုပြီး တူမလေးတစ်ယောက်နဲ့ နေရာချပေးလိုက်တယ်။ ပထမတော့ နေရာ ကျသလိုလိုဖြစ်နေရာကနေ အဲဒီကလေးမလေး မပေါ့မပါးဖြစ်ချိန်မှာ ဘကြီးမောင်လည်း ဟိုသွား၊ ဒီသွားပြန်လုပ်ပါရော။ ဒါနဲ့ ကြီးတော်ကြီးကလည်း“ကမ်းအွန်၊ တိတ်အနားသားဝမ်း”ဆိုပြီး နောက်တစ်ယောက်ထပ် စီစဉ်တယ်။ ဒီတစ်ခါလည်း အရင်တစ်ခါလို ဇာတ်လမ်းတွေဖြစ်ပြန်ရော။ နောက်ဆုံးတော့ ကြီးတော်ကြီးလည်း လက်လျှော့လိုက်တယ်။ ဒါက သရီးမဟေသီဇာတ်လမ်းအကျဉ်း။
 
(၈)
 
တခြားဆွေမဒီတွေ၊ ဒေဝီတွေကလည်း မနည်းတော့။ ဘကြီးမောင်မှာ သားသမီးတွေကလည်း ပေါမှပေါ။ သားသမီးတွေ ဘယ်လောက်များသလဲဆိုရင် ကိုယ့်ဘာသာတောင် နာမည်ရွတ်ပြီး စာရင်းတွက်ရတယ်။ ဟိုတစ်ယောက်ကျန်၊ ဒီတစ်ယောက်ကျန် နာမည်ပြော၊ စာရင်းကောက်ရင် ဘကြီးမောင် ရှက်ရယ်ရယ်တယ်။ မေ့တာလည်းရှိမှာပေါ့ကွာတဲ့။
 
(၉)
 
အဲဒီ သားသမီးတွေရဲ့ အမေတွေကလည်း အပြိုင်အဆိုင် ရသမျှချိုင်ကြတယ်။ သူတို့ကလည်း ပြောပါတယ်။ ဒီလင်ဆီကမှ မရရင်၊ မယူရင် ဒီကလေးတွေ ဘာနဲ့ကျွေးမလဲတဲ့။
 
သားသမီးတွေကတော့ ဖအေဖြစ်တဲ့ ဘကြီးမောင်ရဲ့ ပိုက်ဆံအိတ်ကို ရှေ့တစ်မျိုး၊ ကွယ်ရာတစ်ဖုံ ဖွင့်တယ်။ နှိုက်တယ်။ ယူတယ်။
 
သားတွေကကျတော့ အတင်းအကျပ် တောင်းဆိုတယ်။ ကုန်ကူးချင်လို့ အရင်းထုတ်ပေးတို့၊ လယ်ခွဲပေးတို့၊ မိန်းမယူဖို့ ပိုက်ဆံထုတ်ပေးတို့၊ မြင်းလှည်းထောင်ပေးတို့ ဘာညာ စသဖြင့်ပေါ့ဗျာ။ အတင်းတောင်းတယ်။ အဓမ္မအကျပ်ကိုင်တယ်။
 
(၁ဝ)
 
ဘကြီးမောင်ရော မသိဘူးလားဆိုတော့ သိသပေါ့။ သူဆင်ခဲ့တဲ့ဖဲက ဝေလိုက်တော့မှ သူကိုယ်တိုင် ဘူကျတဲ့အဖြစ်ရောက်ခဲ့တာ။ မိမွေဖမွေ၊ ဘိုးမွေ၊ ဘွားမွေတွေလည်းကုန်၊ အိမ်ကြီးရခိုင်လည်း အခွံပဲကျန်တော့တဲ့အဖြစ်။
 
စိတ်ညစ်ညစ်နဲ့ ဘကြီးမောင် တစ်ကိုယ်တည်း တီးတိုးရေရွတ်တာကြားခဲ့ဖူးတယ်။ သမီးတွေက သူခိုး၊ သားတွေက ဓားပြတဲ့။
 
(၁၁)
 
နှစ်တွေကြာခဲ့ပြီ။ ဘကြီးမောင်လည်း မရှိတော့ဘူး။ အိမ်ကြီးရခိုင်လည်း ယိုင်ယိုင်ယဲ့ယဲ့ပဲ ကျန်တော့တယ်။ ခြံဝင်းကျယ်ကြီးလည်း ခြံငယ်၊ ခြံပေါက်စတွေဖြစ်ပြီး ကိုယ်မသိတဲ့လူတွေ နေထိုင်နေကြပြီ။ ဘကြီးမောင်ရဲ့ သွေးသားတွေလည်း ဟိုရောက်ဒီရောက်နဲ့ ရွာမှာတောင်မှ ပြစရာသိပ်မကျန်တော့ဘူး။
 
စတီရီယိုခေတ်ဦးတုန်းက သီချင်းတစ်ပုဒ်နာမည် သတိရမိတယ်။“မိန်းကလေးက သိုး၊ သူတို့က ကျား၊ ကိုယ်က ဘာလဲ”တဲ့။
 
ဘကြီးမောင်များအနားရှိရင် ကျီစယ်ပြီးမေးချင်လိုက်တာ။ သူလိုက်ရိုက်ရင် ထွက်ပြေးဖို့လမ်းတော့ ကြိုရှာကြည့်ထားရမှာပေါ့။
 
“သမီးတွေက သူခိုး၊ သားတွေက ဓားပြ၊ ဖအေက ဘာလဲ”လို့။

Most Read

Most Recent